Local Property News | Posted by Zarni Kyaw
မန္တလေးမြို့တွင် ၂ဝ၁၈-၁၉ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်နှုန်း ထားများ ထုတ်ပြန်ခဲ့ပြီး အချို့နေရာများတွင် ရာဖြတ်ဈေးနှုန်းများ တဝက်ခန့်အထိ လျော့ကျသွားသော်လည်း အခွန်စံနှုန်း လျော့ကျမှုမရှိသေးသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ အပြောင်းအလဲမရှိနိုင်သေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။
ထိုသို့ ရာဖြတ်ဈေးနှုန်းများ လျော့ကျသွားသည့်အတွက် အခွန်ဆောင်သူဦး ရေပိုများလာနိုင်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ဆိုသည်။
''အကုန်လုံးကိုခြုံပြီးပြောရရင်တော့ တိတိကျကျပြောဖို့ခက်တယ်။ ရာဖြတ်ဈေးနှုန်းလျော့သွားတယ်လို့ ပြောလို့တော့ရ တယ်။ အရင်ဈေးနဲ့ယှဉ်ရင်တော့ မဆိုးပါဘူး၊ သက်သာပါတယ်။ လျော့တာတော့ မှန်တယ်။ ဒါပေမဲ့ အပြင်ဈေးကလည်း ကျနေပြီ။ တချို့နေရာမှာ လက်ရှိပေါက် ဈေးထက်လျော့တယ်၊ တချို့နေရာတွေကျ လက်ရှိပေါက်ဈေးအတိုင်း ပြန်သွားတယ်။ ဟိုဘက်နှစ်ကတည်းက ဈေးနှုန်းတွေက များနေခဲ့တာ။ များနေခဲ့တာကို ထပ်လျှော့တဲ့အချိန်ကျတော့ ခုဈေးကျသွားပြီးသားနေရာမှာ နည်းနည်းပဲလျှော့တယ်ဆိုရင် ကွက်တိလောက်ပဲ သွားဖြစ်တယ်''ဟု ဦးတင်မောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်သည့် ရာဖြတ်ဈေးနှုန်းလျော့ကျ သွားသည့်အတွက် ယခင်နှစ်ကထက် အခွန်ဆောင်သူဦးရေ ပိုမိုများပြားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ ရာဖြတ် ဈေးနှုန်းများ လျော့ကျသွားသော်လည်း အခွန်စံနှုန်းများမလျော့သေးသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများမှာ မြင့်တက်လာနိုင်မည်မဟုတ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောသည်။
''ခုဈေးနှုန်းအရ အရင်နှစ်တွေက ထက်စာရင်တော့ ပိုပြီးတော့ ပျော့ပျော့ပျောင်းပျောင်းဖြစ်လာတယ်။ ဟိုဘက်နှစ်တွေတုန်းကတော့ တကယ်တမ်းအရောင်းအဝယ်ဖြစ်တဲ့ဈေးနှုန်းတွေထက်များနေတော့ အဆင်မပြေတော့ဘူး။ ခုတော့ ပြန်လျှော့ပေးထားတော့ မဆိုးဘူး။ ခုလက်ရှိ အိမ်ခြံမြေဈေးနှုန်းက ၂ဝ၁၃ ခုနှစ်ကထက် ၂ဝ၁၈ ဈေးနှုန်းမှာ ၅ဝ ရာခိုင်နှုန်းလောက် ကျတယ်''ဟု မန္တလေးမြို့မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။
ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာတွင် ကျပ်သိန်း ၃ဝဝ နှင့် အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃ဝ၁ သိန်းမှ ကျပ်သိန်း ၁ဝဝ၁ ထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ် ၃ဝဝ၁ သိန်းအထက် အခွန် ၃ဝ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည်ဖြစ်သည်။
လက်ရှိသတ်မှတ်ထားသော ရာဖြတ်ဈေးနှုန်းများတွင် မန္တလေးမြို့လမ်းမကြီးများဖြစ်သည် ၂၆ လမ်း၊ ၃၅ လမ်း၊ လမ်း ၇ဝ၊ ၇၃ လမ်း၊ ၈၄ လမ်း၊ လမ်း ၈ဝ၊ ၆၆ လမ်း၊ ၆၂ လမ်း၊ ၆၈ လမ်း၊ လမ်း ၃ဝ၊ ၇၇ လမ်း၊ ၇၈ လမ်း စသည့်လမ်း များကြီးများနေရာအချို့တွင် တဧကစံနှုန်းမှာ ကျပ်သန်း ၅ဝဝဝ မှ ကျပ်သန်း ၁ဝ၂ဝဝ ထိသတ်မှတ်ထားပြီး လမ်းကျဉ်းနေရာများနှင့် အခြားနေရာများတွင် အနိမ့်ဆုံးကျပ် သန်း ၂ဝဝ မှစတင်ကာ သတ်မှတ်ထားသည်။
Credit: News Watch