ဗဟုသုတ | Posted by ဇာနည်ကျော်
ဒီတစ်ပတ်မှာတော့ မည်သည့်ကိစ္စရပ်များတွင် ကျမ်းကျိန်လွှာပြုလုပ်ရန် လိုအပ်သနည်း။ကျမ်းကျိန်လွှာသည် သက်သေခံအထောက်အထားဖြစ်ပါသလား။.....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။
⚖️မေးခွန်း(၁) - မည်သည့်ကိစ္စရပ်များတွင် ကျမ်းကျိန်လွှာပြုလုပ်ရန် လိုအပ်သနည်း။ကျမ်းကျိန်လွှာသည် သက်သေခံအထောက်အထားဖြစ်ပါသလား။
ကျမ်းကျိန်လွှာဆိုသည်မှာ ကတိသစ္စာပြုခြင်းပင်ဖြစ်ပြီး သက်သေခံဥပဒေပုဒ်မ - ၃ အရ သက်သေခံအထောက်အထားပင်ဖြစ်ပါသည်။ တရားရုံးများ သမ္မာန်စာအတည်ပြုသည့်ကိစ္စရပ်များ၊ ရုံးပြောင်းလျှောက်ထားမှုများ၊ ပြည့်သူ့ဝန် ထမ်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ကျမ်းကျိန်လွှာတင်ပြစေခြင်းများရှိပါသည်။ တရားရုံးများမှ ကျမ်းကျိန် လွှာဖြင့် သက်သေခံအထောက်အထား တင်ပြရန် ညွှန်ကြားသည့် ကိစ္စမှအပ သက်သေခံအဖြစ် လက်ခံ၍ မရပါ။
တရားရုံးသည်လုံလောက်သင့်လျှော်သည် ထင်မြင်သော သီးခြားအကြောင်းအရာ တစ်စုံတစ်ရာအား တရားမကျင့်ထုံးဥပဒေအမိန့်- ၁၉ နှင့်အညီ ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြစေရန် အမိန့်ချမှတ်နိုင်သည်။ တရားရုံးမှ ကျမ်းကျိန်လွှာဖြင့် သက်သေပြရန် အမိန့်ချမှတ်ခြင်းမရှိပါက ကျမ်းကျိန်လွှာဖြင့် သက်သေထူ၍ မရနိုင်ပါ။
ကတိသစ္စာပြုလွှာနှင့် ကျမ်းကျိန်လွှာမှာလဲ မတူညီပါ။ အကြောင်းချင်းရာတစ်ခုအား လိမ်လည်၍ မမှန်မကန် ကျမ်း ကျိန်ဆိုသက်သေခံလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၁၉၃ ကို ဖောက်ဖျက်ကျူးလွန်ခြင်းပင်ဖြစ်ပြီး လိမ်လည်၍ ကျမ်းကျိန်ဆိုလျှင် နိုင်ငံတော်မှ တရားလိုပြု၍ တရားစွဲဆိုနိုင်ပါသည်။
အိမ်ခြံမြေများနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ တရားဝင်ခင်ပွန်း၊ ဇနီး၊ သားသမီး တော်စပ်မှု မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ၊ GP/SP ပေးအပ်ထားသူမှာ သက်ရှိထင်ရှားရှိသည်မှာ မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ စသဖြင့် မိမိတင်ပြလိုသော အကြောင်းအရာပေါ်မူတည်၍ ကျမ်းကျိန်လွှာအမျိုးမျိုးရှိကြပြီး မှန်ကန်သည့်ကိစ္စကိုသာ ကျမ်းကျိန်ဆိုနိုင်ပါသည်။
နိုင်ငံခြားရောက်နေသူတစ်ဦးမှာ ကျမ်းကျိန်လွှာပြုလုပ်လိုပါက သံအမတ်(သို့)သံရုံးတာဝန်ခံရှေ့တွင် ကျမ်းကျိန်လွှာ ပြုလုပ်နိုင်ပါသည်။
