သက်ဆိုင်ရာ ၀န်ကြီးဌာနများ ချိတ်ဆက်နိုင်မည် ဆိုပါက တန်ဖိုးနည်း အိမ်ရာများ ဖြစ်ပေါ်လာနိုင်ဟုဆို
သက်ဆိုင်ရာ ၀န်ကြီးဌာနများ ချိတ်ဆက်နိုင်မည် ဆိုပါက တန်ဖိုးနည်း အိမ်ရာများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပြီး၊ ချိတ်ဆက်ရန် အတွက် ကမ်းလှမ်းမှုများ မကြာခဏ ဆောင်ရွက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိကြောင်း အိုးအိမ်နှင့် မြို့ရွာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ဝန်ကြီးဌာနတွေ ချိတ်ဆက်လိုက်ရင် တစ်ခန်းချင်းစီရဲ့ တန်ဖိုးက လျော့ကျ သွားနိုင်တယ်။ ရေဆိုရင်လည်း စည်ပင်က ပေးရမယ်။ မီးဆိုရင်လည်း လျှပ်စစ်ဌာနက ပေးရမယ်။ အဲဒီလို အချင်းချင်း ပူးပေါင်းလိုက်ရင် အခန်း တစ်ခန်းကို ကျပ်သိန်း (၁၀၀) အောက်ထိ လျှော့ကျနိုင်တယ်”” ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောသည်။
လက်ရှိတွင် တိုက်ခန်း တစ်ခန်း ဆောက်လုပ်မည် ဆိုပါက တစ်ပေ ပတ်လည်ကို အလုပ်သမား စရိတ်မပါ ကျပ်နှစ်သောင်း ကုန်ကျမည် ဖြစ်ပြီး၊ တစ်ယူနစ်ကို ကျပ်သိန်း (၇၀) ထိ ကုန်ကျကြောင်း သိရသည်။ လျှပ်စစ် မီး၊ ရေနှင့်လမ်းများ ဖောက်လုပ်ပါက တစ်ယူနစ်လျှင် ကျပ်သိန်း (၃၀) အထိ ကုန်ကျပြီး၊ အခြား အိပ်ခန်းဖွဲ့စည်းမှု၊ အလုပ်သမား စရိတ်များ တွက်ချက်ပါ က ကျပ်သိန်း (၂၀၀) ထိ ကုန်ကျနိုင်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ထည့်သွင်း ပြောကြားထားသည်။
လျှပ်စစ်ဆိုလည်း ရောင်းဖို့ပဲ စိတ်ဝင်စားတယ်။ တစ်ဖက်မှာ အမြတ်တင်ပြီး ရောင်းရင် တစ်ဖက်မှာ အရှုံးခံပြီး လုပ်လိုက်ပေါ့။ ဒါဆိုရင် တန်ဖိုးနည်း အိမ်ရာ ဖြစ်လာမှာပါ။ အခုတော့ အစိုးရက မြေစိုက်ပေးတယ်။ အိုးအိမ်က တည်ဆောက်မှု အတွက် တာဝန် ယူထားတယ်။ လျှပ်စစ်ရဖို့လည်း လုပ်ရတယ်။ ရေရဖို့လည်း လုပ်ရတယ်။
ပြီးတော့ သွားလာရေး လွယ်ကူအောင်လည်း လုပ်ရတဲ့ အချိန်ကျတော့ ဘယ်လိုမှ တန်ဖိုးနည်း အိမ်ရာဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး”” ဟု အိုးအိမ်နှင့် မြို့ရွာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးမြင့်မိုရ်ဆွေက The Messenger Media သို့ပြောသည်။ ထို့ပြင် လက်ရှိတွင် အိမ်ရာပေါ်လစီ မရှိခြင်း ကလည်း ၀န်ကြီးဌာန အချင်းချင်း ချိတ်ဆက်နိုင်မှုကို ခက်ခဲစေကြောင်း ၎င်းက ထပ်မံပြောသည်။
ဝင်ငွေနည်း မိသားစုများ နေထိုင်ရန် အတွက် တန်ဖိုးနည်း တိုက်ခန်းများသည် ယိုးဒယား နိုင်ငံတွင် (၃၃၀) စတုရန်းပေ၊ ဟောင်ကောင်တွင် (၁၈၀) စတုရန်းပေ၊ တရုတ်တွင် (၃၀၀) စတုရန်းပေ အထိသာ မိသားစုများ နေထိုင်ကြပြီး၊ မြန်မာနိုင်ငံ၌မူ ၀င်ငွေ နည်း မိသားစု တစ်စု နေထိုင်မှုသည် (၄၆၈) စတုရန်းပေ အထိ နေထိုင်နိုင်ခြင်းကြောင့်လည်း တန်ဖိုးနည်း အိမ်ရာ ဖြစ်နိုင်ခြေသည် အလွန်နည်းပါးကြောင်း သိရသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် အိမ်ခန်းပေါင်း တစ်သန်း အထိ တည်ဆောက်သွားရန် စီစဉ်ထားပြီး၊ ရန်ကုန် စည်ပင်မှလည်း ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးနေ ပြီး၊ အရစ်ကျ ၀ယ်ယူနိုင်ရန် စီစဉ် ထားသော်လည်း သတ်မှတ် ထားသောဈေးနှုန်းများသည် ကျပ်သိန်း (၂၀၀) အထက် ရှိနေခြင်းကြောင့် ၀င်ငွေနည်း ပြည်သူများမှာ ၀ယ်ယူနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။
ဌာနချင်း ချိတ်ဆက်မှုက အားနည်းတဲ့ အတွက်လည်း ဈေးနှုန်းက တန်ဖိုးနည်း မဖြစ်ဘူး။ ပြီးတော့ Supply နဲ့ Demand ကလည်း မညီတဲ့အတွက် ပိုပြီးတော့ တန်ဖိုးနည်း အိမ်ရာ ဖော်ဆောင်မှုမှာ အားနည်းတယ်။၂၀၁၅ ခုနှစ်မှာ အိမ်ရာ ပေါ်လစီ ထွက်လာရင်တော့ တန်ဖိုးနည်း အိမ်ရာက အကောင်အထည် ပေါ်လာနိုင်တယ်”” ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။ ထို့ပြင် လူတန်းစား အလွှာပေါင်းစုံ ၀ယ်ယူနိုင်ရန် အတွက် အစိုးရ ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များကလည်း အရစ်ကျ ငွေကြေးစနစ်ကို ယခုထက် ပိုမို၍ နှစ်ရှည် စီမံကိန်း ပြုလုပ်သင့်ကြောင်း ၄င်းက ထပ်မံပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ အပါ အ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးမျှတ အိမ်ရာများတည်ဆောက် နေသော်လည်း ဈေးနှုန်း မြင့်မားမှုကြောင့် နေထိုင်နိုင်ရန် ခဲယဉ်းနေပြီး၊ရန်ကုန်မြို့တွင် ဆောက်လုပ်သည့် တန်ဖိုးနည်း အိမ်ရာနှင့် လူဦးရေတို့သည် လုံလောက်မှုမရှိဘဲ သုံးပုံ တစ်ပုံခန့်သာ လွှမ်းခြုံမှု ရှိနေကြောင်း သိရသည်။
Credit: messenger