Foreign Property News | Posted by Hnin Ei Khin
အကယ်၍ သင်သည် ယခုနွေတွင် ဥရောပရှိ ဆိတ်ငြိမ်ခမ်းနားသည့် ဒေသတစ်ခုသို့ ခရီးထွက်ရန် အိပ်မက်မက်နေသည်ဆိုပါက ယခုအခါ သင့်အတွက် အခွင့်အရေးပေါ်ပေါက်လာပြီ ဖြစ်သည်။
အီတလီနိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ဂရိုတိုလီ အမည်ရှိ ရှေးဟောင်းသမိုင်းဝင်ကျေးရွာကလေးတွင် နေထိုင်ခွင့်ရမည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။
ခရီးစရိတ်၊ နေထိုင်ရန်နေရာတို့ ပေးအပ်မည့်အပြင် သုံးစွဲရန် ယူရိုငွေ ၉၀၀ ထောက်ပံ့ပေးမည်ဟု ဆိုသည်။
နွေရာသီကာလ နေထိုင်နေစဉ်အတွင်း အချက်အပြုတ်နှင့် ဘာသာစကားသင်တန်းများလည်း တက်ရောက်ခွင့်ပေးမည် ဖြစ်သည်။
တယ်လီဂရပ်ဖ်သတင်းစာကြီး၏ ဖော်ပြချက်အရ အဆိုပါအစီအစဉ်ကို ကမ္ဘာကျော်အိမ်ငှားဝက်ဘ်ဆိုက်ဖြစ်သော Airbnb နှင့် အကျိုးအမြတ်အတွက် ရည်ရွယ်ခြင်းမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Wonder Grottole တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။
Wonder Grottole သည် လူနေကျဲပါးလာနေသော သမိုင်းဝင်ကျေးရွာကလေးကို လူသူပြန်လည်စည်ကားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
အီတလီ၊ ဂရိနှင့် စပိန်နိုင်ငံတို့ရှိ များစွာသော ကျေးလက်ဒေသများနည်းတူ ဂရိုတိုလီကျေးရွာကလေးမှာ မကြာသေးမီနှစ်များအတွင်း အခြေချနေထိုင်သူဦးရေ များစွာကျဆင်းလာလျက်ရှိနေသည်။ လူငယ်မျိုးဆက်တို့မှာ မြို့ပြဒေသများသို့ အလုံးအရင်းရွှေ့ပြောင်းအခြေချလာကြသောကြောင့်လည်း ဖြစ်သည်။
၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ကင်းမဲ့လာရာ လူငယ်လူရွယ်များမှာ ဘဝရှင်သန်ရေးအတွက် နည်းလမ်းသစ်များ ရှာဖွေလာကြရသည်။
ယင်းသို့သော အခြေအနေများ၏ အကျိုးဆက်ကြောင့် ယခုအခါ ဂရိုတိုလီကဲ့သို့သော ရှေးဟောင်းသမိုင်းဝင်ကျေးရွာကလေးများမှ အီတလီ၏ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးကုန်မည်ကို ရတက်မအေးဖြစ်မှုများ မြင့်တက်လာသည်။
ဂရိုတိုလီတွင် လက်ရှိအားဖြင့် လူဦးရေမှာ ၃၀၀ ဦးခန့်သာရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်ပေါင်း ၆၀၀ ကျော်မှာ လူသူကင်းမဲ့လျက် ရှိနေသည်။
ဂရိုတိုလီနှင့် ဝန်းကျင်ဒေသများသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများလှသည့်နေရာအဖြစ် နာမည်ကျော်သည့်နေရာ ဖြစ်သည်။
တယ်လီဂရပ်ဖ်သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ဂရိုတိုလီသည် အိုးလုပ်ငန်းဖြင့် နာမည်ကျော်ပြီး ရောမခေတ်ကတည်းကပင် ဒေသတွင်း ပင်မစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့သည်ဟု ဆိုသည်။
ဂရိုတိုလီဟူသည်မှာ လက်တင်ဘာသာစကား “ ခရစ်ပ်တိုလဲ့ ” မှ ဆင်းသက်လာပြီး လှိုဏ်ဂူဟု အဓိပ္ပာယ်ရသည်။
ဂရိုတိုလီကျေးရွာဝန်းကျင်ရှိ တောင်ကုန်းများတွင် လှိုဏ်ဂူငယ်များ ပြည့်နှက်နေပြီး ရှေးယခင်က အိုးလုပ်ငန်းအတွက် အသုံးပြုခဲ့သည့်နေရာများ ဖြစ်ကြသည်။
သို့ရာတွင် ဂရိုတိုလီသည် အိုးလုပ်ငန်းတစ်ခုတည်းဖြင့် နာမည်ကျော်သည်ကားမဟုတ်။
ယင်းဒေသသည် ရောမခေတ် အဝေးပြေးလမ်းမကြီးဖြစ်သော Appian Way ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ရာ အလယ်ခေတ် ရှေးဟောင်း အဆောက်အအုံများ ပေါများလှသည့်ဒေသလည်း ဖြစ်ကာ ၁၀ ရာစု ရဲတိုက်များစွာ တည်ရှိနေသည်။ ဒေသတွင်း၏ နာမည်ကျော်ပျားရည်မှာလည်း ဤဒေသမှပင်ထွက်ရှိခြင်းဖြစ်သည်။
