အရည်အသွေးနဲ့ စည်းကမ်းကြပ်မတ်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း - Property News in Myanmar from iMyanmarHouse.com
1122 Views

အရည်အသွေးနဲ့ စည်းကမ်းကြပ်မတ်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း

ငလျင်လှုပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ လူနေထိုင်တဲ့အဆောက်အအုံ တွေရဲ့ကြံ့ခိုင်မှုက အလွန်အရေးပါနေပြီး စစ်တမ်းတွေရဲ့ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့အဆောက်အအုံအများစုဟာ အန္တရာယ်ရှိအနေအထား မှာရှိနေပါတယ်။ ဒီအဆောက်အအုံတွေမှာ နေထိုင်နေသူတွေရဲ့ အသက်အန္တရာယ်လုံခြုံမှု ရှိမရှိဆိုတာ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှု အနေအထားနဲ့ အများကြီးသက်ဆိုင်နေပါတယ်။

အဆောက်အအုံတွေရဲ့ အရည်အသွေး ပြည့်ဝစေဖို့နဲ့ အရည်အသွေး မပြည့်မီတဲ့ အဆောက်အအုံတွေကို စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစားပေး လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနစုမှုး ဒေါ်နှင်းအိဝင်းက ဆိုပါတယ်။

အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ သဘာဝဘေးအန္တရာယ် ခံနိုင်ဖို့အတွက် အဆောက်အအုံ စံသတ်မှတ်ချက်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့်ပါမစ်တင်တဲ့အခါ ဆောက်လုပ်ရေးစံညွှန်းတွေနဲ့အညီ ငလျင်ဒဏ်ခံနိုင်မှုနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသေးစိတ်တွက်ချက်မှုတွေ ပါဝင်မှသာ ဆောက်လုပ်ခွင့်ပြုပေးနေတယ်လို့လည်း ဒေါ်နှင်းအိဝင်းက ဆိုပါတယ်။

"အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို တကယ်လိုက်နာရဲ့လားဆိုတာကို ကွင်းဆင်းစစ်ဆေးနေပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် လိုင်စင်ပိတ်သိမ်းတာတွေအထိ အရေးယူနေပါတယ်။ အရည်အသွေးမမီလို့ တစ်ခုခုဖြစ်သွားရင် ခံရမှာက အိမ်ရှင်တွေပါပဲ။ အဆောက်အအုံအရည်အသွေးအတွက် အင်ဂျင်နီယာကောင်စီက အသိအမှတ်ပြုတဲ့ အင်ဂျင်နီယာတွေက တာဝန်ယူ၊ တာဝန်ခံရမှာပါ"လို့ ဒေါ်နှင်းအိဝင်းက ဆိုပါတယ်။

လက်ရှိအနေအထားအရ အဆောက်အအုံဆောက်လုပ်ခွင့် လာရောက်လျှောက်ထားမှုဟာ ခြောက်လပတ် တစ်ပတ်ကို ၆၀ဝ ခန့် ရှိနေတယ်လို့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ အဆောက်အအုံ စံသတ်မှတ်ချက်တွေဟာ အသစ် ဆောက်လုပ်မယ့် အဆောက်အအုံတွေအတွက်သာ ရှိနေပါတယ်။

ဒါပေမဲ့ လူနေထိုင်နေတဲ့ အဆောက်အအုံဟောင်းတွေဟာ အန္တရာယ်ရှိ အဆောက်အအုံတွေ ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုပြုပြင် ထိန်းသိမ်းသင့်လဲဆိုတာကို ကမ္ဘာ့ဘဏ်က နည်းပညာအကူအညီ ယူပြီး ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေအပေါ်အခြေခံပြီး ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုချမှတ်မလဲဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဒေါ်နှင်းအိဝင်းက ပြောပါတယ်။

အဆောက်အအုံဟောင်းတွေ ပြုပြင်တဲ့အပြင် အသစ်ဆောက် လုပ်တဲ့ အဆောက်အအုံတွေမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ကြပ်မတ်လုပ်ဆောင်သင့်တယ်လို့လည်း ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ ဦးဇာနည်အောင်က ပြောပါတယ်။

"ကိုယ်တိုင်ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အကျိုးအပြစ်ဖြစ်ပေါ်ခဲ့ရင် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။ ဒါတွေမရှိသေးတော့ လူတိုင်းက အဖြစ်ပဲလုပ်ကြတယ်။ တစ်ခုခုဖြစ်ရင်လည်း သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ သဘောထားလာကြတယ်"လို့ ဦးဇာနည်အောင်က ဆိုပါတယ်။