ကျမ်းကျိန်လွှာအား အိမ်ခြံမြေများတွင် ပိုင်ဆိုင်မှု စာရွက်စာတမ်းအဖြစ် အသုံးမပြုနိုင်ပါ။ အမွေဆက်ခံခြင်း၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်းများတွင်လဲ ကျမ်းကျိန်လွှာဖြင့် အထောက်အထားများပြုကာ ဆောင်ရွက်ခွင့်မရှိပါ။ ထို့ကြောင့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းလိုပါက စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကျမ်းကျိန်လွှာအား မှတ်ပုံတင်လိုပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် (၄)လအတွင်း မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ (၄)လအတွင်း မှတ်ပုံတင်ရှိခြင်းမရှိသော ကျမ်းကျိန်လွှာအား အထောက်အထားဖြစ် အသုံးပြုခွင့်မရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
⚖️မေးခွန်း(၂) - မြေကွက် (ပေ 40 x ပေ 60) မှ ပေ 20 မြေကို ဂရန်ရအောင် ဘယ်လိုလျှောက်ရမလဲ။
ဂရန်အမျိုးမျိုးရှိရာ နှစ်ပေါင်း (၉၀) အထိ သက်တမ်းတိုးဆောင်ရွက်နိုင်သော နှစ်(၃၀) မြေငှားဂရန်၊ နှစ်-(၆၀) ဂရန်၊ အဆောက်အအုံမှာ ရေရှည်တည်တံ့ မခိုင်မာပါက နှစ်ပေါင်း(၁၀) နှစ် မြေငှားဂရန်များအား မြေခွန်ထမ်းဆောင်စေ၍ ထုတ်ပေးပါသည်။ (၁၀) နှစ် ဂရန်ဆိုရင်တော့ သက်တမ်းတိုးလဲလှယ်ခွင့်မရှိပါ မြေငှားဂရန်အသစ်သာ ပြန်လည်လျှောက် ထားရပါမည်။
အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ အခန်း-(၂)၊အခန်း-(၃)၊ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း ဥပဒေအခန်း-(၂) နှင့်အညီ လိုက်နာဆောင်ရွက်ကြရပြီး ဌာနမှ ထုတ်ပေးလိုက်သောမြေငှားဂရန်များအား လဲ ဦးပိုင်မှတ်ပုံတင်စာရင်း ၁(က) တွင် ရေးသွင်းမှုပြုထားပြီး မြေကွက်ခွဲစိတ်လိုပါက မြေယာစီမံခန့်ခွဲမှုဌာန၏ ခွင့်ပြုချက် ရရှိရန် လျှောက်ထားရမည်ဖြစ်ပါသည်။
ခွဲစိတ်ဂရန်လျှောက်ထားမည့် မြေကွက်၏စုစုပေါင်း အကျယ်အဝန်းမှာ ၁၂၀၀ စတုရန်းပေ အနည်းဆုံးရှိရပါမည်။ ဂရန်မြေအမျိုးအစားမဟုတ်ဘဲ အခြားလူနေထိုင်ခွင့် ခွင့်ပြုမြေအမျိုးအစား ဖြစ်ပါက ၁၂၀၀ စတုရန်းပေ မပြည့်လဲ မြေကွက်အား ခွဲစိတ်ခြင်းပြုနိုင်ပါသည်။ ခွဲစိတ်မည့် မြေကွက်သည် မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရမည်ဖြစ်ကာ တဖက်မှ ခွဲစိတ်ပြီး ကျန်ရှိမည့် မြေကွက်မှာလဲ အနည်းဆုံး မျက်နှာစာပေ (၂၀) ကျန်ရှိမှ မြေကွက်ခွဲစိတ်ခြင်း ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
