ဗဟုသုတ | Posted by နှင်းအိခင်
ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား... ဆိုတဲ့အကြောင်းအရာအပါအဝင် အမေးအများဆုံး မေးခွန်းများကို ဒီတစ်ပတ် ဥပဒေကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မေးခွန်း(၁) - ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား။
ပဋိညာဉ်တစ်ရပ်မှာ ညီညွတ်သည့် အဖိုးစားနားပါပြီး အနိုင်အထက်ပြုခြင်း၊ မတရားဩဇာသုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်းကင်းပါက ပဋိညာဉ်ဥပဒေပုဒ်မ- ၂ (ဇ) အရ ပဋိညာဉ်အထမြောက်ကာ တရားစွဲဆိုနိုင်သော သဘောတူပဋိ ညာဉ်တစ်ရပ် ဖြစ်စေပါသည်။ပေါင်နှံခြင်းစာချုပ်အားလဲ ဥပဒေနှင့်အညီ ချုပ်ဆိုမှုပြုထားနိုင်ရပါမည်။
စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ-၁၆(၁)အရ တန်ဖိုးငွေကျပ် (၁)သိန်းနှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ် အပ်နှံ၍ ငွေချေးခြင်းမှတစ်ပါး အခြားပေါင်နှံခြင်း စာချုပ်များအား မှတ်ပုံတင်ခြင်းပြုရန်နှင့် ၎င်းမှာ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများ အမျိုးအစားများထဲတွင် ပါဝင်ပါသည်။ ပေါင်နှံခြင်း မှတ်ပုံတင်စာချုပ်အား ပစ္စည်းတည်ရှိရာ အရပ်ဒေသ ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပုဒ်မ-၂၅ နှင့်အညီ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။
ပဋိဉာဉ်ချုပ်ဆိုသူမှာ စာချုပ်ပါ ကတိပြုချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိဘဲ ကွယ်လွန်သွားသည့် ကိစ္စရပ်များ၌ ၎င်း၏ အမွေဆက်ခံသူများမှ သေဆုံးသူချုပ်ဆိုထားသော စာချုပ်အား လိုက်နာဆောင်ရွက်ရန် တာဝန် ရှိပါသည်။ ထို့ကြောင့် အပေါင်စာချုပ်မှာ ပျက်ပြယ်သွားခြင်းမရှိပါ။ ပဋိညာဉ်ပါ အကျိုးခံစားခွင့်နှင့် တာဝန်အရပ်ရပ်မှာ အမွေဆက်ခံသူထံ ရောက်ရှိပါသည်။
ပေါင်နှံထားသူ၏ အမွေဆက်ခံခွင့်ရှိသူမှ စာချုပ်ပါအတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခွင့်ရှိသလို အပေါင်ခံသူ အခြားတစ်ဖက်မှလဲ အမွေဆက်ခံသူအား တောင်းဆိုညှိနှိုင်းမှုပြုနိုင်ပါသည်။ ထို့ကြောင့် ပေါင်နှံထားသူ သက်ရှိ ထင်ရှားရှိစဉ်ကာလအတိုင်း အပေါင်ခံသူနှင့် အမွေဆက်ခံသူမှာ ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု၊ ပဋိညာဉ်ကို ဖျက်သိမ်းခွင့်၊ လျော်ကြေး တောင်းခွင့်အစရှိသဖြင့် အပြန်အလှန် တရားစွဲဆိုခြင်းပြုနိုင်ပါသည်။ ပဋိညာဉ်တစ်ရပ်မှာ သဘောတူညီချက်များ ဆောင်ရွက်ပြီးစီးသည့်အခါမှ ဆုံးခန်းတိုင်အောင် ရောက်ရှိမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
