အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
1842 Views

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စံအိမ်များ

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတမဖြစ်လာမီက အိမ်ခြံမြေလောကတွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့်အပြင် ၎င်းပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများမှာ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံဖိုးခန့်အထိ ရှိသည်ဟု ဆိုသည်။

ဖလော်ရီဒါပြည်နယ်မှသည် နယူးယောက်၊ ကယ်လီဖိုးနီးယားအထိ ထရမ့်မိသားစုပိုင်ဆိုင်ထားသည့် နေအိမ်များကို ကြည့်မည်ဆိုလျှင် ရင်သပ်ရှုမော အံ့အားသင့်ဖွယ်ပင်။

အိမ်ခြံမြေဈေးကွက်တွင် ဒေါ်နယ်ထရမ့်ငယ်စဉ်က နေထိုင်ခဲ့သည့်နေအိမ်ကိုပင်လျှင် ငှားရမ်းနေထိုင်နိုင်၏။ သို့ရာတွင် ဈေးကား မသက်သာချေ။

၁။ စမ်း ၇ သွယ် စံအိမ်

နယူးယောက်ပြည်နယ်၊ ဘက်ဒ်ဖို့ဒ်မြို့တွင် တည်ရှိသော စမ်း ၇ သွယ်စံအိမ် (Seven Springs) ကို ဒေါ်နယ်ထရမ့်က ၁၉၉၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အခန်းပေါင်း ၆၀ အထိ ပါဝင်ပြီး ယင်းအနက် ၁၅ ခန်းမှာ အိပ်ခန်းများ ဖြစ်ကြသည်။

ရေကူးကန် ၃ ခုအထိ ပါဝင်ရာ လူအများဖြင့် ရေမကူးလိုဘဲ မိမိတစ်ဦးတည်း ရေကူးလိုသည်ဆိုပါက ရွေးချယ်နိုင်မည်လည်း ဖြစ်သည်။

အဆိုပါစံအိမ်နေရာကို ဒေါ်နယ်ထရမ့်က ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဂေါက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်ကား စိတ်ကူးပြောင်းလဲလိုက်ပြီး အိမ်ဖြူတော်၏ ပြင်ပတွင် အပန်းဖြေနားနေရာ နေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

လက်ရှိပေါက်ဈေးမှာ ကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်ဖြစ်သည်။

၂။ နယူးဂျာစီပြည်နယ်ရှိ ဂေါက်ကလပ် Trump National Golf Club (Bedminster, New Jersey)

နယူးဂျာစီပြည်နယ်၊ ဘက်ဒ်မင်စတာမြို့တွင် ထရမ့်နေရှင်နယ် ဂေါက်ကလပ်တည်ရှိပြီး ၂၀၀၂ ခုနှစ်အတွင်း အဆိုပါမြေနေရာကို ဒေါ်နယ်ထရမ့်က ကန်ဒေါ်လာ ၃၅ သန်းခန့်ဖြင့် ဝယ်ယူခဲ့ကာ ၂၀၀၄ ခုနှစ်တွင် ဂေါက်ကလပ်ဖွင့်လှစ်ခဲ့သည်။

ဂေါက်ကလပ်ဝန်းအကျယ်မှာ ဧက ၅၂၀ ခန့်အထိ ကျယ်ဝန်းပြီး ကလပ်ဝင်ကြေးမှာ ကန်ဒေါ်လာ ၃၀၀၀၀၀ ဖြစ်သည်ဟု ဆိုသည်။

သမ္မတတာဝန်ထမ်းဆောင်နေစဉ်အတွင်း ဒေါ်နယ်ထရမ့်သည် အဆိုပါဂေါက်ကလပ်သို့ မကြာခဏသွားရောက်ကာ ရေကူးခြင်း၊ ဂေါက်ရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ကလပ်ဝင်ကြေးပေးသွင်းသူများအနေဖြင့် ဂေါက်ကွင်း၊ ရေကူးကန်၊ ရေကူးကန်ဘေး ညစာစားရန်နေရာ၊ ဘတ်စကက်ဘောကွင်း၊ တင်းနစ်ကွင်းများ၊ ရဟတ်ယာဉ်ကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရေပူကန်ကြီးများကို အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။

၃။ ထရမ့်တာဝါ

ထရမ့်တာဝါသည် ဒေါ်နယ်ထရမ့်မိသားစု ပိုင်ဆိုင်သော စံအိမ်များ၊ ဟိုတယ်များအားလုံး၏ သရဖူ ရတနာတစ်ပါးဖြစ်သည်ဟု ဆိုနိုင်သည်။

နယူးယောက်မြို့တွင် တည်ရှိပြီး ရွှေရောင်များ၊ စကျင်ကျောက်များဖြင့် အဓိက မွမ်းမံဆောက်လုပ်ထားပြီး ကမ္ဘာကျော် Central Park ပန်းခြံကြီးကို စီးမိုးတွေ့မြင်နေရပြီး တန်ဖိုးကြီး ပရိဘောဂများ၊ ရင်သပ်ရှုမောဖွယ် မီးပန်းဆိုင်းများစွာ တပ်ဆင်ထားသည်။