အဆောက်အအုံရှိလျှင် မြေကွက်ခွဲစိတ်မျဉ်းများနှင့် လွတ်ကင်းမှုရှိမှသာ မြေကွက်ခွဲစိတ်ခြင်းကို ဌာနမှ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ခွဲစိတ်မြေကွက်သို့ အဝင်အထွက် အများပိုင်လမ်း မရှိပါက ကိုယ်ပိုင်လမ်း အသုံးပြုရန် စည်ပင်မှ သတ်မှတ်ပေအတိုင်း မြေကွက်ခွဲစိတ် လျှောက်ထားသူမှ မြေချန်လှပ်ပေးရပါမည်။ ဌာနမှ မြေကွက်အား ကွင်းဆင်းတိုင်းတာသည့်အခါ စုစုပေါင်းဧရိယာမှာ မြေစာရင်းမှတ်ချက်များအတိုင်း ကိုက်ညီမှုရှိရန်လဲ လိုပါသည်။
ဂရန်မြေအပြင် မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ B လ/န ၃(ခ) မြေ၊ B လ/န ၃၉ မြေ၊ ၃(က) ဝန်ခံချက် လက်မှတ်ရရှိပြီးမြေ၊ ၃(ခ) ရရှိပြီး (အိမ်ယာမြေ)တို့အား မြေကွက်ခွဲစိတ်ခြင်း ပြုနိုင်ပါသည်။ တစ်ဦးတည်း အမည်ပေါက်မြေ၊ အများအမည်ပေါက်မြေများအား ခွဲစိတ်၍ အတည်ပြုတိုင်းခွဲ ဆောင်ရွက်နိုင်သလို ပေါင်းစည်း အတည်ပြု တိုင်းခွဲလည်း ဆောင်ရွက်နိုင်ပါသည်။
ခွဲစိတ်မြေပုံလျှောက်ထားခြင်း စတင်ပြုရမည်ဖြစ်ပြီး မြေငှားဂရန်မူရင်း ၊ မှတ်ပုံတင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မူရင်းမိတ္တူ၊တရားရုံးမှာ မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး အမိန့်တစ်ရပ်ရပ်ချမှတ်ပေးထားခြင်းရှိလျှင် မူရင်းမိတ္တူ၊ လျှောက် ထားသူ၏ မှတ်ပုံတင် မူရင်းမိတ္တူ၊ နောက်ဆုံးပေးဆောင်ထားသော မြေခွန်ပြေစာမရှိလျှင် မြေငှားခကြွေးကျန် ကင်းရှင်း ကြောင်း ထောက်ခံချက် မူရင်းမိတ္တူ၊မြေတိုင်းတာခြင်း မြေပုံမိတ္တူ (တစ်နှစ်အတွင်း မှန်ကန်ကြောင်း သက်သေ ခံမြေပုံ)တို့အပြင် လိုင်စင်ရ အင်ဂျင်နီယာမှ ရေးဆွဲပေးထားသည့် အသေးစိတ်တွက်ချက်မှု၊ မြေကွက်ခွဲစိတ်အတည်ပြု ပုံစံ-(၃ စုံ) အား မြေကွက်ခွဲစိတ်ရန်အတွက် တင်ပြလျှောက်ထားမှုပြုရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
⚖️မေးခွန်း(၃) - အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြသော ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ အဘယ်နည်း။
တရားမမှုများတွင် တရားလိုနှင့် တရားပြိုင်ဟူ၍ရှိရာ တရားရုံးသို့ နစ်နာသူ တရားလိုကိုယ်စားဖြစ်စေ၊ တရားပြိုင်ကိုယ်စားဖြစ်စေ လာရောက်ရန်အတွက် နိုထရီပဗ္ဗလစ်ရှေ့နေမှတဆင့် သက်သေခံဥပဒေပုဒ်မ-၈၅ အရ မှန်ကန်ကြောင်း အသိအမှတ်ပြု ကိုယ်စားလှယ်လွှဲစာ ခန့်အပ်ဆောင်ရွက်နိုင်ပါသည်။ အမှုတွဲတွင် တရားလို/တရားပြိုင် ၎င်း၏ ကိုယ်စားလှယ်စာရသူ မည်သူဆိုပြီး ဖော်ပြရေးသားရန် လိုပါသည်။ ကိုယ်စားလှယ်မှလဲ အဆိုလွှာတွင် မှန်ကန်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးရပါမည်။
