Local Property News | Posted by Aye Myat Thu
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်းရှိ တန်ဖိုးသင့်/တန်ဖိုးနည်းအခန်းများဝယ်ယူရန် စာရင်းပေးသွင်းလာသူများအနက် အခန်းလက်ကျန်ပေါ် မူတည်၍ မဲနှိုက်ဝယ်ယူခွင့်ရရှိသူများစာရင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူအမည်စာရင်း ၃၀၄၂ ဦးအနက်မှ လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်းရှိ တန်ဖိုးသင့်/တန်ဖိုးနည်းအခန်းများ ဝယ်ယူရန် ဆန္ဒရှိသူများကို ၂၀၁၉ ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ အမည်စာရင်းလက်ခံခဲ့သည်ဟု သိရသည်။
စာရင်းပေးသွင်းလာသူများအနက်မှ အခန်းလက်ကျန်ပေါ်မူတည်၍ ဘဏ်စုဆောင်း ငွေစာရင်းအမှတ်စဉ်အလိုက် အမည်စာရင်းပြုစုပြီး မဲနှိုက်ဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းကို အဆောက်အအုံအမျိုးအစားအလိုက် အသိပေးကြေညာထားသည်။
မဲနှိုက်ဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းတွင် ပါဝင်သူများသည် ဧပြီ ၂၉ ရက်မှ မေ ၃ ရက် နံနက် ၁၁ နာရီအထိ ရန်ကုန်မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ မှတ်ပုံတင်စာရင်း ထပ်မံရေးသွင်းရမည်။ မှတ်ပုံတင်စာရင်းရေးသွင်းရာတွင် မဲနှိုက်ဝယ်ယူခွင့်ရရှိသူ၏ မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူ၊ ထင်ရှားမြင်သာသော သန်းခေါင်စာရင်းမိတ္တူ၊ အိမ်ရာစုဆောင်းငွေစာအုပ်မူရင်း၊ အိမ်ရာစု ဆောင်းငွေစာအုပ်မိတ္တူတို့ကို ယူဆောင်လာရမည်ဖြစ်ပြီး လူကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိပါက ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ မဲနှိုက်ဝယ်ယူခွင့်ရရှိသူ၏ မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူ၊ ထင်ရှားမြင်သာသော သန်းခေါင်စာရင်းမိတ္တူ၊ အိမ်ရာစုဆောင်းငွေ စာအုပ်မူရင်း၊ အိမ်ရာစုဆောင်းငွေစာအုပ် မိတ္တူတို့ကို ယူဆောင်လာရမည်ဟု သိရသည်။
ယင်းအိမ်ခန်းများကို မေ ၃ ရက်တွင် မဲနှိုက်ရောင်းချမည်ဖြစ်သဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယထပ်စုဝေးခန်းမ၌ နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် မဲနှိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အမည်စာရင်းပေးသွင်းထားပြီး မဲနှိုက်ဝယ်ယူရန် ကျန်ရှိသူများ (ယခုစာရင်းတွင် မပါဝင်သူများ) ကို တည်ဆောက်ဆဲအဆောက်အအုံများ ပြီးစီးသွားပါက ဆက်လက်၍ မဲနှိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အကောင်အထည်ဖော်ထားသည့် ကျန်စစ်မင်းအိမ်ရာမှ အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ ဝန်းကျင်မှ အမြင့်ဆုံး ကျပ်သိန်း ၂၈၀ နီးပါးရှိသည့် တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် ဇန်နဝါရီ ၁၄ ရက်က စတင်ရောင်း ချလျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ကျန်စစ်မင်းအိမ်ရာ၌ အကျယ်အဝန်း ၆၅၀ စတုရန်းပေရှိသည့် လေးခန်းတွဲ ငါးထပ် (လေးဘက်လှ) တိုက်ခန်းများ၏ ဈေးနှုန်းများမှာ ကျပ် ၂၁၄ သိန်း၊ ကျပ်၂၂၉ သိန်း၊ ကျပ် ၂၄၄ သိန်း၊၂၅၉ သိန်း၊ ၂၇၄ သိန်း စသည်ဖြင့် ဈေးရှိသည်။ ထို့ပြင် အကျယ်အဝန်း ၆၅၀ စတုန်းရန်းပေရှိသည့် လေးခန်းခွဲငါးထပ် တိုက်ခန်းများ၏ ဈေးနှုန်းများမှာ၂၁၆ သိန်း၊ သိန်း ၂၃၀၊၂၄၆ သိန်း၊ သိန်း ၂၆၀၊ ၂၇၆ သိန်း စသည်ဖြင့် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိသည်။
Credit: Eleven Media Group