အဆောက်အအုံဆိုင်ရာ စံသတ်မှတ်ချက် (Building Code) တွေကို ထုတ်ပြန်ထားပြီးဖြစ်ပေမဲ့ ထပ်မံဖြည့်သွင်းစရာတွေ ကျန်နေသေးတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာက(Building Code) မှာမပါဝင်တဲ့ သစ်၊ ဝါးနဲ့ဆောက်တဲ့ အဆောက်အအုံက ပိုများပါတယ်။ ဒီအဆောက်အအုံတွေအတွက်လည်း မြေငလျင်ဒဏ်ခံနိုင်အောင် ဘယ်လိုပြုပြင် ဆောက်လုပ်သင့်တယ်ဆိုတဲ့အချက်တွေကို လေ့လာပြီး ပြန်ပြန်ဆင်တာမျိုးတွေလုပ်ဖို့ လိုပါတယ်"လို့ ဦးစောထွေးဇော်က ဆိုပါတယ်။

(Building Code) မှာပါဝင်တဲ့ တချို့စံသတ်မှတ်ချက်တွေက မြန်မာနိုင်ငံအတွက် အရမ်းမြင့်နေတယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။ ဥပဒေစံသတ်မှတ်ချက်တွေရှိနေပေမဲ့ လိုက်နာလုပ်ဆောင်ဖို့ ခက်ခဲလွန်းတဲ့အရာတွေ ဖြစ်နေခဲ့ရင် အသုံးမဝင်တဲ့ ဥပဒေစံသတ်မှတ်ချက်သာဖြစ်လိမ့်မယ်လို့ ဆောက်လုပ်ရေး ကဏ္ဍတာဝန်ရှိသူတွေက ဆိုကြပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဆောက်အအုံတည်ဆောက်မှုတွေကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ ကျွမ်းကျင်မှု နည်းခဲ့ကြတာမို့ အဲဒီအချိန်ကဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာ ကြံ့ခိုင်မှု အရည်အသွေးနည်းပါးနေပြီး သေချာ ပြန်ဆန်းစစ်ဖို့ လိုအပ်တယ်လို့လည်း ဦးစောထွေးဇော်က မှတ်ချက်ပြုပါတယ်။

အဆောက်အအုံဟောင်း ၉၉ ရာခိုင်နှုန်းကို ပြန်ပြုပြင်ဖို့အတွက် စစ်ဆေးဖို့က လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် လူအများနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ အဆောက်အအုံတွေကို ဦးစားပေး ပြုပြင်ထိန်းသိမ်းသင့်တယ်လို့လည်း သူက အကြံပြုထားပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ အရည်အသွေးနိမ့်ကျမှုတွေက ဆောက်လုပ်ရေးအခြေခံလုပ်သားတွေကအစ ငွေရင်းစိုက်ထုတ် ရောင်းချတဲ့သူတွေအထိ အဆင့်ဆင့်တိုင်းမှာ တာဝန်ရှိပြီး နံပါတ်တစ် တာဝန်ရှိသူကတော့ မူဝါဒစည်းမျဉ်းစည်းကမ်းတွေကို ကြပ်မတ်ဆောင်ရွက်တဲ့ အစိုးရမှာ တာဝန်ရှိပါတယ်လို့ ဦးဇာနည်အောင်က ပြောပါတယ်။

"ဆောက်လုပ်ရေးကဏ္ဍကြီးတစ်ခုလုံး အရည်အသွေးကောင်းလာဖို့ တစ်ယောက်တည်းကောင်းအောင် လုပ်လို့လည်းမရဘူး။ သက်ဆိုင်ရာအဆင့်တိုင်း မှာရှိတဲ့သူတွေက ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ကြတဲ့အခါ နောက်ဆုံးထိခိုက်ရတာက အသုံးပြုသူတွေပဲဖြစ်ပါတယ်။ဒါကြောင့် အားလုံးမှာတာဝန်ရှိပါတယ်"လို့ ဦးဇာနည်အောင်က ဆိုပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ အရည်အသွေးတိုးတက်လာဖို့အတွက် အစိုးရရဲ့မူဝါဒတွေအပြင် တာဝန်ယူဆောင်ရွက်တဲ့ ပညာရှင်တွေ၊ ကန်ထရိုက်တာ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အင်ဂျင်နီယာ၊ အလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်း တင်သွင်းရောင်းချသူတွေမှာလည်း တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမ·းချုပ် ဦးမျိုးမြင့်က ဆိုပါတယ်။

