ယဉ်ကျေးမှုအမွအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်းဇုန်များတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ပြရမည်။
မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် ပျူမြို့ဟောင်း သုံးနေရာအပြင် ရှေးဟောင်း ဇုန် ၄၆ ဇုန်လုံးတွင် ဟိုတယ်ဆောက်လုပ်ခွင့် လုံးဝခွင့်ပြုပေးသွားမည်မဟုတ်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း မြို့ဟောင်းနေရာများတွင် မြေဈေးကစားသည့် သတင်းများ ထွက်ပေါ်လျက်ရှိပြီး ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာများအပါအ၀င် အခြားရှေးဟောင်းဇုန်များတွင်ပါ ဟိုတယ်တည်ဆောက်ခွင့် လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးကျော်ဦးလွင်က “ရှေးဟောင်းဇုန် နယ်မြေတွေမှာ မြေအရောင်းအ၀ယ်လုပ်တဲ့ သတင်းတွေ ကြားနေရတာကြောင့် ကျွန်တော်တို့ သတိပေးထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ပေးနေတယ်။ တချို့လည်း မြေ၀ယ်ထားကြတယ်။ ပုဂံအပါအ၀င် ကျန်တဲ့ဒေသတွေမှာ ဇုန်ဧရိယာထဲမှာ မြေ၀ယ်တဲ့ သတင်းတွေရှိ နေတယ်။ တချို့လူတွေလည်း မသိဘဲနဲ့ ၀ယ်မိသွားမှာ စိုးတဲ့အတွက် ကြိုတင်သတိပေးထားတဲ့ သဘောပါ” ဟု ပြောသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းဇုန်များတွင် ဟိုတယ်အပါအ၀င် အဆောက်အအုံများ ဆောက်လုပ်ခွင့်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်ဖြစ်ပြီး ၀န်ကြီးဌာနက စိစစ်ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်းတို့ကို ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းမြို့ဟောင်းများနှင့် ပုဂံ၊ မြောက်ဦး၊ အင်းဝဒေသတို့ အပါအ၀င် ရှေးဟောင်းဇုန် ၄၆ ဇုန် သတ်မှတ်ထားပြီး ယဉ်ကျေးမှုအမွေအနှစ် ဧရိယာများအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလက်မှုအဆောက်အအုံများ ဆောက်လုပ်ခြင်း သတိပေးကြေညာချက်ကို သြဂုတ် ၁၈ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်က “ပုဂံမြို့ဟောင်း ကမ်းနားဘက်မှာဆိုရင် ဟိုတယ် ငါးလုံးရှိတယ်။ ငါးလုံးရှိတာ ပြဿနာမရှိပေမယ့် ဒီထက်များလာရင်တော့ မကောင်းဘူးပေါ့”ဟု ပြောသည်။
Credit :mizzima