ထို့အပြင် chestnut groves သစ်သီးများနှင့် စပျစ်ခြံများလည်း အလွန်ပေါများသည်။ သာယာလှပသောရှုခင်းများအပြင် ဂရိုတိုလီသည် ယဉ်ကျေးမှု၊ အရသာထူးကဲသော အစားအစာတို့လည်းပေါများသည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံများ ရွာသို့ပြန်လာရေးဆွဲဆောင်နိုင်ရန် Wonder Grottole အဖွဲ့သည် ဒေသတွင်း ယဉ်ကျေးမှုနှင့် စားသောက်ဖွယ်တို့အပေါ် အဓိကအခြေတည်သည့် ခြေလှမ်းများ အကောင်အထည် ဖော်လာနေသည်။
အဆိုပါခြေလှမ်းများအနက် Airbnb နှင့် ပူးပေါင်းကာ လာရောက်လည်ပတ်လိုသူတို့ကို ‘ Experiences ’ အမည်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်ကာ သမိုင်းဝင် အိုးလုပ်ငန်းနေရာများ၊ အချက်အပြုတ်နှင့် ဘာသာစကားသင်တန်းများအပြင် အီတလီကျေးလက် တောရွာ ကလေးတစ်ခု၏ ရိုးရာလူနေမှုဘဝတို့အပေါ် အခြေတည်သည့် လှုပ်ရှားမှုများစွာ ပြုလုပ်သွားနိုင်ရန်လည်း စီစဉ်ထားသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများကို ပြုပြင်မွမ်းမံလျက်ရှိသော Wonder Grottole အဖွဲ့၏ လုပ်ငန်းများတွင် ဝင်ရောက်ကူညီလုပ်အားပေးနိုင်သည်။
ကျေးရွာဟင်းသီးဟင်းရွက်စိုက်ခင်းအပြင် ဒေသတွင်း စိုက်ပျိုးရေးစီမံကိန်းများတွင်လည်း ပူးပေါင်းပါဝင်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း ရရှိမည့်အပြင် အဆိုပါထွက်ကုန်များကို ဒေသတွင်းရိုးရာ အရသာရှိသော အစားအသောက်များအဖြစ် မည်သို့ချက်ပြုတ်ရသည်ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
နေထိုင်ရန်အတွက်မူ ကျေးရွာအလယ်ရှိ သမိုင်းဝင်နေအိမ်ကြီးတစ်လုံးတွင် နွေရာသီ ၃ လတာ အခမဲ့နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်သည့်အပြင် အသုံးစရိတ်အဖြစ် ယူရိုငွေ ၉၀၀ လည်း လစဉ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း Airbnb က ကမ်းလှမ်းထားသည်။
ဘာသာစကားသင်တန်းနှင့် အချက်အပြုတ်သင်တန်းများအားလုံးမှာ သင်တန်းကြေး အခမဲ့ဖြစ်ရာ အီတလီနိုင်ငံရှိ ကျေးရွာကလေး တစ်ရွာတွင် ယခုနှစ်နွေရာသီကာလများကို ဖြတ်သန်းကုန်ဆုံးလိုသူတို့အတွက် အံ့အားသင့်ဖွယ် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လေသည်။
ယခုအစီအစဉ်သည် ဂရိုတိုလီ၏ ဒေသတွင်းစီးပွားရေးကို ပြန်လည်နိုးထလာစေမည့်အပြင် အဆုံးသတ်ရည်မှန်းချက်အနေဖြင့် မိသားစုသစ်များ အခြေချနေထိုင်လာကြစေရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
အနီးတွင်ရှိသော မာတီရာမြို့မှာလည်း ၂၀၁၉ ခုနှစ် ဥရောပယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရရာ ယခုနှစ်အတွင်း အဆိုပါဒေသတွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်းဝင်ရောက်လာဖွယ်ရာ ရှိသည်။
ယင်းသို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမည်ဆိုပါက ဒေသခံများအတွက် ဝင်ငွေများစွာ ရရှိလာစေနိုင်မည်လည်း ဖြစ်သည်။
ဥရောပတွင် လူသူကင်းမဲ့လာသောကြောင့် ဒေသတွင်းစီးပွားရေးမြှင့်တင်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်လာသည်မှာ ဂရိုတိုလီ ကျေးရွာတစ်ခုတည်း မဟုတ်ချေ။
စပိန်နှင့် အီတလီရှိ အခြားမြို့များတွင်လည်း နေအိမ်များကို ၁ ယူရိုမျှဖြင့် ရောင်းချမှုများ ပြုလုပ်လာသည်။
သို့ရာတွင် နေအိမ်ရယူလိုသူများသည် အဆိုပါနေအိမ်များကို ပြန်လည်မွမ်းမံရန်နှင့် ဒေသတွင်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟူ၍ ကတိပြုရသည်။
မရေရာမှုများ မြင့်တက်လာနေသော ကမ္ဘာကြီးတွင် ဂရိုတိုလီနှင့် အနီးဝန်းကျင်ဒေသ၏ စီးပွားရေးအနာဂတ်မှာလည်း မရေရာလျှေ။
ဂရိုတိုလီကဲ့သို့ လူနေကျဆင်းလာသော ဒေသများသည် ၎င်းတို့၏ အသိုက်အဝန်း ရှင်သန်နေရန်၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရန် အတွက် နည်းလမ်းသစ်များစွာ တီထွင်ဖန်တီးပေးရဦးမည် ဖြစ်လေသည်။
ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com