442 Views

ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ ကျွန်တော် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၄) ကျောင်းစု (၁)လမ်းမှာနေထိုင်ပါတယ်ဆရာ။ အိမ်ခြံမြေပိုင်ဆိုင်မှုအထောက်အထား နှင့်ပါတ်သက်ပြီး ပုံစံ ၁၀၅၊ ၁၀၆ ဂရန် အဆင့်ဆင့်တို့ကိုညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဦးမျိုးမင်းသန့်ပါ ၅၆ ဦးနဲ့ လျှောက်ထားရာမှာ ဒီနေ့ July . 17 .2019 မှာ မြေစာရင်းရုံးသို့ ဥပဒေနည်းဥပဒေလုပ်ထုံးလုပ်နည်း ညွန်ကြားချက်များအတိုင်း လုပ်ဆောင်ပေးရန် ညွန်ကြားထားပါတယ်။ ကျွန်တော် မြေစာရင်းဦးစီးမှုးနဲ့ ဆွေးနွေးကြည့်တော့ ကျွန်တော်တို့ နေထိုင်တဲ့မြေဟာလယ်ယာမြေလို့ပြောပါတယ် ၊ လ/ယ၃၀(က)နဲ့ လျှောက်ဖို့ပြောပါတယ် ၊ ကျွန်တော် နားမလည်တာက ၂၀၁၂ တည်ဆဲဥပဒေမှာပါတာက မြို့နယ်နိမိတ် ကျေးရွာနယ်နိမိတ်အတွင်းလူနေအိမ်ယာများမပါဝင်ဆိုတာကို ပြဠာန်းထားတာတွေ့ရပါတယ် ၊ ကျွန်တော့်တို့မြေတွေဟာနေထိုင်ခဲ့တဲ့ နှစ်ပေါင်းအစဉ်အဆက်က နှစ် ၁၀၀ ဝန်းကျင်ခန့်လောက် ရှိပြီလို့သိရပါတယ်ဆရာ အဲ့ဒါ ဘယ်လိုလျောက်သင့်လဲဆိုတာလေးအနာဂါတ်မြို့ပြဒေသဖွံ့ဖြိုးတိုးတက်မှု တန်းတူညီမျှရရှိရန် ရှေ့ရှု့ပြီးဖြေကြားပေးပါဆရာ ကျေးဇူးတင်ပါတယ်။

မေးသူ - ဦးမျိုးမင်းသန့်
မြေခွန်ပြေစာမှာ မြေမျိုးနှင့်အတန်းဆိုသည့်နေရာတွင် မြေအမျိုးအစားကို ဖော်ပြထားပါတယ်။ ခုဟာက မြေစာရင်းမှလည်း လယ်ယာမြေဖြစ်နေသဖြင့် လယ်ယာမြေအားအခြားနည်းသုံးစွဲခွင့် လ/ယ ၃၀(က) ကိုလျှောက်ထားခိုင်းခြင်းဖြစ်ပါတယ်။ ကိုမျိုးမင်းသန့်တို့ ကျေးရွာသည် လူနေထိုင်သည့်ကျေးရွာအဖြစ် နေထိုင်သည်မှာ နှစ်ပေါင်း ၁၀၀ ၀န်းကျင်ဖြစ်နေပေမဲ့လည်း မြေစာရင်းမှာတော့ လယ်ယာမြေအဖြစ်သာ မှတ်တမ်းဝင်နေသေးတာ ဖြစ်သည့်အတွက် လ/ယ (၃၀)ကို လျှောက်ထားရမှာပါ။ ထိုသို့ လယ်ယာမြေအားအခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ခွင့်ပြုမိန့်ရရှိပြီးမှသာလျှင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်၍ ဂရန်လျှောက်ထားရမှာ ဖြစ်ပါသည်။
ထိုသို့ လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်မှာ အသုံးပြုခွင့်ရရှိလိုသူသည် နည်းဥပဒေ ၈၂ အရ မြို့နယ်ဦးစီးဌာနရုံးဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦစီးဌာနရုံးသို့ လျှောက်လွှာပုံစံ(၁၄)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး နည်းဥပဒေ ၈၃ အရ မြို့နယ်ဦးစီးဌာနရုံးသည်လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲအား ဖွင့်လှစ်ပြီး နည်းဥပဒေ ၈၄ အရ ရက်ပေါင်း(၃၀)အတွင်း လုပ်ငန်းစာတွဲအား စိစစ်ရမည်ဖြစ်ပါသည်။ မြို့နယ်ဦးစီးဌာနရုံးသည် နည်းဥပဒေ ၈၅ အရ သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည့် နည်းဥပဒေ ၈၆အရ (၁၅)ရက်အတွင်း လုပ်ငန်းစာတွဲကိုစိစစ်၍ စစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် နေပြည်တော် ကော်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြ ရပါတယ်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၇ ၊ နည်းဥပဒေခွဲ (က)အရ နေပြည်တော်ကော်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ သဘောထားမှတ်ချက်ဖြင့် တင်ပြ လာသော လယ်မြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅) ထုတ် ပေးရမည်ဖြစ်ပါသည်။ လျှောက်ထားရာတွင် မူလ လယ်စိုက်ဧရိယာကို ထိခိုက်ခြင်းမရှိကြောင်း ကျေးရွာအခြေပြုအိမ်ခြေဓာတ်ပုံ များကို ထည့်သွင်းလျှောက်ထားခြင်းဖြင့် လုပ်ငန်းစဉ်ကို အထောက်အကူပြုပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ထိုသို့လျှောက်ထားခြင်းအား ကျေးရွာမြေပိုင်ရှင်များ၏ သဘောတူလက်ခံကြောင်း သဘောထား မှတ်ချက်များပါ ပူးတွဲတင်ပြပါ။ ကျေးရွာတစ်ခုလုံး၏ လျှောက်ထားချက်ဖြစ်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ အသနားခံစာများတင်ပြခြင်းဖြင့် လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)