မန္တလေးမြို့တွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တန်ဖိုးမျှတအိမ်ရာများကို ငွေကျပ်သိန်း ၁၅၀ အောက်ဖြင့် လာမည့်နှစ် ဇန်နဝါရီအတွင်းစတင်ရောင်းချပေးနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မန္တလေး စည်ပင်မှ အကောင်အထည် ဖော်နေသည့် တန်ဖိုးနည်းအိမ်ရာ များအနီး မြေ ၇ ဒသမ ၆၇ ဧက ပေါ်တွင် ယခုနှစ် ဇွန်လမှစတင်၍ မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက တည် ဆောက်နေခြင်းဖြစ်သည်။
‘‘ရောင်းမယ်ဆိုရင် စည်း ကမ်းသတ်မှတ်ချက်တွေကို ပြန် ထုတ်မှာ။ ဘယ်လိုလူမျိုးတွေကို အဓိကရောင်းမှာလဲ။ ဘယ်လိုပုံစံ နဲ့ရောင်းမှာလဲ ဆိုတာတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြု ချက်နဲ့ပဲလုပ်မှာ’’ဟု မန္တလေးတိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးမှူး ဦး ကျော်ကျော်လင်းက ထည့်သွင်း ပြောသည်။ မန္တလေးမြို့တွင် အခြေချ အလုပ်လုပ်ကိုင်နေသော် လည်း ကိုယ်ပိုင်အိမ်မရှိသေးသူ များအတွက် ရည်ရွယ်၍အခန်းပေါင်း လေးရာကျော်ပါဝင်သည့် လေး ခန်းတွဲ၊ လေးထပ်အဆောက်အအုံ (၂၇)လုံးကို ပုဂ္ဂလိကဆောက် လုပ်ရေးကုမ္ပဏီခုနစ်ခုနှင့် ပြည်သူ့ဆောက်လုပ်ရေးတို့ပူးပေါင်း တည်ဆောက်နေပြီး ၂၀ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဦးကျော်ကျော်လင်းက ဆိုသည်။
ယခုအိမ်ရာများမှာ မန္တလေး စည်ပင်မှ တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာများထက် ပိုမို ကျယ်ဝန်းမည်ဖြစ်ပြီး ကားပါကင် များ၊ ပန်းခြံများ၊ လျှောက်လမ်းများပါ ပါဝင်မည်ဖြစ်သောကြောင့် ဈေးနှုန်းများမှာယင်း တန်ဖိုးနည်းအိမ်ရာများထက် ပိုမိုဈေးမြင့်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ငွေကျပ်သိန်းပေါင်း ခြောက်သိန်းကျော်ကုန်ကျမည့် အဆိုပါတန်ဖိုးမျှတအိမ်ရာကို ယခုနှစ် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်အတွင်း အပြီး တည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုနှစ် ဇွန်လ ၅ရက်တွင် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Credit: 7 Day Daily