၂၀၁၆ ခုနှစ်မတိုင်မီက ထရမ့်တာဝါသည် ဒေါ်နယ်ထရမ့်၏ နေအိမ်ဖြစ်ခဲ့ရုံမျှမက သူ၏ရုံးခန်းလည်း ဖြစ်ခဲ့သည်။

ထရမ့်တာဝါတွင် ဒေါ်နယ်ထရမ့်က အထပ် ၃ ထပ်ဖြန့်ကျက်တည်ရှိသည့် penthouse ခန်းတွင် ရုံးခန်း အခြေစိုက်ထားပြီး ၎င်းတစ်ဦးတည်း အသုံးပြုရန် သီးသန့်ဓာတ်လှေကား တပ်ဆင်ထားသည်။ အကယ်၍ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါ penthouse ခန်းကို ရောင်းချမည်ဆိုပါက ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိဖွယ်ရာရှိကြောင်း အိမ်ခြံမြေဈေးကွက်သုတေသီတို့က ခန့်မှန်းသည်။

၎။ ဆောင်းရာသီ အိမ်ဖြူတော် (သို့မဟုတ်) မာရာလာဂို စံအိမ်တော်

ထရမ့်၏ မာရာလာဂိုစံအိမ်မှာ ဆောင်းရာသီအိမ်ဖြူတော်ဟုလည်း လူသိများပြီး မန်ဘာဝင်ထားသူများသာ ဝင်ရောက်ခွင့်ပြုသည့် နာမည်ကျော်ကလပ်တစ်ခုလည်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ၎င်းပိုင်ဆိုင်ထားသည့် များစွာသော ဂေါက်ကလပ်များ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများအနက် မာရာလာဂို စံအိမ်တွင် အပန်းဖြေရခြင်းကို အနှစ်သက်ဆုံးဖြစ်သည်ဟု ဆိုသည်။

ထရမ့်သည် ဆောင်းရာသီအိမ်ဖြူတော် (ထရမ့်၏ အခေါ်အရ တောင်ပိုင်းအိမ်ဖြူတော် ) ဟု တင်စားခေါ်ဝေါ်လေ့ရှိသော မာရာလာဂိုစံအိမ်သို့ သီတင်းပတ်ကုန်ရက်များတွင် မကြာခဏသွားလေ့ရှိသည်။

မာရာလာဂိုတွင် တရုတ်သမ္မတရှီကျင့်ဖျင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်အချို့ကိုလည်း လက်ခံတွေ့ဆုံခဲ့ပြီး ဆီးရီးယားလေတပ် အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ရန်အမိန့်ကိုလည်း မာရာလာဂိုမှ တိုက်ရိုက်အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။အများဆုံးသွားရောက်သည့်နေ့များမှာ တနင်္ဂနွေနှင့် တနင်္လာနေ့များ ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ မာရာလာဂိုကလပ်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လိုပါက ငွေကြေးများစွာ ကုန်ကျမည်ဖြစ်ပြီး ကနဦးဝင်ကြေးမှာ ကန်ဒေါ်လာ ၂၀၀၀၀၀ ဖြစ်ကာ နှစ်စဉ်ကြေးမှာ ကန်ဒေါ်လာ ၁၄၀၀၀ ဖြစ်သည်။

၅။ ထရမ့်ဝိုင်ခြံ

အမေရိကန်ပြည်တွင် ၂၀၀၆ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်လဲပြိုမှုဖြစ်ပွားချိန်အတွင်း ပက်ထရစ်ရှာ ကလပ်ဂ်ျသည် အကြွေးများစွာတင်ကာ သူမ၏ ဝိုင်ခြံကို ဒေါ်နယ်ထရမ့်ထံ အောက်ဈေးဖြင့် ထိုးရောင်းခဲ့ခြင်း ဖြစ်၏။

ဒေါ်နယ်ထရမ့်က အဆိုပါဝိုင်ခြံကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းမျှဖြင့် ရရှိလိုက်သည်။

အမေရိက၏ အိမ်ခြံမြေဈေးကွက်ကြီးမပြိုမီ နှစ်အနည်းငယ်ခန့်ကဆိုလျှင် ထရမ့်အနေဖြင့် အဆိုပါဝိုင်ခြံကို ဝယ်လိုလျှင် ကန်ဒေါ်လာ ၇၃ သန်းခန့်အထိ ပေးရမည် ဖြစ်သည်။

ယနေ့အချိန်တွင်ကား ထရမ့်သည် ဝိုင်ခြံကို ပြန်ရောင်းမည်ဆိုလျှင် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိဖွယ်ရာရှိနေပြီ ဖြစ်သည်။

လက်ရှိအားဖြင့် ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေရခြင်းကြောင့် ဝိုင်ခြံလုပ်ငန်းကို ဦးဆောင်မှုမပေးနိုင်ချေ။ ထို့ကြောင့် သားဖြစ်သူ အဲရစ်ခ်က ဦးစီးဦးဆောင်ပြုလည်ပတ်ပေးနေသည်။

မူလပိုင်ရှင် ပက်ထရစ်ရှာမှာ ဝိုင်ခြံအတွင်း ဆက်လက်နေထိုင်လျက်ရှိပြီး အထွေထွေမန်နေဂျာအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသည်။

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service