Foreign Property News | Posted by Hnin Ei Khin
လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဆောင်းရာသီကာလတွင် အိမ်ခြေမဲ့များအား Selhurst Park ကွင်း၌ ညပိုင်းအချိန် အိပ်စက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂလန်နိုင်ငံ၌ ဆောင်းရာသီကာလတွင် ရေခဲသည်အထိ အပူချိန်ကျဆင်းလေ့ရှိသောကြောင့် ပဲလေ့စ်အသင်းက ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ အကူအညီပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
အပူချိန် ရေခဲမှတ်အောက်ကျဆင်းမည်ဟု ခန့်မှန်းထားသည့်နေ့များတွင် Selhurst Park ကွင်း၏ တောင်ဘက်ပွဲကြည့်စင်ရှိ နားနေခန်းအား အိမ်ခြေမဲ့များအတွက် ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ညဘက်အိပ်စက်နိုင်ရန် အိပ်ရာ ထားရှိပေးမည့်အပြင် ပူနွေးသည့် ညစာ၊ နံနက်စာနှင့် အဝတ်အစား လျှော်ဖွပ်နိုင်ရန် အသုံးအဆောင်ပစ္စည်းများ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနားနေခန်းတွင် လူ (၁၀) ဦးအထက် အိပ်စက်နိုင်မည်ဖြစ်ပြီး ဇန်နဝါရီ (၁၇) ရက် ညပိုင်းက စတင်ဖွင့်လှစ်ရာ လူရှစ်ဦးအိပ်စက်ခဲ့ကြောင်း သိရသည်။
"အသင်းအနေနဲ့ ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့အပြုအမူတွေ ဆောင်ရွက်ချင်ပါတယ်။ အခုလို အကူအညီလိုအပ်သူတွေကို ကူညီခွင့်ရလို့ အရမ်းဝမ်းသာပါတယ်" ဟု ပဲလေ့စ်အသင်း အမှုဆောင်ချုပ် ဖီးလ်အလက်ဇန္ဒားက ပြောကြားခဲ့သည်။
Credit: Eleven Media Group