ဗဟုသုတ | Posted by နှင်းအိခင်
ပေါ့ပ်ဂီတ၏ အလင်းလက်ဆုံး ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သော Billie Eilish သည် မကြာသေးမီက ကျင်းပခဲ့သော လော့စ်အိန်ဂျလိမီးဘေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီးတွင် Green Day အဖွဲ့ သီဆိုဖျော်ဖြေနေစဉ် စင်မြင့်ပေါ်သို့ တက်လာကာ ပူးပေါင်းပါဝင်သီဆိုခဲ့ရာ ပရိသတ်များ များစွာအံ့အားသင့်ကာ သြဘာပေး ဂုဏ်ပြုခဲ့ကြသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည့် ဂရမ်မီ ဆုပေးပွဲတွင် ဆုရမည်ဟု တစ်ပြေးနေသူ Billie Eilish သည် ဆယ်စုနှစ်တစ်ခုအတွင်း ၉ ကြိမ်တိုင် ရရှိထားပြီးဖြစ်သည်။
အောင်မြင်မှု ကြီးမားစွာရရှိထားပြီသော အသက် ၂၃ နှစ်အရွယ် Billie Eilish ၏ အိမ်ခြံမြေပိုင်ဆိုင်မှုမှာမူ မယုံနိုင်အောင် နည်းပါးလှပြီး လက်ရှိအချိန်အထိ မိဘများ၏ အိမ်တွင် နေထိုင်နေဆဲ ဖြစ်သည်။
Billie Eilish သည် ကန်ဒေါ်လာ သန်း ၅၀ ခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသည်။ အခြားအကျော်အမော်များနှင့် ကွာခြားသည့်အချက်မှာ ထိုမျှချမ်းသာသော်လည်း Billie Eilish မှာ ခမ်းနားသော စံအိမ်ကြီးများ အလွယ်တကူ ဝယ်ယူလိုက်ခြင်းမျိုး မရှိချေ။ နွေးထွေးသည့် မိဘရိပ်တွင်သာ နေထိုင်လျက်ရှိသည်။
Billie Eilish သည် သူ၏ ပွဲဦးထွက်တေးအယ်လ်ဘမ်မှ သီချင်းအများစုကို အစ်ကိုဖြစ်သူ Finneas O’Connell နှင့်အတူ မိဘအိမ်တွင် ပူးတွဲရေးသားခဲ့ခြင်း ဖြစ်သည်။
သူ၏ အစ်ကိုဖြစ်သူမှာလည်း ဂရမ်မီဆု ၁၀ ကြိမ်ရရှိထား အဆိုတော်ဖြစ်သည်။
Billie Eilish နှင့် Fenneas O’Connell တို့သည် No time to die ဇာတ်ကားမှ ဇာတ်ဝင်တေး၊ What was I made for ဇာတ်ကား၏ ဇာတ်ဝင်တေးများဖြင့် Best Orginal Song အဖြစ် အော်စကာဆုများ ရရှိခဲ့သည်။
တေးသီနတ်သမီး Billie Eilish သည် ပထမဆုံး ဂရမ်မီဆုကို အသက် ၁၈ နှစ်အရွယ်တွင် ရရှိခဲ့ခြင်းဖြစ်ရာ ဂရမ်မီဆုရရှိခဲ့သူများအနက် အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပွဲဦးထွက်တေးအယ်လ်ဘမ်တွင် Title သီချင်းအပါအဝင် အများစုကို Billie Eilish ကလေးဘဝကတည်းက နေထိုင်ခဲ့သော မိဘအိမ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
Billie Eilish ၏ မိခင်ဖြစ်သူ Maggie Baird နှင့် ဖခင်ဖြစ်သူ Patrick O’Connell တို့က အဆိုပါအိမ်ကို ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ Billie Eilish သည် သူ၏ကိုယ်ပိုင်အိမ် ဝယ်ယူထားသော်လည်း ယနေ့တိုင် မိဘများ၏ နေအိမ်တွင် နေထိုင်နေဆဲ ဖြစ်သည်။
“ကျွန်မက ဘေးမှာ မိဘတွေရှိနေတာကို သဘောကျတယ်” ဟု Billie Eilish က ၂၀၂၃ ခုနှစ်အတွင်း podcast အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။
(Billie Eilish သည် အောင်မြင်မှုကြီးစွာ ရရှိထားပြီဖြစ်သော်လည်း မိဘများ၏ နေအိမ်တွင် နေထိုင်နေဆဲ ဖြစ်သည်။ ဓာတ်ပုံ-Instagram/Billie Eilish)
(Billie Eilish နှင့် အစ်ကိုဖြစ်သူ ဂီတသမား Finneas O’Connell တို့သည် လော့စ်အိန်ဂျလိမြို့ အရှေ့မြောက်ပိုင်း Highland Park အရပ်ရှိ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်းပါ နေအိမ်တစ်လုံးတွင် ကြီးပြင်းခဲ့သည်။ ဓာတ်ပုံ-JC Olivera/ Getty Images)
((Billie Eilish ၏ မိဘများနေအိမ်))
Billie Eilish ၏ မိဘများသည် လော့စ်အိန်ဂျလိမြို့ အရှေ့မြောက်ပိုင်း Highland Park အရပ်ရှိ နေအိမ်ကို Billie Eilish မမွေးဖွားမီ လအနည်းငယ်အလို ၂၀၀၁ ခုနှစ်၊ သြဂုတ်လတွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။
အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်း၊ မီးလင်းဖို ၁ ခုတို့ ပါဝင်ပြီး အကျယ်အဝန်း ၁၂၀၈ စတုရန်းပေရှိသည်။
အိပ်ခန်း ၂ ခန်းသာ ပါဝင်သောကြောင့် မိဘများမှာ သားနှင့် သမီးအား တစ်ခန်းစီပေးထားလိုက်ပြီး ၎င်းတို့က ဧည့်ခန်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်း Billie Eilish ၏ အစ်ကို Finneas က အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။
Billie Eilish သည် ကလေးဘဝမှ စတင်ပြီး သူ၏ဘဝလမ်းကြောင်း ကြီးမားသည့် ပြောင်းလဲမှုများ ရှိလာသည့်တိုင် မိဘအိမ်ကို ချစ်မြတ်န်ိုးသည့်စိတ်မှာ မပြောင်းလဲချေ။
Billie Eilish သည် Ocean Eyes အပါအဝင် သူ၏ အထင်ကရသီချင်းများကို အစ်ကိုဖြစ်သူ၏ အိပ်ခန်းထဲတွင် ပြုလုပ်ထားသော စတူဒီယိုအသေးစားလေး၌ အသံဖမ်းယူခဲ့သည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ်တွင် Billie Eilish ချစ်သော မိဘအိမ်၏ လိပ်စာမှာ အွန်လိုင်းတွင် ပေါက်ကြားသွားရာ သူ၏ ပရိသတ်များ အဆိုပါအိမ်သို့ အလုံးအရင်း ရောက်လာခဲ့ကြသည်။
နောက်ပိုင်းတွင် Billie Eilish က သူ၏မိသားစု ဘေးကင်းလုံခြုံသည့်စိတ် ခံစားရစေရန်အတွက် လုံခြုံရေးတစ်ဦး ငှားရမ်းကာ ဧည့်ခန်းတွင် အိပ်စက်စေခဲ့ရသည်။
ထိုအချိန်က Billie Eilish က Rolling Stone မဂ္ဂဇင်းကြီးသို့ “တကယ့်ကို သောကရောက်ခဲ့ရပါတယ်။ ကျွန်မရဲ့ အိမ်လေးဟာ ဘေးကင်းလုံခြုံတယ်လို့ မခံစားရတော့ပါဘူး” ဟု ပြောခဲ့ဖူးသည်။
“ကျွန်မ ဒီအိမ်လေးကို ချစ်ပါတယ်။ ကျွန်မတစ်ဘဝလုံး လူတွေအာရုံစိုက်ခံရမှုကို သဘောကျခဲ့တယ်။ ဒါပေမယ့် ကျော်ကြားမှုဟာ လက်တွေ့ဘဝမှာ ဘယ်လိုအခြေဆိုက်စေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူးလို့ ထင်ပါတယ်။ ကျွန်မသာ မကျော်ကြားချင်ခဲ့ဘူးဆိုရင် ဒါမျိုးှကြုံရမှာ မဟုတ်ပါဘူး”
((Billie Eilish ရဲ့ Glendale အိမ်လား))
(မြင်းမွေးမြူရေးခြံတစ်ခုမှာ ယခင်က Leona Lewis ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် Billie Eilish ဝယ်ယူသွားသည်ဟူသော သတင်းများရှိသည်။ ဓာတ်ပုံ-Realtor)
(မိဘများ၏ အိမ်မှ ၁၀ မိနစ်ခရီးသာ ဝေးကွာသော အိမ်ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၂၁၀၀ ရှိသည်။ မြင်းများကို ချစ်နှစ်သက်သော Billie Eilish အတွက် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်သည်။ ဓာတ်ပုံ-Realtor)
(တစ်ထပ်အိမ်တစ်လုံးပါသော မြင်းမွေးမြူရေးခြံတွင် မြင်းခြံ၊ ဆိတ်ခြံ၊ မြင်းပြိုင်ကွင်းတစ်ခုနှင့် ဧည့်ဂေဟာအိမ် တစ်လုံးတို့ ပါသည်။ ဓာတ်ပုံ-Realtor)
Billie Eilish သည် မိဘအိမ်တွင် နေထိုင်နေသော်လည်း အသက် ၁၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်ကတည်းက ယခုအိမ်ကို ဝယ်ယူခဲ့သည်ဟု ယူဆရသည်။
အိမ်ဝယ်ခဲ့သည့်အကြောင်းကို Billie Eilish က သူ၏ ဒုတိယတေးအယ်လ်ဘမ်ဖြစ်သော Happier than Ever တွင် ထည့်သွင်းရေးသား သီဆိုခဲ့ဖူးသည်။
NDA အမည်ရှိ သီချင်းတွင် Billie Eilish က “ငါ..၁၇ နှစ်အရွယ်မှာ အိမ်လေးတစ်လုံး လျှို့ဝှက်ကာ ဝယ်ယူခဲ့တာ….ဝယ်ပြီးတဲ့နောက် ပါတီပွဲလေးတောင် မလုပ်ရသေးပါကွာ…” ဟု ထည့်သွင်းသီဆိုခဲ့ဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Billie Eilish Is Tipped To Win Her 10th Grammy at 23—but Still Lives With Her Parents in the Home Where She Wrote Her Debut Album Photo Credit- Instagram/Billie Eilish, JC Olivera/ Getty Images, Realtor