ဗဟုသုတ | Posted by ဇာနည်ကျော်
သောက်နေကျ နွားနို့တွေကို အိမ်ရှေ့ခန်းထဲက မှန်ဗီရိုထဲ ဘယ်သူမှ ထည့်သိမ်းမှာ မဟုတ်ဘူးနော်။ ဒီလိုပဲ အလှကုန်တွေထဲကိုလည်း ရေချိုးခန်းထဲက ဗီရိုလေးထဲ ဘယ်သူက ထည့်သိမ်းပြီး သုံးမှာလဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ သင့်အလှကုန်တွေ တာရှည်ခံဖို့ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးသင့်တယ်ဆိုတာပါပဲ။ ဘယ်လိုအလှကုန်တွေကို ရေခဲသေတ္တာထဲ ထည့်သုံးရမယ် ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ Eye Cream (သို့) Gel
မျက်လုံးအစ်လို့၊ မို့လို eye cream တွေ လိမ်းတတ်ကြတယ်ဟုတ်။ တစ်ခါတစ်လေ အစားအသောက်မှားလို့၊ အငန်တွေ အများကြီး စားလိုက်မိလို့ မို့နေတဲ့ မျက်လုံးတွေအတွက် လိမ်းပေးရတဲ့ eye cream တွေ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး လိမ်းခါနီးမှ ထုတ်လိမ်းလိုက် မယ်ဆိုရင် မျက်ဝန်းတစ်ဝိုက် အစ်နေ ဖောင်းနေတာတွေကို လျော့ကျသွားမှာပါ။ အအေးဓာတ်က ဖောင်းအစ်နေတာတွေကို လျှော့ချပေးနိုင် တယ်ဆိုတာ မယုံမရှိပါနဲ့။
၂။ sunscreen
နေပူထဲသွားရင် လိမ်းနေကျ sunscreen ကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ လုံးဝမသုံးရသေးတဲ့ ဗူးအသစ်ရှိတယ်ဆိုရင် မသုံးခင်အချိန်ကတည်းက ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးနိုင်ပါတယ်။ အသားအရေအတွက် အထူးသင့်လျော်တာမို့ စမ်းကြည့်လိုက်ပါလို့။
၃။ လက်သည်းဆိုးဆေး
အပူချိန်မြင့်မားတဲ့အခါ၊ ဒါမှမဟုတ် နေရောင်ခြည်က လက်သည်းဆိုးဆေးပုလင်းတွေပေါ် တိုက်ရိုက်ကျရောက်နေတဲ့အခါမျိုးတွေမှာ လက်သည်းဆိုးဆေးရည်ဟာ ပြစ်သွားတာမျိုး၊ ဒါမှမဟုတ် ကာလာပြောင်းသွားတာမျိုးတွေ ရှိတတ်ပါ တယ်။ မစိုးရိမ်ပါနဲ့။ လက်သည်းဆိုးဆေး ပုလင်းတွေကို ရေခဲသေတ္တာထဲမှာ ပစ်ထည့်ထားလိုက်ပါ။ ကာလာလည်း ပြောင်းလဲခြင်းမရှိ၊ အရည်ပြစ်သွားတာလည်း မရှိပဲ အားလုံး အိုကေသွားပါလိမ့်မယ်။
၄။ ရေမွှေး
အပူချိန်နဲ့ နေရောင်ခြည်ထိတွေ့မှုတွေ ရှိနေမယ်ဆိုရင် သုံးနေကျ ရေမွှေးတောင် အနံ့ပြောင်းသွားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သင့်သိပ်ကြိုက်တဲ့ ရေမွှေးတွေကို ဒီအတိုင်း ရနံ့သင်းသင်းလေးနဲ့ မပြောင်းလဲတမ်းရှိနေဖို့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပေါ့။
၅။ နှုတ်ခမ်းနီ
နှုတ်ခမ်းနီတွေ ကြာရှည်ခံဖို့ဆိုရင်လည်း ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။ ဒါဟာ သင့်နှုတ်ခမ်းနီအရောင်အတွက်သာမက အပူကြောင့် အရောင်ပြောင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်တာကြောင့်ပါ။
၆။ မိတ်ကပ်ရည်နဲ့ အရည်အလှကုန်များ
ဖောင်ဒေးရှင်းကစလို့ mascara လို အလှကုန်အရည်တွေအားလုံးကို ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် စတင်သုံးစွဲတဲ့အချိန်ကစလို့ ဘယ်လောက်ထိသာ ကြာရှည်ခံမယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်တစ်ခုပါပြီးသားပါ။ ဒါ့ကြောင့် သုံးနေစဉ် အတောအတွင်းသာမက သတ်မှတ်ထားတဲ့ အချိန်အထိ တာရှည်ခံဖို့ဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။
၇။ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အလှကုန်များ
သဘာဝအတိုင်း ထုတ်ထားတဲ့ လိုးရှင်း၊ ဆပ်ပြာစတဲ့ အရာတွေထဲမှာ ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တတ်ပါဘူး။ ဒါ့ကြောင့် ကြာရှည်ခံဖို့ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit : Trend Myanmar