ဘားအံစက်မှုဇုန်တွင် မြေကွက်ပေါက်ဈေး တစ်ဆကျော်မြင့်တက်နေပြီး စက်ရုံတည်ဆောက်မှုမှာ လစဉ် တစ်ရာခိုင်နှုန်းသာ တိုးတက်
ဘားအံစက်မှုဇုန်တွင် မြေကွက်ပေါက်ဈေး တစ်ဆကျော်မြင့်တက်ပြီး စက်ရုံတည်ဆောက်မှု အနေအထားမှာ လစဉ် တစ်ရာခိုင်နှုန်းသာ တိုးတက်မှုရှိနေကြောင်း စက်မှုဇုန်ကို လေ့လာစောင့်ကြည့်နေသူများ၏ ပြောကြားချက်အရ သိရသည်။
“ဘားအံစက်မှုဇုန်ကို ရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ ဒေသခံလူငယ်လူရွယ်တွေ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ နိုင်ငံခြား နည်းပညာ အသစ်အဆန်းရရှိဖို့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့ သက်ဆိုင်ရာက အကောင်အထည် ဖော်ပေးတာဖြစ်တယ်။ အခု မြေနေရာဟေ့ဆိုရင် သူတို့က သတင်းဦးရရှိပြီး ငွေကြေးရင်းနှီးပြီး လက်ဦးအောင်ယူတယ်။ ဒါတွေကို သေချာစိစစ်ပြီး မြေနေရာသိမ်းသင့်သိမ်းပြီး တကယ်ခံယူချက်ရှိတဲ့ လုပ်ငန်းရှင်တွေကို ချပေးသင့်တယ်” ဟု ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဘားအံစက်မှုဇုန်သည် ဘားအံမြို့နယ် မိဇံကျေးရွာအုပ်စုအတွင်း တည်ရှိပြီး မြေဧက ၉၉၈ ကျယ်ဝန်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တည်ရှိပြီး ဇုန်လေးဇုန်ခွဲခြား သတ်မှတ်ထားသော မြန်မာနိုင်ငံ၏ ၁၉ ခုမြောက် စက်မှုဇုန်ဖြစ်ကြောင်း သိရသည်။
ဘားအံစက်မှုဇုန်အတွင်း မြေကွက်တစ်ကွက်ချင်း တန်ဖိုးအနေဖြင့် ဇုန် ၁ တွင် မြေကွက်တစ်ဧက ကျပ်သိန်း ၃၇၅ မှ ကျပ် ၄၅ဝ သိန်း၊ ဇုန် ၂ တွင် မြေကွက်တစ်ဧက ကျပ် ၂၅ဝ သိန်းမှ ကျပ်သိန်း ၃ဝဝ၊ ဇုန် ၃ တွင် မြေကွက် တစ်ဧက ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၂၅ဝ ၊ ဇုန် ၄ တွင် မြေကွက် (၈ဝ ပေ x ၈ဝ ပေ ) ကျပ်သိန်း ၃ဝ မှ ကျပ် သိန်း ၄ဝ အထိရှိပြီး လက်ရှိ မြေကွက်ပေါက်ဈေးအနေဖြင့် ဈေးကွက်အတွင်း တစ်ဆကျော် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန်၊ ဘုရားသုံးဆူစက်မှုဇုန်နှင့် မြဝတီစက်မှုဇုန်တို့ ရှိပြီး ဘားအံစက်မှုဇုန်နှင့် မြဝတီစက်မှုဇုန်တို့တွင် ဂျပန်၊ ထိုင်း၊ ကိုးရီးယားနှင့် တရုတ်နိုင်ငံတို့မှ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းလျက်ရှိကြောင်း သိရသည်။
Credit: eleven media group