558 Views

နယ်မှာရွာမြေကို လန ၉၃ နဲ့အစိုးရမှမြေကွက်ရိုက်ပြီး အကွက်ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့တချို့ခြံရှင်တွေကသဘောမတူလို့ အကွက်ရိုက်မခံခဲ့ပါဘူး အဲလိုအကွက်ရိုက်မခံခဲ့တဲ့ခြံမြေက G3 အမျိးအစားမြေခွန်ပြေစာထွက်ထားပါတယ် ခုလည်းထွက်နေတုန်းပါ ဦးပိုင်အမျိုးအစားကတော့ N မမြဲဦးပိုင်ပါ သိချင်တာကအကွက်ရိုက်ခံပြီး ငွေသွင်းထားတဲ့မြေတွေကဂရန်လျှောက်လို့ရတယ် မမြဲဦးပိုင်ဥယျာဉ်ခြံမြေက ဂရန်လျှောက်မရဘူး။ ဂရန်လျှောက်လို့ရအောင်ဘယ်လိုအဆင့်ဆင့်လုပ်ဆောင်ရမလဲဒါမှမဟုတ်ခိုင်မာအောင်ဘယ်လိုလုပ်ထားရမလဲသိချင်ပါတယ်။ လက်ရှိမှာတော့ရွာကလည်းရပ်ကွက်ဖြစ်သွားပါပြီ။

မေးသူ - ကိုမောင်မောင်
မြေအမျိုးအစားတွင် G3 ဖော်ပြထားခြင်းသည် ဥယျာဉ်ခြံမြေကိုမှ တတိယတန်းစားအမျိုးအစား ဖြစ်ပါတယ်။ ဥယျာဉ်ခြံမြေကို ဂရန်လျှောက်ထားလိုလျှင်တော့ ရှေးဦးစွာ ဥယျာဉ်ခြံမြေကို အခြားနည်း သုံးစွဲခွင့်ရရှိရန် လျှောက်ထားရမှာဖြစ်ပါသည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရ လယ်မြေမှ တစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားရှိပြီး ဖြစ်ပါသည်။ လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရ ဥယျာဉ်ခြံမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်မှာ အသုံးပြုခွင့်ရရှိလိုသူသည် နည်းဥပဒေ ၈၂ အရ မြို့နယ်ဦးစီးဌာနရုံး ဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦစီးဌာနရုံးသို့ လျှောက်လွှာပုံစံ (၁၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပြီး နည်းဥပဒေ ၈၃ အရ မြို့နယ်ဦးစီးဌာနရုံးသည်လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲ အား ဖွင့်လှစ်ပြီး နည်းဥပဒေ ၈၄ အရ ရက်ပေါင်း(၃၀) အတွင်း လုပ်ငန်းစာတွဲအား စိစစ်ရမည်ဖြစ်ပါသည်။ မြို့နယ်ဦးစီးဌာနရုံးသည် နည်းဥပဒေ ၈၅ အရ သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည့် နည်းဥပဒေ ၈၆အရ (၁၅) ရက်အတွင်း လုပ်ငန်းစာတွဲကိုစိစစ်၍ စစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် နေပြည်တော်ကော်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြရပါတယ်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၇ ၊ နည်းဥပဒေခွဲ (ခ)အရ နေပြည်တော်ကော်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ သဘောထားမှတ်ချက်ဖြင့် တင်ပြလာသော လယ်မြေမှတစ်ပါး အခြားလယ်မြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅)(က) ထုတ်ပေးရမည်ဖြစ်ပါသည်။ ထိုသို့ အခြားနည်းသုံးစွဲခွင့် (လ/ယ ၃၀) ရရှိပြီးပါက အခြားနည်းသုံးစွဲခွင့် ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လ လက်တွေ့အသုံးချပြီးမှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မြေငှားဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ ဂရန်လျှောက်ထားရန်အတွက် မြေစာရင်းပုံစံ ၁၀၅ဖြင့် မြေပုံရေးကူးခြင်းကို ဦးစွာဆောင်ရွက်ရမှာ ဖြစ်ပါသည်။ ပုံစံ ၁၀၅ ရရှိပြီးနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းစာတွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို ဆက်လက်စိစစ်ဆောင်ရွက်ရန် ညွှန်ကြားမှာဖြစ်ပါသည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် လျှောက်ထားသူသည် ဘေးမြေကွက် (၄) ကွက် ထောက်ခံချက်၊ မြို့နယ်စည်ပင်ထောက်ခံချက်၊ လမ်းတံတားထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ မီးသတ် ထောက်ခံချက်များကို ရယူဆောင်ရွက်ရမှာဖြစ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနသည် လိုအပ်ချက်များစိစစ်ဆောင်ရွက်ပြီးနောက် သဘောထားမှတ်ချက်ဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန သို့ ပြန်လည်တင်ပြရမှာဖြစ်ပါသည်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနသည် လုပ်ငန်းစာတွဲကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြပြီး စိစစ်ခွင့်ပြုပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)