စီးပွားရေး မြို့တော်ဖြစ်သည့်ရန်ကုန်မြို့တွင် အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် မြို့တော်သစ်များ ထပ်မံတည်ဆောက်ခြင်းဖြင့် ဈေးကွက်အား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပေးနိုင် မည်ဖြစ်သော်လည်း ယင်းမြို့သစ်များတွင် နေထိုင်မှု အဆင်ပြေနိုင်သည့် အခြေခံအဆောက်အဦများကိုပါ ပြီးပြည့်စုံစွာ တည်ဆောက်ပေးထားနိုင်ရန် အရေးကြီးသည်ဟုစီးပွားရေးပညာရှင်များနှင့် အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရသည်။
”အိမ်ခြံမြေဈေးတွေ မြင့်နေတာကို အားလုံးကလည်း ဝိုင်းပြီးပြောနေကြတယ်။ အိမ်ရာဈေးတွေ ကျစေ ချင်တယ်ဆိုရင် မြို့သစ်တွေ အသစ်ထပ်ပြီး တည်ထောင်ရမယ်။ မြို့သစ်တည်ထောင်တယ် ဆိုပြီးတော့လည်း တချို့မြို့သစ်တွေဆိုရင် ကားသွားဖို့လမ်းက မရှိ၊ ရေမီးစနစ်ကလည်း မရှိဆိုတော့ နေဖို့အဆင်မပြေကြဘူး။ ဒါတွေသာ ကောင်းရင် ပြည်သူတွေက မြို့တွင်းခြောက်မြို့နယ်ထဲမှာလာပြုံနေမှာ မဟုတ်ဘူး။ သွားရေးလာရေး ကောင်းမယ်ဆိုရင် လူတွေက ဈေးနှုန်းသက်သာတဲ့ နေရာမှာပဲနေကြမှာဖြစ်တယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှအထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသည့်အပြင်ငှားရမ်းခနှုန်းထားများပါ မြင့်တက် နေသည့်အတွက် အများပြည်သူကြား၌ ဝေဖန်မှုများ ဖြစ်ပေါ်နေသည့်အပြင် ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များသာမက ဝင်ငွေနည်းမိသားစုများပါ အတိဒုက္ခရောက်လျက်ရှိသဖြင့် အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် မြို့သစ်များ အသစ်ထပ်မံတည်ဆောက်ပြီးဖြေရှင်းနိုင်ရန် အစိုးရပိုင်းက ကြိုးစား လုပ်ဆောင်နေသော်လည်း ယင်းမြို့တော်သစ်များတွင် နေထိုင်မှုအဆင်ပြေနိုင်သည့် အခြေခံ အဆောက် အဦများ ပြည့်ပြည့်စုံစုံ ထည့်သွင်းတည်ဆောက်နိုင်ခြင်း မရှိပါကအောင်မြင်နိုင်ဖွယ်မရှိကြောင်း စီးပွား ရေးပညာရှင်များက ပြောသည်။
”ဂျပန်မှာဆို ငှားခဈေးသက်သာတဲ့ မြို့စွန်တွေမှာ လူတွေအနေများတယ်။ဒါပေမယ့်သွားရေးလာရေးက လွယ်တော့ သိပ်ပြဿနာမရှိပါဘူး။ အမှန်တကယ် အလုပ်လုပ်ဖို့ပဲလိုတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာမြင့်ဆန်းက ပြောသည်။
မြင့်တက်လျက်ရှိနေသည့် အိမ်ခြံမြေဈေးကွက် အလားအလာများကြောင့် စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်ဈေးကစားလာခြင်း၊ အခြားပို့ကုန် သွင်းကုန်လုပ်ငန်းများထက်အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများက ယခုအချိန်တွင်အမြတ်အစွန်း ပိုမိုများပြားနေခြင်း၊ ငွေမည်းအချို့ကို ငွေဖြူအဖြစ်ပြောင်းလဲနိုင် သည့် လုပ်ငန်းတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းရှင်များစွပ်စွဲလာသည့် အခြေအနေသို့ရောက်ရှိနေခြင်း၊ စီမံကိန်းလုပ်ငန်းများကို အကြောင်းပြကာ အချိန်တိုအတွင်း ဝင်ရောက်ဈေးကစားကာအမြတ် ရရှိသည်နှင့် အလျင်အမြန်ပြန်လည်ထွက်ခွာသွားသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းတို့ကြောင့် အစိုးရက မြို့တော်သစ်များ ထပ်မံတည်ဆောက်နိုင်ရေးအတွက် စီမံကိန်းများကို လျှို့ဝှက်စွာ ရေးဆွဲလုပ်ကိုင်ခဲ့ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်မြို့၏ တိုးပွားလာသည့်လူဦးရေ အနေအထားများကြောင့်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာ သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့တစ်ဖက်ကမ်း တွံတေးမြို့နယ်တွင် အခြေခံ အဆောက်အဦများ ပြီးပြည့်စုံစွာပါဝင်သည့် ရန်ကုန်မြို့တော်သစ် စီမံကိန်းကို တည်ဆောက်ရန် လျာထား လျက်ရှိကြောင်း သိရသည်။
Credit : The Trade Times