နေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခပေးရန် မလိုသော ရိုးမအိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
1646 Views

နေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခပေးရန် မလိုသော ရိုးမအိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ပြီးစီး

ဆင်းရဲနွမ်းပါးပြီး အရည်အသွေးနိမ့်ကျသော ကျူးကျော်နေအိမ်တဲများတွင် နေထိုင်နေရသူများအတွက် နှစ်သုံးဆယ်အခမဲ့နေထိုင်ရန် တိုက်ခန်းများ ဆောက်လုပ်လှူဒါန်းပေးသည့် စီမံကိန်းကို အစိုးရမှ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိပြီး ပထမဆုံးစီမံကိန်းအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တိုက်ခန်း - ၁၂၀ကျော် ပါဝင်သော ရိုးမအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်မှ ဆင်းရဲနွမ်းပါးသော ဒေသခံနေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခမဲ့ဖြင့် နေထိုင်နိုင်ရန် ရိုးမအိမ်ရာစီမံကိန်းကို တာဝန်ယူဆောက်လုပ် ပေးနေကြောင်း UNHabitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.Bijay Karmacharya က ပြောသည်။

ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ အစိုးရ၏ ငွေကြေးအကူအညီ ဖြင့် UNHabitat မှ အိမ်ခန်းပေါင်း ၁၈၀ ပါဝင်သော ရိုးမအိမ်ရာ ကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် စီမံကိန်းအပိုင်း(၁)မှ အခန်းပေါင်း ၁၂၀ကို တည်ဆောက်ပြီးစီးခဲ့ကြောင်း ၄င်းကပြောသည်။

ထိုတည်ဆောက်ပြီးစီးသော ရိုးမအိမ်ရာ၊ စီမံကိန်း ပထမပိုင်းမှ တိုက်ခန်းများကို ဆင်းရဲချို့တဲ့သော ဒေသခံများကို ဇူလိုင် ၂ ရက်မှစတင်ကာ နေထိုင်ခွင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းမှ တိုက်ခန်းများမှာ တည်ဆောက်နေဆဲဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

"ဂျပန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ UNHabitat က ဆင်းရဲနွမ်းပါးပြီး နေထိုင်ဖို့ သင့်တော်တဲ့အိမ်ရာ မရှိသူတွေအတွက် တိုက်ခန်းဆောက်လုပ်ပေးခဲ့ပါတယ်။ တိုက်ခန်းဆောက်လုပ်ပေးဖို့ မြန်မာအစိုးရဆီက မြေတောင်းခံခဲ့ပြီးတော့ အစိုးရက ဒဂုံဆိပ်ကမ်း၊ ကျီစုရပ်ကွက်က ဒီမြေကိုပေးလို့ ဒီမြေပေါ်မှာ ဒီနားဝန်းကျင်မှာနေတဲ့ ဆင်းရဲနွမ်းပါးလွန်းတဲ့ ဒေသခံတွေအတွက် တိုက်ခန်းတွေ ဆောက်လုပ်ပေးတာ ဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

အဆိုပါ တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသော ဒေသခံများအနေဖြင့် တစ်ခန်းလျှင် ၃၅၀ စတုရန်းပေရှိသော တိုက်ခန်းများတွင် အခကြေးငွေပေးရန်မလိုဘဲ နှစ် ၃၀ နေထိုင် ခွင့်ရရှိမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

"နေထိုင်ဖို့ အရွေးချယ်ခံထားရတဲ့သူတွေက အဲဒီတိုက်ခန်းတွေမှာ နှစ် ၃၀ အလကားနေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နှစ် ၃၀ နောက်ပိုင်း သူတို့ကိုပဲ ဆက်ထားမယ်တို့၊ တခြားသူတွေကို နေထိုင်ခွင့်ပေးသင့်တယ်တို့၊ ဘာတို့တော့ သေချာ မဆုံးဖြတ်ရသေးပါဘူး" ဟု ၄င်းက ပြောသည်။

သို့သော် နေထိုင်သူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နေထိုင်ခွင့် ရုတ်သိမ်းမည်ဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

"နေထိုင်သူတွေအနေနဲ့ တိုက်ခန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ စည်းကမ်းရှိစွာ နေထိုင်ရပါမယ်။ တိုက်ခန်းတွေကို ပြန်လည်ငှားရမ်းခွင့်၊ ရောင်းချခွင့်နဲ့ လွှဲပြောင်းနေထိုင်ခွင့် လုံးဝမရှိရပါဘူး။ တိုက်ခန်းတွေမှာ အမှန်တကယ် နေထိုင်သူတွေပဲ ဖြစ်ရမှာဖြစ်ပြီး စတိုအနေနဲ့ သုံးစွဲခွင့် မပြုပါဘူး။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့ သူတွေအတွက် တိုက်ခန်းနေထိုင်ခွင့်ကို ရုတ်သိမ်းမှာဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

အိုးအိမ်နှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်အရ တည်ဆောက်ပေးသော အဆိုပါ ရိုးမအိမ်ရာစီမံကိန်းတွင် အဆင့်နှစ်ဆင့်ပါဝင်မည်ဖြစ်ပြီး ပထမပိုင်းစီမံကိန်းအရ တိုက်ခန်း ၁၂၀ ပါဝင်သော ငါးထပ်တိုက် အဆောက်အအုံ ခြောက်လုံးကို တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်း ဒုတိယအဆင့်အတွက် တိုက်ခန်း ၆၀ ပါဝင်သော ငါးထပ်တိုက် အဆောက်အအုံ သုံးလုံးကို တည်ဆောက်လျက်ရှိကြောင်း ၄င်းကပြောသည်။

