စီမံကိန်းလုပ်ငန်းများအားအကြောင်းပြပြီး ဘေးပတ်ဝန်းကျင်ရှိမြေကွက်များတွင် ဝင်ရောက် ဈေး ကစားနေသည့် မြေကွက် ဝယ်ရောင်းများရှိလာနေခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ခြင်းကို စီးပွားရေးလုပ်ငန်းတစ်ခု အသွင်ဆောင်၍ လုပ်ဆောင်လာနေခြင်းတို့ကြောင့် အိမ်ခြံမြေဈေးများ မြင့်တက်လာနေကာ နိုင်ငံတော်က လည်း ထိန်းချုပ်ရန် ခက်ခဲလာသည်ဟု စီးပွားရေးပညာရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
”မျှော်မှန်းဈေးကစားတာ ဖြစ်တယ်။ policy အရ စီမံကိန်းတွေကတကယ်မဖြစ်ဘဲနဲ့ သတင်းလှုံ့ဆော် လိုက်လို့ ဖြစ်သွားတာလည်း ရှိတယ်။ ဥပမာ ဒလဘက်မှာ ဖြစ်သွားသလိုပြဿနာမျိုးပါ။ ပြီးတော့ မလုပ်ဖြစ် တော့ ပိုက်ဘောတွေ မိကုန်တယ်။ စဉ်းစားရမှာက အဲဒီသတင်း ထွက်ထွက်ချင်း ပေါက်ဈေး မရှိသေးတဲ့ ပစ္စည်းကို ဈေးကြီးကြီးနဲ့ ဘယ်သူသွားဝယ်ထားမလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ အလံရှူးလုပ်ပြီး ဝယ်တာပဲပေါ့။ အဲဒီလိုဝယ်၊ တခြားလူတွေကပါလိုက်ဝယ်လာရင် ပြန်ရောင်း၊ ငွေထုပ်ပိုက်ပြီးတော့ ထွက်သွားရော” ဟု စီးပွားရေးပညာရှင် ဦးဇော်ဟိန်ကပြောသည်။
မြို့တွင်းမြေကွက်များထက် စီမံကိန်းလုပ်ငန်းများ အများဆုံးရှိသည့်မြို့ပြင်၊ မြို့သစ်များဖြစ်သော သန် လျင်၊ သီလဝါ၊ ဒလ၊ ကျောက်တန်းနှင့် ဒဂုံမြို့သစ် မြို့နယ်များတွင် စီမံကိန်းသစ်များ စတင် တည်ဆောက် တော့မည်ဟူသည့် သတင်းများထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနီးအနားရှိ ရပ်ကွက်များ၊ မြေကွက်များ ကို ငွေထုပ်ပိုက်ကာ လိုက်လံဝယ်ယူမှုများ၊ အိမ်ခြံမြေဝယ်ရောင်းများကရပ်ကွက်ပွဲစားများကို အခကြေးငွေပေး၍ ဝယ်ယူစေပြီး အမြတ်ရသည်နှင့် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လာနေသည့်အတွက် စီးပွားရေး လုပ်ငန်းတစ်ခု အသွင်ဆောင်လာခဲ့သည့်အပြင် ယင်းတို့၏ ဈေးကစားမှုကြောင့်လည်း အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်လာကာငှားရမ်းခနှုန်းထားများပါ မြင့်တက်လာနေသည့်အတွက် အခြေခံ လူတန်းစားများ၊ ဝင်ငွေနည်း မိသားစုများပါ အတိဒုက္ခရောက်လျက် ရှိသည်။
”မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေက ရိုးရှင်းလားဆိုတာ ပြန်ပြီးကြည့်ရမယ်။ ၁ဝဝ တန် ပစ္စည်းကို သူက ရအောင် ၁,ဝဝဝ ပေးပြီး ဝယ်လိုက်တယ်။ တခြားလူတွေလည်းလိုက်လာရော သူက ဈေးတင်ရောင်း လိုက်တယ်။ ကျန်တဲ့သူတွေကလည်းသူ့ကိုကြည့်ပြီး ဈေးကသာ မြင့်လာတယ်။ ကနဦးအမြတ်ကို မျှော်မှန်းပြီး ဈေးကွက်မှာ ကစားတဲ့သူတွေရှိတယ်” ဟု ၎င်းက ပြောသည်။
မြေဈေးကစားသူများကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် အစိုးရက ပိုင်ဆိုင်မှုအခွန်များ ကောက်ခံရန် စီစဉ်လာခြင်း၊ မြေဈေးနှုန်းများ သတ်မှတ်၍ အခွန်ကောက်ခံခြင်းတို့ကိုဆောင်ရွက်လာသော်လည်း အား နည်းချက်များအဖြစ် နိုင်ငံတော်၏သတ်မှတ် တန်ဖိုးဖြတ်နှုန်းထားများထက် ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟချက် ကြီးမားနေခြင်းတို့အပြင်ဝယ်ရောင်းသမားများအနေဖြင့် မိမိတို့ဝယ်ယူထားသည့် မြေကွက်များ၊ အိမ်ခြံမြေများကို အမြတ်တင် ပြန်လည်ရောင်းချရန် နာမည်ပြောင်းလျှောက်ထားခြင်း မပြုဘဲ အထွေထွေ ကိုယ်စားလှယ်လွှဲစာ (GP) များနှင့် အရပ်စာချုပ်များ အသုံးပြုပြီးလုပ်ကိုင်ရောင်းဝယ်နေခြင်းကြောင့်လည်း အိမ်ခြံမြေဈေးကစားခြင်းကိုထိန်းချုပ်ရန် ခက်ခဲလာစေသည်။
”မနှစ်က သိန်း ၃ဝ တောင် ဝယ်လက် မရှိတဲ့ ရွာသာကြီး (၁၅၇) ရပ်ကွက်ဆိုရင် အခု ရန်ကုန်ဘူတာကြီးရွှေ့မယ်လည်းဆိုရော ပေ ၄ဝ ထ ၆ဝ မြေကွက်ကို သိန်း ၃ဝဝ ဖြစ်နေပြီ။ ဘူတာကြီးကတော့ ဘယ်နေတယ်မသိဘူး။ သူဌေးတွေကတော့ ပြန်ရောင်းချင်နေပြီ”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရွှေမာလာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဌေးက ပြောသည်။
Credit : The Trade Times