ဖုန်းရွှေပညာရပ်မှာ တိရစ္ဆာန်လေးတွေဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်တဲ့ အရင်းအမြစ်လေးတွေပါ။ ချမ်းသာတဲ့အိမ်တွေထဲကို သေချာကြည့်မိရင် တိရစ္ဆာန်အရုပ်လေးတွေကို နေအိမ်ထောင့်များမှာ ထားတတ်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ အလကားမဟုတ်ပါဘူး။ ဖုန်းရွှေနည်းလမ်းအရ တိရစ္ဆာန်ရုပ်လေးတွေနဲ့ လာဘ်ခေါ်ထားခြင်းဖြစ်ပါတယ်။ နှစ်သစ်မှာ ထီပေါက်သလို ငွေတွေဒလဟော ဝင်ဖို့ရာအတွက် ဖုန်းရွှေနည်းလမ်းအရ ဘယ်လိုအကောင်လေးကို ဘယ်နေရာမှာထားရမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။
ချမ်းသာကြွယ်ဝမှုရဲ့ Symbol Koi
ကံကောင်းခြင်းကို ဆောင်ကျဉ်းနိုင်တယ်လို့ နာမည်ကြီးတဲ့ ရောင်စုံငါးကြင်းလေးတွေဟာ ငါးရဲ့အရောင်လိုက် ကြွယ်ဝချမ်းသာခြင်း၊ ကံကောင်းခြင်း၊ အောင်မြင်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ရဲစွမ်းသတ္တိ တိုးပွားမှုကို ဖြစ်ပေါ်စေပါတယ်။ စည်းစိမ်ဥစ္စာနဲ့ ငွေကြေးချမ်းသာမှုအတွက်တော့ ရွှေရောင်အဆင်းရှိတဲ့ငါးကြင်းများကို မွေးမြူရမှာဖြစ်ပါတယ်။
ငွေဝင်မယ့် ပိုးဟပ်ပျံ
လူကြီးသူမတွေပြောတဲ့ ယုံတမ်းစကားတစ်ခုကတော့ အိမ်တွင်းမှာ ပိုးဟပ်ပျံရင်ငွေဝင်မယ်တဲ့။ ဖုန်းရွှေပညာရပ်မှာဆိုရင် မီးဖိုချောင်နေရာမှာ ပိုးဟပ်ပျံခြင်းဟာ ကိုယ့်အိမ်ကိုငွေတွေအလုံးလိုက်အရင်းလိုက် ဝင်လာမယ့်နမိတ်ပါ။ အိမ်ရဲ့ ငွေကြေးပိုင်းဆိုင်ရာမှာကံကောင်းမှုတွေ ရရှိနိုင်ဖို့အတွက် ပိုးဟပ်ရုပ်လေးကို မီးဖိုချောင် ဒါမှမဟုတ် အိမ်ရဲ့အရှေ့တောင်အရပ်မှာထားနိုင်ပါတယ်။ စီးပွားရေးနဲ့ပတ်သတ်ပြီးအောင်မြင်မှုတွေရရှိဖို့အတွက်တော့ ကိုယ့်ရုံးခန်းမှာ အရုပ်လေးထားလိုက်ပါနော်။
ငွေစုမယ့် ရွှေဝက်
ဖုန်းရွှေနည်းလမ်းအရ ငွေစုဝက်ရုပ်လေးတွေဟာ ငွေတွေအများကြီး ဗိုက်ထဲမှာ ထည့်ထားဖို့အတွက် ငွေကိုဖိတ်ခေါ်ပါတယ်တဲ့။ ဝက်ရုပ်လေးတွေကို အိမ်တွင်းဝင်ငွေကောင်းစေဖို့အတွက် အိမ်ရဲ့ အရှေ့တောင်ဘက်မှာ ထားရှိနိုင်ပါတယ်။ ငွေဝင်ဖို့အတွက် အစီအရင်တစ်ခုလဲဖြစ် အိမ်တွင်းကိုလည်း ဝက်ရုပ်လေးနဲ့ အလှဆင်နိုင်ပါတယ်။
စည်းစိမ်ဥစ္စာကို စောင့်ရှောက်နိုင်တဲ့ လင်းနို့ငှက်
တရုတ်ဘာသာမှာ လင်းနို့အသံထွက်ဟာ ကြွယ်ဝချမ်းသာမှုရဲ့ အသံထွက်နဲ့ ဆင်တူတာကြောင့် လင်းနို့ကို ကြွယ်ဝချမ်းသာမှုရဲ့ ပြယုဂ်အဖြစ် ထားရှိကြပါတယ်။ လင်းနို့ငှက်ရုပ်လေးကို အိမ်ရဲ့ အရှေ့တောင်ဘက်မှာထားရှိခြင်းဟာ ကြွယ်ဝချမ်းသာမှုအပြင် အသက်ရှည်ခြင်းနဲ့ ကံကောင်းခြင်းကိုပါ ဆောင်ကျဉ်းပေးနိုင်ပါတယ် ။
နှစ်သစ်မှာ ရွှေငွေဥစ္စာအပြည့်ဝင်နိုင်ဖို့အတွက် ဖုန်းရွှေနည်းလမ်းအရ ထားရှိရမယ့် အကောင်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။ အားလုံးအတွက် ပျော်ရွင်ခြင်း ကျမ်းမာခြင်း ချမ်းသာခြင်းနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ ထပ်မံဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com