ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သော အလေ့အထ မရှိသေးသည့် ဒဂုံမြို့သစ်တစ်ဝိုက်တွင် ယခု ၂ဝ၁၄ နှစ်ဦးပိုင်းမှ စတင်၍ ကန်ထရိုက်ကို အပ်နှံဆောက်လုပ်သည့်တိုက်ခန်းများ စတင် ဆောက်လုပ်နေ ပြီဖြစ်ကြောင်း သိရသည်။
ယခင်က ကန်ထရိုက်ကို အပ်နှံ၍ဆောက်လုပ်သော တိုက်ခန်းများမှာသင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္က လာပမြို့နယ်တို့တွင်သာ တွင်ကျယ်ခဲ့ပြီး ဒဂုံမြို့သစ် မြို့နယ်အတွင်းဆောက်လုပ်မှုမှာ မြေရှင်များကမိမိတို့ မြေပေါ်တွင် မိမိတို့စိတ်ကြိုက်တိုက်များ ဆောက်လုပ်ခြင်းသာ ရှိခဲ့သော်လည်း ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်အရ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မြောက်ပိုင်း မြို့နယ်များတွင်ပါ ကန်ထရိုက်တိုက်ခန်းများ စတင်ဆောက်လုပ်လာနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
”ကျွန်တော်တို့ စပြီးဆောက်ဖို့ပြင်ဆင်ထားပါတယ်။ ကိုယ်ပိုင်မြေဝယ်ထားတာ ရှိသလို အိမ်ရှင်တွေနဲ့ သဘောတူညီထားပြီး အခန်းမျှပေးတဲ့ စနစ်နဲ့လည်း ဆောက်မှာပါ”ဟုဆန်းသစ်ဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာကျော်စွာမင်းက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်များတွင် လူနေထူထပ်မှု များပြားသည့် ပင်လုံလမ်းမကြီးတစ်လျှောက် နှင့် ဦးဝိစာရ လမ်းမကြီးတစ်လျှောက်ရှိ ၃၃၊ ၃၄၊ ၃၅၊ ၃၆ နှင့် ၄၂ ရပ်ကွက်များ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၉၊ ၁ဝ ရပ်ကွက် စသည်တို့၌ ကန်ထရိုက်တိုက်ခန်းများ စတင် ဆောက်လုပ်နေပြီး ဖြစ်ကာ အခန်းတည်ဆောက်မှု ပုံစံများအရ ပေ ၄ဝ ထ ၆ဝ မြေကွက်များ ဖြစ်သည့်အတွက် မျက်နှာဖွင့် ၃၈ ပေ၊ အရှည် ၅၅ ပေရှိသည့် ရင်ကွဲ ပုံစံ တိုက်ခန်းများ ဖြစ်သည်။
တိုက်ခန်းဈေးနှုန်းများအရ မြေညီထပ် တိုက်ခန်းများမှာ တစ်ခန်းလျှင် သိန်း ၄၅ဝ မှ သိန်း ၆ဝဝ အထိ ရှိပြီး အပေါ်ဆုံးထပ် တိုက်ခန်းများမှာ တစ်ခန်းလျှင် သိန်း ၂၅ဝ မှ သိန်း ၃ဝဝ ခန့် ရှိပြီး ကြိုပွိုင့်စနစ်၊ အရစ် ကျစနစ်များဖြင့်ပါ ရောင်းချနေရာပထမဆုံး အရစ်အဖြစ် တိုက်ခန်းတန်ဖိုး၏ ၄ဝ ရာခိုင်နှုန်းခန့်ကို ပေးသွင်းရန် တောင်းခံလေ့ရှိကြောင်းသိရသည်။
တိုက်ခန်းအများစု ဆောက်လုပ်နေသည့် မြေကွက်အများစု၏ တန်ဖိုးမှာ သိန်း ၁,၅ဝဝ မှ သိန်း ၂,ဝဝဝ ကြား ပေါက်ဈေးရှိနေသည့်အပြင်အိမ်ရှင်အများစုမှာလည်း နိုင်ငံ့ ဝန်ထမ်းအများစု ဖြစ်နေသဖြင့် စာရွက် စာတမ်းများကို အသေအချာ စိစစ်ပြီးမှ ဆောက်လုပ်ရန် လက်ခံခြင်းကြောင့် လိုင်စင်မဲ့ ကန်ထရိုက်တာများ ဆောက်လုပ်ရန် ကမ်းလှမ်းမှုမရှိသည့်အပြင် တရားမဝင် ဆောက်လုပ်မှုများလည်း မရှိသလောက်နည်းပါး ကြောင်း သိရသည်။
”မြေတန်ဖိုးတွေ တက်နေတော့ အဲဒီမြေကို ရောင်းလိုက်ရင်ပြန်ရဖို့ ဆိုတာ မလွယ်ဘူး။ အဲဒီတော့ ကန်ထရိုက်တိုက်ဆောက်ပြီး ရောင်းတာက မြေလည်း မပျောက်တဲ့အပြင်ပိုပြီးတော့လည်း တွက်ခြေကိုက်လို့ အိမ်ရှင်တွေက ပိုကြိုက်ကြတယ်။ သင်္ဃန်းကျွန်းဘက်ကလို ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ဆောက်မယ့် ကန်ထရိုက်တာတွေကို အိမ်ရှင်တွေက စာရွက်စာတမ်းတွေ အသေအချာလေ့လာစိစစ်ပြီးမှ လက်ခံတယ်”ဟု ရွှေမာလာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။
ကန်ထရိုက်တိုက်များ ဆောက်လုပ်မည် ဆိုပါက မြေရှင်များကိုအိမ်ငှားစရိတ်အပါအဝင် ပြောင်းရွှေ့ စရိတ်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီချက်များဖြင့် ကန်ထရိုက်တာများက ပေးအပ်လေ့ရှိပြီး တိုက်ခန်းဆောက်လုပ်မည့် ကြာချိန်အပေါ် မူတည်၍ ငွေကြေးပမာဏအနည်းအများ ကွာခြားနိုင်သော်လည်း အိမ်ရှင်များအနေဖြင့် ပြောင်းရွှေ့စရိတ်ကို အနည်းဆုံး သိန်း ၁ဝဝ ခန့်အထိ တောင်းခံလေ့ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
Credit : The Trade Times