ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများအတွက် နေ့စဉ်တရားစွဲဒဏ်ကြေးငွေအား နှစ်ဆမှ သုံးဆခန့်အထိ တရားရုံးက တိုးမြှင့်လိုက်ပြီး ယခင်မြေရှင်ကိုပါ တရားစွဲရာမှ ယခုကန်ထရိုက်ကိုပါ တရားစွဲတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံများ လျော့ နည်းသွားစေရန် ရည်ရွယ်၍ တရားရုံး၏ ဒဏ်ကြေးငွေ ချမှတ်မှုပမာဏကို တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယခင်တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ယခုကျပ်နှစ်သောင်းမှ သုံး သောင်းအထိ ဒဏ်ရိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံများအတွက် တရားစွဲရာတွင် မြေရှင်ကိုသာ တရားစွဲနေရ၍ မြေရှင်များ ဒုက္ခရောက်လျက်ရှိကြောင်း၊ ထို့ကြောင့် ယခင်မြေရှင်ကိုသာ တရားစွဲဆိုရာမှ ယခု ကန်ထရိုက်ကိုပါ တရားစွဲမည်ဖြစ်ကြောင်း၊ လိုင်စင်ရှိသည့် ကန်ထရိုက်ဖြစ်စေ မရှိသည့် ကန်ထရိုက်ဖြစ်စေ တရားစွဲသွားမည်ဖြစ် ကြောင်း သိရသည်။
“၂ဝ၁၄ ခုနှစ် အဆောက်အအုံများဆိုင် ရာ နည်းဥပဒေ ဩဂုတ် ၆ ရက်မှာ ထွက် လာပါပြီ။ အဲဒီထဲမှာ ခွင့်ပြုချက်မဲ့ဆောက်တဲ့ အဆောက်အအုံတွေ ပြန်ဖြိုဖျက်အရေးယူနိုင် မှာပါ။ ဒါပေမဲ့ အရင်တုန်းက အစိုးရမြေ၊ လမ်းမြေတွေမှာ ကျူးကျော်ထားတာတွေကိုတော့ ပြန်ဖျက်ဖို့ခက်တယ်။ အခုအသစ်ဆောက်မယ့် ခွင့်ပြုချက်မဲ့တွေကိုတာ့ ဖြိုမှာပါ။ အချို့ကိုတော့ ဒဏ်ကြေးအများကြီး ရိုက်ပြီး ခွင့်ပြုသွားမှာပါ။ နောက်ပြီး မြေရှင်နဲ့အတူ ကန်ထရိုက်ကိုပါ တရားစွဲတော့မယ်။ အဲဒါကြောင့် မြေရှင်တွေက ကန်ထရိုက်တွေကို ထုတ်ဖော်ပြောပေးဖို့လိုပါတယ်။ ဒါမှ လိုအပ်တဲ့ အရေးယူတာတွေ လုပ်နိုင်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ ဒဏ်ကြေးငွေ တိုးမြှင့်လိုက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း၌ပင် ခွင့်ပြုချက်ပြန်တင်ပြလာသည့် အဆောက်အအုံ အချို့ရှိနေသည်ဟု သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုထား သည့်အမှုပေါင်း ၂ဝဝဝ ကျော်ရှိနေကာ သင်္ဃန်းကျွန်းမြို့နယ်တွင် အမှုပေါင်း ၆၄၂ မှုဖြင့် အများဆုံးဖြစ်ပြီး လှိုင်မြို့နယ်တွင် ၃၇၄ မှု၊ မရမ်းကုန်းမြို့နယ်တွင် ၂၉၉ မှု၊ အင်းစိန်မြို့နယ်တွင် ၁၁၃ မှုစသည်ဖြင့် တရားစွဲထားကြောင်း သိရသည်။
Credit: Yangon news