မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အရောင်းအငှား ဈေးနှုန်းထားတွေနဲ့အတူ ဈေးကွက်တောင်းဆိုမှု အနေအထား၊ မြို့ပြဆိုင်ရာ အကွက်အကွင်း ပြောင်းလဲလာမှု အနေအထားတွေအရ လာမယ့်အနာဂတ်မှာ ဈေးကွက်ဟာ ဘက်ပေါင်းစုံက ပိုမြင့်လာဖွယ်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်နေကြပါတယ်။ လက်ရှိအခြေအနေမှာ စီးပွားရေးအတွက် အသုံးချလို့ရတဲ့နေရာတွေ၊ အခြေတကျ လူနေထိုင်ပြီးဖြစ်တဲ့နေရာတွေ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ နေရာတွေမှာ ပိုင်ဆိုင်မှုတွေ ရှိကြတဲ့ သူတွေကတော့ မန္တလေးရဲ့ အိမ်မြေဈေးကွက်ဟာ ရှေ့လျှောက်ဈေးကွက်တောင်းဆိုမှု သိသိသာသာ ကောင်းလာမယ်လို့ ယုံကြည်နေကြပြီး လက်ရှိမှာ ခေါ်ဆိုနေကြတဲ့ ပေါက်ဈေးတန်းရဲ့ အမြင့်ဆုံးဆိုတဲ့အနေအထားကနေ လုံးဝ မဆင်းကြတော့မှာကတော့ သေချာနေပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ယခုဈေးကွက်ရဲ့ အနေအထားဟာ တချို့နေရာတွေမှာ မယုံကြည်နိုင်စရာ ကောင်းအောင် အလုပ်ဖြစ်နေကြတာပါ။ အထူးသဖြင့် နေရာကောင်းတွေရဲ့ အငှားဈေးနှုန်းတွေက အရင်ကထက် ထင်သာမြင်သာ ကွာဟချက် ကြီးမားလာပါတယ်။ ပြီးတော့ အလားအလာကောင်းတဲ့ နေရာတွေရဲ့ဈေးနှုန်းတွေက ခေါ်ဈေးကြမ်းလာပြီး၊ ဒီလိုနှုန်းထားကို ဝယ်တဲ့သူက ဝယ်သလို လုံးချင်းတွေဆောက်ပြီးရောင်းတဲ့ တချို့နေရာမျိုးဆို ကြိုပွိုင့်နဲ့တင် ရောင်းကုန်နေတာမျိုးတွေ ရှိတယ်လို့လည်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
မန္တလေးမြို့ ၇၃ လမ်းပေါ်မှာ နေထိုင်သူတစ်ဦးကတော့ ကုမ္ပဏီလိုမျိုးမှာ အလုပ်လုပ်ပြီး အပြင်လောကနဲ့ အဆက်ပြတ်နေသူတွေအနေနဲ့ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ အိမ်မြေအရောင်း၊ အငှား ဈေးနှုန်းတွေကို ရုတ်တရက် ကြားလိုက်ရရင် ယုံနိုင်ကြမှာတောင် မဟုတ်ကြောင်း၊ သူကိုယ်တိုင်လည်း အပြင်နဲ့ နှစ်နှစ်လောက်အဆက်ပြတ်ပြီး ကုမ္ပဏီ အလုပ်တစ်ခုမှာ လုပ်ကိုင်နေရင်း အပြင်ဈေးကွက်ကို ပြန်တီးခေါက်ကြည့်မိတဲ့ အခါမှာ အပြောင်းအလဲတွေက မြန်ဆန်နေကြောင်း၊ လက်ရှိဖြစ်နေတဲ့ အနေအထားဟာ အိမ်မြေနေရာကောင်းကို ပိုင်ထားသူတွေအနေနဲ့ မကုန်ခမ်းတော့မယ့် ငွေထုပ်ပေါ်ကို တက်ထိုင်ထားတာနဲ့တူနေပြီး ငွေအင်အားရှိတဲ့ ငှားလိုတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ခေါ်ဈေးကိုမကြည့်တော့ဘဲ နေရာကောင်းရင် တစ်လကျပ်သိန်း ၅၀ နဲ့အထက်ဈေးမျိုးကို အလွယ်တကူပေးလာကြကြောင်း ပြောပြပါတယ်။
မြို့တွင်းမှာ အရောင်း၊ အငှားဈေးနှုန်းက မြင့်လာပြီး အလုပ်လည်းဖြစ်ကြလို့ မိန်းလမ်းပေါ်မှာရှိတဲ့ အိမ်မြေအများစုရဲ့ ပေါက်ဈေးတန်းဟာ ဒီလိုအမြင့်တန်းမှာပဲ တင်ကျန်နေဖွယ်ရှိပါတယ်။ ပြီးတော့ မြို့သစ်ပိုင်းဘက်မှာလည်း အဓိက လမ်းမတစ်ခုခုပေါ်မှာရှိတဲ့ အိမ်ခြံမြေတွေကို ဝယ်လက် စိတ်ဝင်စားမှုများပြီး၊ ပုံမှန် ပေ ၄၀ x ပေ ၆၀ အကျယ်ထက် ကျဉ်းတဲ့မြေကွက်မျိုးကို နေရာကောင်းရင် သိန်းသောင်းချီ ပေါက်ဈေးရှိတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလိုအခါမျိုးမှာ အခုလမ်းမတန်းအကွက်တွေမဟုတ်ဘဲ အတွင်းပိုင်းကြားကွက်တွေကို သာမန်နေထိုင်ဖို့ အတွက် ဝယ်မယ့်သူတွေအနေနဲ့ အတွေးမများသင့်တော့ဘဲ ခပ်သွက်သွက် ဆုံးဖြတ်အလုပ်လုပ်နိုင်ဖို့ လိုသလို ဈေးကွက်တောင်းဆိုမှုနဲ့ ဈေးနှုန်းမြင့်လာတဲ့ အနေအထားဟာ ကြားကွက်တွေ အပေါ်မှာပါ ရိုက်ခတ်မှုပိုလာနိုင်တယ်လို့ အကျိုးဆောင်တွေက သုံးသပ်ပါတယ်။
Credit: Myanmar Times