⚖️မေးခွန်း(၂) - အိမ်ခြံမြေဝယ်ယူရာတွင် ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဆိုသည်မှာ မည်သို့နည်း။
အိမ်ခြံမြေအား ဝယ်ယူသူကိုယ်စား အမည်ခံအမည်ငှားစနစ်ဖြင့် အခြားသူတစ်ဦးဦး အမည်အသုံးပြု၍ ဝယ်ယူစေခြင်းမှာ ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဟု သတ်မှတ်ကြပါသည်။ အမှန်တကယ်ဝယ်ယူသူ၏ ဝယ်ယူခြင်း ရည်ရွယ်ချက်ပေါ် မူတည်၍ အမည်ငှားဖြစ်သူမှာ အိမ်ခြံမြေအပေါ် အကျိုးခံစားနိုင်သူ ဟုတ်မဟုတ်၊ သက်ဆိုင်ခြင်းရှိမရှိ ကြည့်ရှုရမည် ဖြစ်ပါသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ မိဘမှာ သားသမီးနာမည်သုံး၍ ဝယ်ယူစေလျှင် သားသမီးအား အကျိုးခံစား ခွင့်အားပေးအပ်စေလိုခြင်းပင်ဖြစ်ပါသည်။ လက်အောက်ဝန်ထမ်းတစ်ဦးဦး အမည်ဖြင့် ဝယ်ယူစေခြင်း၊ မောင်နှမသားချင်း တစ်ဦးဦးအမည်ဖြင့် အမည်ခံဝယ်ယူ စေခြင်းများတွင်တော့ ပိုင်ဆိုင်အကျိုးခံစားခွင့် မပေးသည်က များပါသည်။
အကျိုးခံစားခွင့်မပါသော ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းများမှာ အမည်ခံနှင့် အမည်ငှားကြားတွင် ပိုင်ဆိုင်မှုအတွက် အမည်ခံနှင့် မသက်ဆိုင်ကြောင်း နှုတ်ဖြင့် သဘောတူကတိပြုချက်များ၊ စာချုပ်စာတမ်းဖြင့် သဘောတူညီချက်၊ ဝန်ခံကတိ ပြုချက်စာချုပ်များ ဆောင်ရွက်ထားကြပါသည်။ အမည်ခံမှာ အိမ်ခြံမြေအား လက်ဝယ်ထားပိုင်ခွင့်မရှိသလို ၊ မရွှေ့မပြောင်း နိုင် သောပစ္စည်းအား ခေတ္တထားရှိလျှင်လဲ သတ်မှတ်ကာလအတွင်း အမည်ခံမှ အမည်ငှားထံ ပြန်လည်အပ်နှံရန် တာဝန်ရှိနေပါသည်။
ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းမှာ အမည်ခံ၊ အမည်ငှားစနစ်ဖြင့်သာ ဝယ်ယူခြင်းဖြစ်သောကြောင့် နစ်နာသူမှာ မြွတ် ဟဒီကရီချမှတ်ပေးရန် တရားရုံးတွင် တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။ တရားရုံးများတွင် အမည်ခံ၊ အမည်ငှား အငြင်းပွှားမှုအား ဖြေရှင်းဆောင်ရွက်ရသော တရားမမှုများလဲရှိပါသည်။ အမည်ခံ၊ အမည်ငှား မူလသဘောတူညီချက်၊ စာရွက်စာတမ်း သက်သေခံ အထောက်အထား၊ မျက်မြင်သက်သေခံ အထောက်အထားများ ပေါ်မှုတည်၍ ဘီနာမီစနစ်ဖြင့် အမည်ခံ သက်သက် ဝယ်ယူခြင်းဟုတ်မဟုတ် တရားရုံးမှ ဆုံးဖြတ်ကြပါသည်။
အရောင်းအဝယ်စာချုပ်၌ ငွေပေးချေသူ၏ အမည်ကိုပါ ထည့်သွင်းချုပ်ဆိုထားလျှင် ဘီနာမီစနစ်မဟုတ်ကြောင်း။ အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက ငွေပေးချေသူ၏ အမည်အား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် အကြောင်းမရှိ ကြောင်းနှင့် အမှုတွင် တရားလို အကျိုးငှာ တရားပြိုင်က ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက စာချုပ်တွင် တရားလိုအမည် ကို ဝယ်ယူသူအနေဖြင့် ပါဝင်ရန်မသင့်ကြောင်း သုံးသပ်ထားသည်ကို (ဒေါ်ကြည်ခင်နှင့် ဦးမင်းငွေဝင်းပါ-၂)အမှုတွင် တွေ့ ရှိနိုင်ကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။
