ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ကို ဗဟို ပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိမ်းစောင်းသွားသော သင်္ဃန်းကျွန်းမြို့နယ်ရှိ အဆောက် အအုံနှစ်လုံးအပါအဝင် ရန်ကုန်မြို့ရှိ မြို့နယ် အချို့တွင် ယခင်ကတည်းက တိမ်းစောင်းနေသည့် အဆောက်အအုံအချို့ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။
ယင်းအဆောက်အအုံအချို့တွင် သတ်မှတ်ထားသည့် တိမ်းစောင်းပမာဏထက် ကျော်လွန်ရောက်ရှိသည့် အဆောက်အအုံ အချို့ရှိသလို သတ်မှတ်တိမ်းစောင်းပမာဏ မရောက်ရှိသေးသည့်အဆောက်အအုံများ လည်းရှိနေရာ ၎င်းတို့အား ထပ်မံဆိုးရွားမှုရှိ မရှိ စောင့်ကြည့်လျက်ရှိကြောင်း အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်ကတည်းက သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ ပုဇွန်တောင်၊ ဗဟိုလမ်းပေါ်စသည့် နေရာများရှိ အဆောက်အအုံများမှာ တိမ်း စောင်းမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့အား ထပ်မံ တိမ်းစောင်းမှုမဖြစ်ပေါ်စေရန် လိုအပ်သော ပြုပြင်မှုများပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အစကတည်းက တိမ်းစောင်းမှုဖြစ်ပေါ်နေတဲ့ အဆောက်အအုံအချို့ရှိတယ်။ အဆောက်အအုံဆောက်တဲ့ အောက်ခံမြေ အရည်အသွေးပျော့တာ တွေကြောင့်လည်း ပါတယ်။ သူတို့ကိုလည်း လိုအပ်တာတွေညွှန်ကြားပြီး ထပ်မံတိမ်းစောင်းတာ ဆိုးရွားမှု ရှိ မရှိ စောင့်ကြည့်နေတယ်။ အချို့က သတ် မှတ် တိမ်းစောင်းမှုပမာဏထက် ကျော်နေ တာတွေရှိတယ်။ အချို့လည်း မကျော်တာ တွေရှိတယ်။ အချို့ကျတော့လည်း တိမ်း စောင်းမှု ၈ ပေအထိ ရောက်သွားပြီး အဲဒီမှာ တင် တန့်သွားတာမျိုးတွေရှိတယ်။ အဲဒီ အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ အန္တရာယ်ဖြစ်လောက်တဲ့အထိတော့ မရှိသေး ပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင် ၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိမ်းစောင်းသွားသော သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်း အတွင်းရှိ အဆောက်အအုံ နှစ်လုံးမှာလည်း သတ်မှတ်တိမ်းစောင်း ပမာဏထက် မကျော်လွန်ခဲ့သဖြင့် ၎င်းတို့အား အန္တရာယ်ရှိအဖြစ် မသတ်မှတ်သေးကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တိမ်းစောင်း မှုများဖြစ်ပွားနေသည့် အဆောက်အအုံများ မှာ တစ်ဖက်တည်းသို့ တိမ်းစောင်းခြင်းမျိုး မဟုတ်ဘဲ တစ်လုံးပေါ်သို့ တစ်လုံးက မှီ၍ တိမ်းစောင်းခြင်းမျိုးဖြစ်သောကြောင့် စိုးရိမ်စရာမရှိကြောင်းနှင့် တိမ်းစောင်းနေသည့် အဆောက်အအုံနှစ်လုံးကြားတွင် သစ်သားတန်းများ၊ သံတန်းများခံလိုက်လျှင် အဆင်ပြေသွားမည်ဖြစ်ကြောင်း ဆောက်အအုံဌာနမှ တာဝန်ရှိသူက ဆိုသည်။
ယင်းကဲသို့ တိမ်းစောင်းမှုများအတွက် အောက်ခံမြေသားပျော့သည့် နေရာများတွင် ဆောက်လုပ်မည့် အဆောက်အအုံများအား မဆောက်လုပ်မီကတည်း စံချိန်စံညွှန်းနှင့် ပတ်သက်သည့် စိစစ်မှုများကို သက်ဆိုင်ရာက ယခင်ထက်ပိုမိုပြုလုပ်ရန် လိုအပ်လာပြီဟု ရန်ကုန်မြို့နေပြည်သူများက သုံးသပ်သည်။
Credit: Eleven Media