Local Property News | Posted by Aye Myat Thu
ရန်ကုန်မြို့ရှိ လူနေအိမ် အဆောက်အအုံများကို သုံးနှစ်တစ်ကြိမ် ဆေးသုတ်ရန် လိုအပ်ပြီး ကန်ထရိုက်တိုက် များကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဧပြီ ၆ ရက်က Pan Pacific Hotel ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ တည်ထောင်သူ လုပ်ငန်းလိုင်စင် ပေးအပ်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပိုင်ရှင်ဟာ အခန်းတစ်ခန်းစီလောက်ပဲ ပိုင်နေကြပြီး အိမ်ရှင်တစ်ဦးကသာ မြေပိုင်ဆိုင်မှုရှိပြီး ဒီအိမ်တစ်လုံးရဲ့ ပြုပြင်ထိန်းသိမ်းဖို့အတွက် စုဆောင်းငွေမရှိတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့ အနေအထား ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ နေအိမ်အဆောက်အအုံတွေကို သုံးနှစ်တစ်ကြိမ်လောက် ဆေးသုတ်ဖို့လိုအပ်ပါတယ်။ ဒါဟာ အခြားနိုင်ငံတွေမှာလည်း မြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလိုပဲ ဆောင်ရွက်ခဲ့ကြတာ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့ အတွင်းရှိ တိုက်ခန်းအများစုသည် ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ခဲ့သဖြင့် တစ်ဦးတစ်ယောက်ချင်းသာ အခန်းပိုင်ဆိုင် နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနေအိမ်များမှာ စတင်တည်ဆောက်စဉ်က ဆေးသုတ်ပြီး အချိန်မှစတင်ပြီး ထပ်မံပြုပြင် ထိန်းသိမ်းရာတွင် အခက်အခဲများရှိကာ တစ်ပြေးညီတူညီမှု မရှိကြောင်း သိရသည်။
“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ တော်တော်များဟာ တစ်ဦးတစ်ယောက်ချင်းဆီက အခန်းတစ်ခန်းစီပဲ ပိုင်နေကြတာဖြစ်တယ်။ ဒါကြောင့်မို့ အဆောက်အအုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အအုံတွေဟာစတင်တည်ထောင်ပြီး ဆေးတစ်ခါသုတ်ပြီး နောက်ထပ် ဆေးထပ်သုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ကိုယ့်အခန်းကိုယ်သုတ်တဲ့ အတွက်လည်း အရောင်တွေဟာ မျိုးစုံဖြစ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး မရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ပြုပြင်တည်ဆောက် နေကြရတဲ့ အခြေအနေမျိုး ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့တွင်းရှိ ကန်ထရိုက်တိုက်များကို ပြုပြင်ထိန်းသိမ်းပြီး စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် Apartment Law တစ်ခု မဖြစ်မနေ လိုအပ်ကြောင်း သိရသည်။
Credit: Eleven Media Group