"နေထိုင်ဖို့ သင့်တော်တဲ့အိမ်ရာမရှိသူ ဆင်းရဲနွမ်းပါးသူ ဒေသခံတွေအတွက် ပြန်လည် ထူထောင်ရေးအစီအစဉ်အနေနဲ့ ရိုးမအိမ်ရာ စီမံကိန်းကို Pilot Project အနေနဲ့ ရန်ကုန်မြို့ မှာ စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ရိုးမအိမ်ရာ စီမံကိန်း ပထမနဲ့ ဒုတိယအဆင့်နှစ်ခုမှာ နေထိုင်သူ ၁,ဝ၀ဝ ကျော်အတွက် တိုက်ခန်းပေါင်း ၁၈၀ ကို နေထိုင်ဖို့ တိုက်ခန်းပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၄င်းက ပြောသည်။

ထို့ပြင် အဆိုပါအိမ်ရာစီမံကိန်းကို community based စီမံကိန်းအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြစ်သည့်အတွက် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိမည့် သူများကို ဒေသခံများကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။

"ဒေသခံတွေအတွက် community based Project အနေနဲ့ အကောင်အထည်ဖော်တဲ့အတွက် ဒီတိုက်ခန်းတွေမှာ အကျိုးခံစားခွင့်ရမယ့် နေထိုင်ခွင့်ရမယ့်သူတွေကို ဒေသခံတွေကိုပဲ ရွေးချယ်ခိုင်းခဲ့ပါတယ်။ ဒေသခံတွေမှာ ဘယ်သူက ပိုဆင်းရဲတယ်ဆိုတာ သူတို့ပဲ အသိဆုံးဖြစ်လို့ ကော်မတီဖွဲ့ပြီး အဆင့်ဆင့်ရွေးချယ်စေခဲ့ပါတယ်။ ဒေသခံတွေ ကော်မတီဖွဲ့ပြီး အစည်းအဝေး အကြိမ်၂၀ခန့် လုပ်ပြီးမှ နေထိုင်ခွင့် ရသင့်တဲ့သူတွေကို သူတို့ဘာသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်"ဟု ၄င်း က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒေသခံများနေထိုင်ရန် အိမ်ရာရရှိရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်နေထိုင်ရန် အခက်အခဲရှိနေသူများအတွက် အငှားချအိမ်ရာများကို အကောင်အထည်ဖော်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လဆန်း ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျင်းပခဲ့သော ရိုးမအိမ်ရာ ဖွင့်ပွဲတွင်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Tateshi Higuchi က 'ဂျပန်အစိုးရနဲ့ ပြည်သူတွေစုပေါင်းပြီး မြန်မာနိုင်ငံက အိမ်ရာလိုအပ်ချက်ရှိသူတွေအတွက် ဒီလိုမျိုး အိမ်ရာဆောက်လုပ် လှူဒါန်းခွင့်ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နဲ့ ပေါင်းပြီးတော့ ရိုးမအိမ်ရာကဲ့သို့ အိမ်ရာတွေလည်း ဆောက်လုပ်ပေးနိုင်ဖို့ မျှော်မှန်း ထားပါတယ်"ဟု ပြောသည်။

ရိုးမအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူတစ်ဦးဖြစ်သူ ကျီစုဒေသခံ ဦးကျော်ကျော်ဦးက မမျှော်မှန်းခဲ့ဖူးသော ငှားရမ်းခ ပေးရန်မလိုဘဲ နေထိုင်ရန် အရည်အသွေးမီတိုက်ခန်းရရှိသည့်အတွက် ဝမ်းသာကြောင်းပြောသည်။

"ဘဝမှာ နေထိုင်ဖို့ တိုက်ခန်းအလကားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ အခုလိုမျိုး စိတ်ကူးတောင် မယဉ်ဖူးတာကနေ တကယ်နေဖို့ တိုက်ခန်းရလာတော့ မယုံနိုင် ပါဘူး။ အရင်လို ဝါးအိမ်လေးတွေနဲ့ဖြစ်သလိုနေမယ့်အစား ဒီလိုနေထိုင်ဖို့ သင့်တော်တဲ့တိုက်ခန်းရရှိတာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပါတယ်။ ပြီးတော့တဲအိမ်လေးတွေကို ဓနိတွေ၊ ထရံတွေ ကို တစ်မိုးတွင်းတစ်ခါ ပြန်အသစ်လဲစရာမလိုတော့ ငွေကြေး လည်း ချွေတာနိုင်ပြီး နေအိမ်နဲ့ သုံးစွဲတဲ့ရေမကောင်းလို့ဖြစ်ရ တဲ့ ကျန်းမာရေးဆိုးကျိုးတွေလည်း လျော့နည်းသွားမှာဖြစ်လို့ ပျော်ရွှင်မိပါတယ်"ဟု ပြောသည်။

ရန်ကုန်မြို့၏ အရှေ့ဘက်စွန်းအပိုင်းတွင်ရှိသော ဒဂုံဆိပ်ကမ်းမြို့နယ်ကို ၁၉၉၀ ပြည့်နှစ်ပိုင်းတွင် စက်မှုမြို့တော် အနေဖြင့် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် နေထိုင်သူ ၁၆၆,ဝ၀ဝ ဦး နေထိုင်လျက်ရှိကာ လမ်းပန်းဆက်သွယ်ရေး အထိုက်အလျောက် ကောင်းမွန်သော မြို့တစ်ခုဖြစ်သည်။


Credit : မယ်တင် မှ iMyanmarHouse.com Property Website အတွက် အထူးရေးသားဖော်ပြသည်။
နေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခပေးရန် မလိုသော ရိုးမအိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
နေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခပေးရန် မလိုသော ရိုးမအိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
နေထိုင်သူများအတွက် နှစ် ၃၀ ငှားရမ်းခပေးရန် မလိုသော ရိုးမအိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service