မြန်မာနိုင်ငံတွင် အဆင့်မီ၍ စနစ်တကျ ရှိသော ကွန်ဒိုမီနီယံ (Condominium) များ ဆောက်လုပ်နိုင်ရေး အတွက် ဥပဒေ နှင့် နည်းဥပဒေ များအား အတည်ပြုပေးရန် ပြည်ထောင်စု လွှတ်တော် သို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စုပေါင်း၍ တင်ပြမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
““ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ စုပေါင်းပြီး အကြမ်းဖျဉ်း ဆွေးနွေးပါတယ်။ ဒီလကုန် လောက်မှာ တစ်ကြိမ် ဆွေးနွေး သွားဖို့ ရှိပါတယ်။ အရင် လွှတ်တော်ကို လေးငါးကြိမ် တင်ပြ ဖူးပါတယ်။ အခုလည်း ထပ်ကြိုးစားပြီး တင်ပြ သွားမှာပါ။ မြန်မာနိုင်ငံ မှာ နှစ်ရှည်ခံတဲ့ အထပ်မြင့် ကွန်ဒိုမီနီယံတွေ များများ ရှိစေချင်ပါတယ်”” ဟု Dawn (Ar Yone Oo) ဆောက်လုပ်ရေး လုပ်ငန်းမှ Business Development Director ကိုကျော်စိုး က The Messenger Media သို့ ပြောသည်။
ကွန်ဒိုမီနီယံ တစ်ခုတွင် စင်္ကြံလမ်း၊ ဓာတ်လှေကား၊ စက်လှေကား၊ လျှပ်စစ်မီးပေး စနစ် (Generator နှင့် Transformer အပါအ၀င်) ရေပေးဝေ စနစ်၊ မိလ္လာစနစ်၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ ကားရပ် နားစခန်း၊ အားကစား နေရာ၊ ရေကူးကန်၊ ပန်းခြံ၊ ရေမြောင်း၊ ကားလမ်း၊ ဆက်သွယ်ရေး စနစ်အများ အသုံးပြုရန် သတ်မှတ် နေရာများ ပါဝင်ရန် ဥပဒေကြမ်း၌ ထည့်သွင်း ထားကြောင်း သိရသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံ အများစုတွင် ကွန်ဒိုမီနီယံ အက်ဥပဒေ၌ ကွန်ဒိုရှိ အခန်း စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းခန့် အထိသာ နိုင်ငံခြားသားများ ၀ယ်ယူခွင့် ပေးထားကြောင်း အဆိုပါ ပြဋ္ဌာန်းချက် တွင် ပါရှိသည်။
““ကျွန်တော်တို့ ဒီဘက်ခေတ် ကို ရောက်လာတော့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ၀င်လာတယ်။ အခု ဘဏ်တွေ၊ ရုံးခန်းတွေ ဖွင့်တော့မယ် ဆိုရင် အထပ်မြင့် ကွန်ဒို အဆောက်အဦးတွေ ပိုလိုအပ်မယ်။ ဥပဒေနဲ့ ညီတဲ့ နိုင်ငံခြားသားတွေ ငှားနိုင်တဲ့ အဆင့်အတန်းမီ ကွန်ဒိုမီနီယံ တွေ ဆောက်လုပ်ခွင့်ကို လိုချင်ပါတယ်”” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက The Messenger Media သို့ ပြောသည်။
အာရှနှင့် ပစိဖိတ် ဒေသအတွင်း မြို့ပေါ်နေ လူဦးရေ အချိုးအစားမှာ ၁၉၉၀ ပြည့်နှစ်တွင် (၃၃) ရာခိုင်နှုန်း ခန့်ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် (၄၃) ရာခိုင်နှုန်း အထိ တိုးမြှင့်လာကြောင်း၊ ၄င်းလူဦးရေ အတွက် အထပ်မြင့် အဆောက်အဦး (High Rise Building) များ တိုးချဲ့ တည်ဆောက်ရန် လိုအပ်လာပြီး ဘဏ်စသည့် ငွေကြေး အဖွဲ့အစည်း များတွင် မြေဂရန်များ ပေါင်နှံကာ ငွေချေးနိုင်ရန် လိုအပ်ကြောင်း နှင့် ပြည်တွင်းရှိ အိမ်ခန်း ၀ယ်လိုမှုမှာ တုံ့နှေးကျဆင်း နေသောကြောင့် ကွန်ဒိုမီနီယံများ တိုးချဲ့ တည်ဆောက်နိုင်ခြင်း မရှိကြောင်း အငြိမ်းစား သံအမတ်ကြီး ဦးလှမောင် (ဘောဂ) ၏ ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သက်၍ အကြံပြု စာစောင်တွင် ဖော်ပြထားသည်။ ကွန်ဒိုမီနီယံ အက်ဥပဒေ ပြဋ္ဌာန်း လိုက်ပါက တရားမ၀င် အိမ်၊ ခြံ၊ မြေ ရောင်းဝယ် နေမှုများအား လျော့နည်း သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။
Credit: Messenger