"အစိုးရတစ်ခုတည်းကို ကောင်းအောင်လုပ်ဖို့ ပြောလို့မရပါဘူး။ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ရှိနေတဲ့သူတွေအားလုံးက အရည်အချင်းပြည့်မီကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာကလည်း ဆောက်လုပ်ရေးကဏ္ဍအတွက် အရေးကြီးတဲ့ အခြေခံကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တူကိုင်တတ်ရုံ၊ လွှဖြတ်တတ်ရုံနဲ့အခြေခံလုပ်သားကောင်းဖြစ်မလာဘူး။ ကိုယ့်လုပ်ငန်းကို စနစ်တကျသိနေဖို့လိုအပ်ပါတယ်"လို့ ဦးမျိုးမြင့်က သူ့အမြင်ကို ပြောပါတယ်။

အဆောက်အအုံတွေရဲ့ အရည်အသွေးကို စိစစ်တဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တကယ်ကျွမ်းကျင်ပြီး တိကျမှန်ကန်တဲ့ စနစ်တွေနဲ့စစ်ဆေးဖို့လိုအပ်ကြောင်း၊ အဆောက်အအုံ ဆောက်လုပ်တဲ့အခါအဓိကကျပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သေသေချာချာ စိစစ်သင့်တယ်လို့ ဦးမျိုးမြင့်က အကြံပြုထားပါတယ်။

"အဆောက်အအုံဆောက်တဲ့နေရာမှာ ဖောင်ဒေးရှင်းက အရေးကြီးလို့ဖောင်ဒေးရှင်းချတဲ့အချိန်မှာ သေချာစစ်ဆေးဖို့လိုပါတယ်။ အဆောက်အအုံတစ်ခုရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းက အောက်ခြေတိုင်တွေပါပဲ။ လူတစ်ယောက်ကို ခြေထောက်ရိုက်ချိုးလိုက်ရင် ချက်ချင်းလဲပြိုသွားသလိုပဲ လူပေါင်းများစွာရဲ့ အန္တရာယ်ဖြစ်မှု၊ မဖြစ်မှုက ဒီအပေါ် အများကြီးမူတည်နေ ပါတယ်"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

အစိုးရရဲ့ တင်ဒါစနစ်တွေနဲ့ ဆောက်လုပ်တဲ့ ပရောဂျက်တွေမှာလည်း အရည်အသွေးကောင်းမွန်စေဖို့ တင်ဒါစနစ်တွေကိုပြုပြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ပထမတစ်နှစ် ဘတ်ဂျက်မှာ ဒီဇိုင်းအတွက်သီးသန့်တင်ဒါပေးပြီး နောက်နှစ်ဘတ်ဂျက်မှသာ ကာလပေါက်ဈေးနဲ့ကိုက်ညီတဲ့ ဈေးနှုန်းတွေနဲ့ တင်ဒါခေါ်ယူသင့်ကြောင်းနဲ့ ဒီဇိုင်းထဲမှာပါဝင်ရမယ့် ပစ္စည်းအသေးစိတ်ကို သေသေချာချာရေးဆွဲစေလိုပြီး အသုံးပြုရမယ့်ပစ္စည်းနဲ့အရည်အသွေးကအစ အတိအကျသတ်မှတ်ခြင်းအားဖြင့် အဆောက်အအုံ အရည်အသွေးကို ထိန်းထားပြီးသား ဖြစ်သွားမယ်လို့လည်း သူကပြောပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ အရည်အသွေးကောင်းမွန်လာဖို့အတွက် ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ တခြားကဏ္ဍအသီးသီးက ကျွမ်းကျင်သူတွေအပြင် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကိုစုဖွဲ့ပြီး ဘယ်လိုအရာတွေကို ပြုပြင်ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ အစိုးရအနေနဲ့ ဆွေးနွေးလုပ်ဆောင်သင့်တယ်လို့လည်း ဦးဇာနည်အောင်က ထောက်ပြပြောဆိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ပြုပြင်ပြောင်းလဲ စိစစ်ရမယ့် အရာတွေကို သေသေချာချာကြပ်မတ်နိုင်မှာဖြစ်ပြီး ဆောက်လုပ်ရေးကဏ္ဍ အရည်အသွေးလည်း ပိုမိုကောင်းမွန်လာမယ်လို့ သူကဆိုပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ တိုးတက်ဖို့အတွက် တိုင်းပြည်စီးပွားရေး ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ ငွေများများပေးပြီး ဝယ်နိုင်တဲ့သူတွေများလာမှသာ အရည်အသွေးကောင်းတဲ့တိုက်ခန်းတွေ၊ လမ်းတံတားတွေနဲ့ တခြားအခြေခံအဆောက်အအုံ တွေကို ဆောက်လုပ်လာနိုင်မှာဖြစ်တယ်လို့ ဦးဇာနည်အောင်က သုံးသပ်ပြောဆိုပါတယ်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service