Knowledge | Posted by Shwe Zin Win
မြေလွတ်၊မြေလပ် ဆိုသည်မှာ လယ်ယာမြေ အမျိုးအစားနှင့်တော့ မသက်ဆိုင်သော ယခင်ကသီးစားခံယူ လုပ်ကိုင်ခဲ့ဖူးပြီး စွန့်လွှတ်ထားသော မြေကို ခေါ်ဆိုနိုင်ပါသည်။ ထိုအထဲတွင်နိုင်ငံတော်က သီးသန့်လျာထားသည့် မြေများလဲ ပါဝင်ပါသည်။ မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ဝါးပင်၊ ခြံနွယ်တို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မြေအနေအထားမှာလဲ ညီညာသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမှ အသုံးမပြုထားသောတောရိုင်းမြေကို ဆိုလိုပါသည်။ ထိုအထဲတွင် တရားဝင် ပယ်ဖျက်မှု မပြုရသေး သော ကြိုးဝိုင်း သစ်တောမြေ၊ စားကျက်မြေနှင့် အင်း အိုင်မြေများလဲ ပါဝင်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံခန့်ခွဲမှုအောက် တွင်ရှိပြီးမြေလွတ်၊မြေလပ်၊မြေရိုင်း ဗဟိုကော်မတီလဲ ဖွဲ့စည်းထားရှိပါသည်။မြေလွတ်မြေလပ်မြေရိုင်းအားအသုံးပြုခွင့်ရရှိလိုသူသည် ဝန်ကြီးဌာနနှင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက် လိုအပ်ပါသည်။
လျှောက်ထားသူမှ မြေအသုံး ပြုရန်အတွက် ခွင့်ပြုချက်ရရှိလျှင်သတ်မှတ်အာမခံကြေးအား ကြိုတင်ငွေတစ်ရပ်အဖြစ် ဘဏ်တစ်ခုခုတွင် ထားရှိရပါမည်။ မြေခွန်များ သတ်မှတ်ပေးပြီးပါကလဲ မြေခွန်ကို မပျက်မကွက် ပေးဆောင်ရပါမည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းမြေအား စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တူထုတ်လုပ်ခြင်းလုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်များတွင် အသုံးပြုခြင်းပြုနိုင်ပါသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား လျှောက်ထားသူသာ လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီးတနည်းနည်းဖြင့် ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ မြေကွက်ခွဲစိတ်ခြင်း၊ လွှဲပြောင်းခြင်း ဆောင်ရွက်ခွင့်မရှိပါ။ ခွင့်ပြုသည်မှလွှဲ၍ မြေပေါ်မြေအောက်ရှိ သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း မပြုနိုင်ပါ။
ခွင့်ပြုမိန့်ရရှိ ပြီးပါက လုပ်ကိုင်အသုံးပြုနေသော အထောက်အထားအဖြစ် ဓာတ်ပုံမှတ်တမ်းများ ပူးတွဲကာ ဗဟိုကော်မတီသို့ တင်ပြရမည်။ ခွင့်ပြုထားသည့် သယံဇာတမဟုတ်ဘဲ အခြားသော ဓာတ်သတ္တူသယံဇာတများ တွေ့ရှိလျှင် ဗဟို ကော်မတီမှ ပြန်လည်သိမ်းဆည်းနိုင်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအား မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများ၊ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေပုဒ်မ - ၁၄ အရ ကင်းလွတ်ခွင့်ပြုထားသူများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြုပ်နှံသူများမှာ မြေအသုံးပြုရန်အတွက် လျှောက်ထားနိုင်ပါသည်။ တောင်သူမိသားစုများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုလျှင် တစ်ကြိမ်လျှင် ဧက-(၅၀)ထက် မပိုစေဘဲ နှစ်(၃၀)ထက်မပိုကာ ခွင့်ပြုချက် ထုတ်ပေးနိုင်ပါသည်။ (၂နှစ်)အတွင်း သတ်မှတ်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုပါသည်။ နှစ်ရှည်ပင် စိုက်ပျိုးရေး လုပ်ငန်းများအတွက် ခွင့်ပြုခြင်းဖြစ်လျှင် တစ်ကြိမ်လျှင် ဧက-၅၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်ပြီး ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းအတွက်ဖြစ်လျှင် တစ်ကြိမ်လျှင် ဧက-၁၀၀၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ပါသည်။
ခွင့်ပြုလုပ်ငန်းများအား ဆောင်ရွက်ခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်ပါက အာမခံကြေးများ အဆုံးရှုံးခံ ရမည့်အပြင် မြေအား ပြန်လည်သိမ်းဆည်းခြင်း ခံရမည်ဖြစ်ပါသည်။ ဗဟိုကော်မတီမှ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မြေအသုံးပြုသူမှာ အာမခံကြေးအား ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com