ထို့သို့ ဆောင်ရွက်ပြီးသည့်အခါ အမူသည်ကိုယ်တိုင် တရားရုံးသို့ လာရောက်ရန် မလိုတော့ဘဲ ကိုယ်စားလှယ်များ မှသာ သက်သေခံတင်ပြခြင်း၊ အစစ်ဆေးခံခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှာ ပဋိဉာဉ် ဥပဒေပုဒ်မ-၂၁၁ အရ ခွင့်ပြုသည့်ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်ခွင့်ရှိပါသည်။ကိုယ်စားလှယ်၊ အထူးအာမခံကိုယ် စားလှယ်၊ ပူးတွဲကိုယ်စား လှယ်ဟူ၍ ကိုယ်စားလှယ် (၃)မျိုး ရှိပါသည်။
ပဋိဉာဉ်ဥပဒေပုဒ်မ- ၂၀၁ အရလဲ အကြီးအကဲမှ အခွင့်အာဏာကို ရုတ်သိမ်းခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ တစ်ဦးဦး သေဆုံးခြင်း ၊ အကြီးအကဲသည့် ကြွေးမဆပ်နိုင်သော အင်ဆော်လဝင်အဖြစ် ကြေညာခံရခြင်း၊ ကိုယ်စားလှယ်ဖြစ်သူမှ ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်ရန် ငြင်းဆိုခြင်း၊ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းတို့တွင် ကိုယ်စားလှယ် ခန့်အပ်ခြင်းမှာ ဆုံးခန်းတိုင် မည်ဖြစ်ပါသည်။
တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာတော့ ကွယ်လွန်သူအမှုသည်၏ အမွေဆက်ခံခွင့်ရှိသူဖြစ်ပြီး ကွယ်လွန်သူအမှုသည် သေဆုံးပြီးရက်ပေါင်း (၉၀)အတွင်း လျှောက်ထားရမည်ဖြစ်ပါသည်။ ဒီကရီချမှတ်ပြီး အမှုများတွင်လဲ တရားဝင် ကိုယ်စားလှယ်မှာ ကွယ်လွန်သူအမှုသည်ကိုယ်စား လိုက်နာဆောင်ရွက်ရန် လိုပါသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ-(၂(၁၁)) တွင် တရားဝင်ကိုယ်စားအကြောင်း ဖော်ပြထားပါသည်။
တရားဝင်ကိုယ်စားလှယ်မှာ အမိန့် (၂၂) ပါပြဌာန်းချက်များအရ တရားစွဲဆိုထားဆဲ၌ အမှုသည်တစ်ဦးဦး ကွယ် လွန်မှသာ အမှုသည်ကိုယ်စားဆောင်ရွက်ရန်အကြောင်း ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ တရားမဇာရီမှုများတွင်လဲ တရားဝင် ကိုယ်စားလှယ်ထည့်သွင်းနိုင်ရန် တရားမကျင့်ထုံး ဥပဒေပုဒ်မ - ၅၀(၁)၊၁၄၆ အရ တောင်းဆိုနိုင်ပါသည်။အမူသည် သေဆုံးသည့်အခါ တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်အတွက် လျှောက်ထားခြင်းမပြုနိုင်သော အမှုများလဲရှိပြီး ၎င်းတို့မှာ သရေဖျက်မှုအတွက် လျော်ကြေးရလိုမှု၊ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်သောကြောင့် လျော်ကြေး ရလိုမှု တို့ဖြစ်ပြီး အဆိုပါအမှုများအား အမှုအတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန် တောင်းဆို၍ မရနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com