နေပြည်တော်အိမ်ခြံမြေ သွက်ပေမဲ့ ဈေးမြှင့်ခေါ်လို့မရ
ယခုရက်ပိုင်း နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်ရော အငှားပါသွက်နေပေမဲ့ ရောင်းချသူတွေအနေနဲ့ ဈေးမြှင့်ခေါ်လို့မရဘူးလို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်
က သိရပါတယ်။
‘ အခုက အရောင်းအ၀ယ်ဖြစ်ပေမဲ့ ၀ယ်တဲ့သူတွေဘက်က အသာစီးရတုန်းပဲ၊ ဈေးမြှင့်ခေါ်တဲ့ အကွက်တေါကတော့ လန်တာပဲ၊ ဒါပေမဲ့ ရောင်းတဲ့သူတွေကလဲ များသော အားဖြင့် သိပ်ပြီးတော့ ဈေးခေါ်တာ မရှိပဘူး၊ သိန်း ၅၀၀ ကျော်နဲ့ညှိတယ်
ဆိုရင် သိန်း ၅၁၀ ၀န်းကျင်လောက်နဲ့ ပေးလိုက်တာတွေများပါတယ် ’ လို့ မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (နေပြည်တော်) မှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။
သည်နှစ်နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်ထက် အရောင်းရော အငှားပါ သွက်နေပြီး နေရာအနှံ့လောက်မှာ အိမ်ခြံမြေအရောင်းအ၀ယ်တွေ သွက်နေပါတယ်။ မြေကွက်နဲ့ ပတ်သက်ပြီး အရောင်းအ၀ယ်ပိုင်းမှာ ပိုဖြစ်နေတာကတော့ ဥတ္တရသီရိမြို့နယ်ဘက်မှာဖြစ်ပြီး သိန်း ၃၀၀၀ ကျော်အဆောက်အအုံပါမြေကွက်တွေ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ကျန်တဲ့မြို့နယ်တွေအနေနဲ့ကတော့ သိန်း ၁၀၀၀ ၀န်းကျင်လောက်ရှိတဲ့ အဆောက်အအုံပါမြေကွက်တွေသာ အရောင်းအ၀ယ်ဖြစ်တာ များတယ်လို့ သိရပါတယ်။
အငှားအနေနဲ့ကတော့ ကျပ်သုံးသိန်းတန်အဆောက်အအုံတွေ အငှားသွက်နေပြီး ဇမ္ဗူသီရိမြို့နယ်ထဲမှာရှိတဲ့အဆောက်အအုံတွေကို ပိုငှားကြတယ်။ ကျန်တဲ့လူစည်ကားတဲ့ ပျဉ်မနားမြို့နယ်မှာတော့ အငှားက ပုံမှန်အနေအထားလောက်ပဲ ယခုရက်ပိုင်းမှာရှိနေတယ်လို့ သိရပါတယ်။
‘ အိမ်ခြံမြေဈေးကွက်က သူ့နေရာနဲ့သူတော့ဖြစ်နေကြပါတယ်၊ ဒီနှစ်ကဈေးတွေလဲ မဆိုးဘူးပြောရမှာပေါ့၊ သင့်တင့်တဲ့ ဈေးတွေနဲ့ ပြောကြရောင်းကြတာများပါတယ်။ သပြေကုန်းနဲ့ ရွှေကြာပင်ဆိုနေ့တိုင်းလောက် အရောင်းရောအငှားရောထွက်တယ်’ လို့ အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်က ဒေါ်နန်းစိုးက
ပြောပါတယ် ။
Credit: The Modern