⚖️မေးခွန်း(၃)- ကန်ထရိုက်တိုက်ဆောက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုရာမှာ ဘယ်အချက်တွေကို မဖြစ်မနေ ထည့်သွင်းသင့်ပါသလဲ။
မြေရှင်မှ မိမိပိုင်မြေကွက်ပေါ်တွင် အကျိုးတူကန်ထရိုက်စနစ်ဖြင့် အဆောက်အအုံသစ် ဆောက်လုပ်လိုသည့်အခါ ဦးစွာ စိတ်ချခိုင်လုံမှုရှိကာ သတင်းကောင်းဖြင့် ရပ်တည်နေသော ဆောက်လုပ်ရေးကုမ္ပဏီ ကန်ထရိုက်ကိုသာ လေ့လာရွှေးချယ်ရပါမည်။ ယခင်တိုက်ခန်းများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ရေရှည်အတွက် အရည်အသွေးပိုင်း စိတ်ချ သေချာမှုရှိရန်မှာ လွန်စွာမှ အရေးကြီးပါသည်။ သို့အတွက် ပြန်လည်ရောင်းချပြီးသည့် အခန်းများအား လေ့လာကြည့်ရှု သင့်ပြီး အဆောက်အအုံ ယာ/အုံဌာန၌ သွားရောက်စုံစမ်းလျှင်လဲ သိရှိနိုင်ပါသည်။ ကန်ထရိုက်မှ ကုမ္ပဏီအနေဖြင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် လက်မှတ်မိတ္တူ၊ သင်းဖွဲ့စည်းမျဉ်း မှတ်တမ်းများ၊ ကုမ္ပဏီကိုယ်စား လက်မှတ်ရေးထိုး ဆောင်ရွက်ခွင့်ရှိကြောင်း အစည်းအဝေးဆုံးဖြတ်ချက် (Meeting minutes)၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ တစ်စုံအား တောင်းဆိုကာ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေး သင့်ပါသည်။ စာချုပ်တွင်လဲ ကန်ထရိုက်နေရပ်လိပ်စာအား တိကျစွာ ထည့်သွင်းချုပ်ဆိုပါ။ ကန်ထရိုက်ဘက်မှလဲ မြေကွက်မှာ မည်သည့်မြေအမျိုးအစားဖြစ်ကြောင်း မြေရှင်၏ မြေပိုင်ဆိုင်မှုစာရွက်စာတမ်း များအား တတ်ကျွမ်းနားလည်သူများနှင့် စစ်ဆေးကြည့်ရှုရန်လိုပြီး စည်ပင်သာယာရေးကော်မတီ မြေစီမံခန့်ခွဲမှုဌာန၌ မှန်ကန်မှုရှိမရှိသွားရောက် စုံစမ်းသင့်ပါသည်။ မြေရှင်မှာ မြေအမည်ပေါက်မဟုတ်ဘဲ အမွေဆက်ခံမှုဖြင့် ပိုင်ဆိုင်မှုရှိပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွတ်ဟ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများ မြေရှင်အား ဆောင်ရွက်စေရပါမည်။ မြေကွက်မှာ အမွေပစ္စည်းဖြစ်နေလျှင် အမွေဆိုင်များအားလုံး သဘောတူညီမှုရှိမှ ကန်ထရိုက်မှ ဆောက်လုပ်ရပါမည်။ သို့မဟုတ်ပါက တရားရုံးတွင် အငြင်းပွှားမှုများ ဖြေရှင်းဆောင်ရွက်ကြလျှင် တရားပြိုင်အဖြစ် မိမိအား ထည့်သွင်းလာနိုင်ပါသည်။
