မော်တော်ယာဉ် ရောင်းဝယ်သူများ တစ်နေရာတည်းတွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီမော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် ယာဉ်ရပ်နားကွင်းများဖြစ်ပေါ်လာစေရန်နိုင်ငံတော် သို့တင်ပြသွားမည် ဖြစ်ကြောင်းမြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းမှ သိရသည်။
”မြေကတော့ ကိုယ့်ဘာသာကိုယ် ဝယ်မှာဖြစ်ပေမယ့် လုပ်ကိုင်ခွင့်ချပေးဖို့လည်း လိုလို့ နိုင်ငံတော်ကို တင်ပြရခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ရန်ကုန်မြို့အနှံ့မှာ ကားတွေကိုအဆင်ပြေသလို ရောင်းနေကြလို့ယာဉ်ကြောကျပ်တာရယ်၊ ဈေးကွက်ကို နေရာတစ်ခုတည်းကသတ်သတ်မှတ်မှတ် လုပ်စေချင် တာရယ်ကြောင့်ပါ”ဟု မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သြဂုတ်လ ၁၈ ရက်၌ ပြောသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် ယာဉ်ရပ်နားကွင်းတို့အတွက် မြေနေရာကို လုပ်ငန်းရှင်များကမိမိတို့၏ ကိုယ်ပိုင်စိုက်ထုတ်ငွေများဖြင့် ဝယ်ယူသွားမည် ဖြစ်သော်လည်း နိုင်ငံတော်က လုပ်ကိုင်ခွင့်များ ချထားပေးရန် လိုအပ်နေပြီး မြေနေရာအကျယ်အဝန်း ဧက ၃ဝဝ ခန့်အထိ အသုံးချနိုင်ရန် လိုအပ်သည်။
ယာဉ်ရောင်းဝယ်ရေး စခန်းနှင့် ယာဉ်ရပ်နားကွင်း တည်ဆောက်ရန်အတွက် မော်တော်ယာဉ်လုပ်ငန်း ရှင်များကြားတွင်အများပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်ပြီး ရရှိလာသည့် အရင်းအနှီးများဖြင့် တည်ဆောက်လုပ် ကိုင်သွားမည်ဖြစ်သည်။
”အခုက အဆင်ပြေသလိုနေရာအနှံ့မှာ ရောင်းနေကြလို့နိုင်ငံတကာ အဆင့်ရှိတဲ့ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းတွေပေါ်ဖို့ တင်ပြသွားမယ်”ဟု၎င်းက ပြောသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းများ မကြာခဏ ပြောင်းရွှေ့ပေးနေရသည့်အတွက် ဈေးကွက် ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အပြင်အသစ် ပြောင်းရွှေ့လိုက်သည့်ဘာတာ ယာဉ်ရောင်းဝယ်ရေးစခန်းမှာလည်း ကျဉ်းမြောင်း သည့်အတွက် ကားရပ်နားရန် အခက်အခဲများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
Credit : The Trade Times