Local Property News | Posted by Aye Myat Thu
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာမှ တိုက်ခန်းများကို မဲပေါက်ပြီး အခန်းရရှိထားသော်လည်း ငွေပေးသွင်းခြင်းနှင့် ဆက်သွယ်ခြင်းများမပြုသောကြောင့် Black List စာရင်းသွင်းကာ လာမည့်တိုက်ခန်းများ မဲနှိုက်ချထားရာတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။
တိုက်ခန်းများစိစစ်မည်
တန်ဖိုးမျှတအိမ်ရာတွင် RC လေးခန်းတွဲ ခြောက်ထပ်အဆောက်အအုံ ၂၈ လုံး၊ တိုက်ခန်းပေါင်း ၆၇၂ ခန်းကို ၂၀၁၈ ခုနှစ် သြဂုတ်လက ဝယ်ယူခွင့်လျှောက်ထားသူတစ်သောင်းကျော်အား မဲစနစ်ဖြင့် ပွင့်လင်း မြင်သာစွာချထားပေးခဲ့သော်လည်း ငွေပေးသွင်းခြင်းမရှိသည့် တိုက်ခန်းများကို စိစစ်သွားမည်ဖြစ်သည်။
ဆက်သွယ်မှုမရှိ
"မဲပေါက်တဲ့သူတချို့က တိုက်ခန်းလာမယူတာက မဝယ်တော့တဲ့ သဘောပေါ့။ တိုက်ခန်းတွေမှာ ဒီအတိုင်းနေတဲ့သူတွေလည်း ရှိနေတယ်။ မဲပေါက်တဲ့သူတွေက အပေါ်ထပ်တွေရလို့ မကြိုက်တာနဲ့ သူတို့ ပြန်ရောင်းရင် သူတို့မျှော်မှန်းသလို အမြတ်မရလို့ဖြစ်မယ်။ ဘာမှ အကြောင်းမကြားကြတဲ့အတွက် Black List စာရင်းသွင်းပြီး နောက်ထပ် ဒုတိယအကြိမ်မဲနှိုက်တဲ့အခါ အဲဒီတိုက်ခန်းတွေလည်း ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
မဲနှိုက်ချထားပေးစဉ်က ၆၇၂ ခန်းအနက် ၂၀၁၈ စက်တင်ဘာလ အထိပြန်အပ်သည့် တိုက်ခန်း ၁၈ ခန်းရှိပြီး လက်ငင်းငွေချေစနစ်ဖြင့် ပေးသွင်းသည့်တိုက်ခန်း ၄၉ ခန်း၊ ဘဏ်ချေးငွေဖြင့် ငွေပေးချေသည့် တိုက်ခန်း ၃၈၄ ခန်းရှိပြီး မည်သည့်စနစ်ဖြင့်ငွေပေးချေမည်ဟု အကြောင်းကြားဆက်သွယ်မှုမရှိသော တိုက်ခန်းပေါင်း ၂၂၁ ခန်းရှိသည်။
ဝယ်ပြီးလာမနေကြ
"တိုက်ခန်းဆိုတော့လည်း ကိုယ့်ဘာသာ နေကြတာပေါ့။ တချို့ တိုက်ခန်းတွေဆို အလွတ်တွေဖြစ်နေတယ်။ ဝယ်ပြီးတော့ လာမနေတာလားတော့ မသိဘူး။ ရောင်းထားသလောက် တိုက်ခန်းနေတဲ့သူက နည်းနေတာ တွေ့ရတယ်"ဟု မြရည်နန္ဒာတိုက်ခန်းနေထိုင်သူတစ်ဦးက ပြောဆိုသည်။
ပြန်လည်ရုပ်သိမ်းမည်
မြို့တော်စည်ပင်သာယာအနေဖြင့် ပြည်သူများ အဆင့်မြင့်နေထိုင် နိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့်ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်၍ ငါးနှစ်အတွင်း ငှားရမ်းခြင်း၊ တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းမပြုလုပ်ရဘဲ စစ်ဆေးတွေ့ရှိပါက Black List သတ်မှတ်ကာ တိုက်ခန်းဝယ် ယူခွင့်ရပ်ဆိုင်းခံရမည်ဖြစ်သည့်အပြင် မမှန်မကန်တင်ပြမှုများ ရှိပါကလည်း တိုက်ခန်းရရှိမှုကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု စည်းကမ်းချက်များပါရှိကြောင်း သိရသည်။
Credit: The Myanmar Times