ဆောက်လုပ်မည့်မြေကွက်၏ တည်နေရာ အကျယ်အဝန်း ဧရိယာ၊ မြေကွက် အမှတ်၊ ဦးပိုင်အမှတ်၊ မြေတိုင်းရပ်ကွက်၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် တရားဝင်အမည်ပေါက် အမည်တို့အား စာချုပ်တွင် အသေးစိတ်ဖော်ပြထား ရပါမည်။ အဆောက်အအုံကြီးများတွင် ကန်ထရိုက်ဘက်ခြမ်းမှ ပရီမီယံကြေး၊ အာမခံပစ္စည်းအား သတ်မှတ်ကာလအတွင်း ပေးအပ်ရသည်များလဲ ရှိပါသည်။ စာချုပ်ပါ မြေရှင်၊ကန်ထရိုက် လိုက်နာရမည့် အပြန်အလှန် စည်းကမ်းချက်များအား ထည့်သွင်းချုပ်ဆိုရန် မမေ့သင့်ပါ။ အောက်ဖော်ပြပါ အချက်အလက်များအား မြေရှင်နှင့်ကန်ထရိုက် အကျိုးတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမှု ပြုရပါမည်။
-မြေပိုင်ဆိုင်မှု ဂရန်မူရင်း၊ မှတ်ပုံတင်စာချုပ်မူရင်းများအား လိုအပ်သည့်အခါတိုင်း မြေရှင်ဘက်မှ စည်ပင်ဌာနသို့ လိုက် လံ့ပြပေးရန်
-ကန်ထရိုက်မှ အဆောက်အအုံ ယာ/အုံ ဌာန၏ ခွင့်ပြုချက် ဆောက်လုပ်ခွင့်ပါမစ်ပါအတိုင်း အဆောက်အအုံအား ဆောက် လုပ်ရန်၊ (BCC)အဆောက်အအုံပြီးစီးကြောင်း အသိအမှတ်ပြုသည့် လက်မှတ်ရရှိသည်အထိ ကန်ထရိုက်မှ ဆောက်ရွက်ပေးရန်
-မြေရှင်နှင့် ကန်ထရိုက်ကြားတွင် လုပ်ငန်းစဉ်များအလိုက် ပြီးစီးမှုအသေးစိတ်အချိန်ကာလအား ထုတ်ဖော်သဘောတူညီမှု ကြိုတင်ပြုရန်
-ဆောက်လုပ်ခွင့် ပါမစ်ပါအတိုင်း တိုက်ခန်းများ၏ အကျယ်အဝန်း၊ အမြင့်နှင့်အညီ ကန်ထရိုက်မှာ သဘောတူဆောက်လုပ်ရန်
- မြေရှင် အခန်းများအား ကန်ထရိုက်မှ မည်သည့်အခြေအနေအတိုင်း အပ်နှံမည်ဆိုသည့်အကြောင်း အသေးစိတ်စာချုပ်တွင် ဖော်ပြရန်
- အကယ်၍ သတ်မှတ်ကာလအတွင်း အဆောက်အအုံဆောက်လုပ်ပြီးစီးမှုမရှိပါက ကန်ထရိုက်မှ လိုက်နာတာဝန်ယူရမည့် အချက်များဖော်ပြရန်
- အဆောက်အအုံပိုင်း အရည်အသွေးပိုင်း စိတ်ချသေချာမှုရှိစေရန် ဆောက်လုပ်ရေးပိုင်း အသုံးပြုပစ္စည်း၊ အမှတ်တံဆိပ်များ စာချုပ်၌ ထည့်သွင်းချုပ်ဆိုလိုပါက ချုပ်ဆိုရန်၊
- အခန်းခွဲဝေမှုအား အသေးစိတ်စာချုပ်တွင် ဖော်ပြကာ ကန်ထရိုက်မှ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်းအား မြေရှင်မှ သဘော တူခွင့်ပြုရန်နှင့် မြေရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးရန်
- မြေရှင်နှင့် ကန်ထရိုက် ပြောင်းရွှေ့စရိတ်အား ညှီနှိုင်းပြောဆိုရခြင်းများရှိပြီး ပြောင်းရွှေ့ကာလ၊ ပြောင်းရွှေ့စရိတ်အား ထည့် သွင်းချုပ်ဆိုရုံမျှဖြင့် မလုံလောက်ပါ။ အကယ်၍ သတ်မှတ်ဆောက်လုပ်ရေး အချိန်အတွင်း ကန်ထရိုက်မှ ဆောက်လုပ် မပြီးစီးလျှင် မြေရှင်နေထိုင်မှုစရိတ်အား ကန်ထရိုက်မှ ထပ်မံတာဝန်ယူပေးရန်
- ရန်သူမျိုးငါးပါး၊ သဘာဝဘေးအန္တရာယ်များကြောင့် လုပ်ငန်းကြန့်ကြာမှုရှိပါက မြေရှင်နှင့်ကန်ထရိုက် ညှိနှိုင်းမှုပြုရန် အခြေ အနေများအား စာချုပ်၌ ထည့်သွင်းချုပ်ဆိုရမည်ဆိုသည့်အကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com