ဧပြီလမှစ၍ အဆောက်အအုံများ စည်းကမ်းနှင့်အညီဆောက်လုပ်ခြင်းမရှိပါက ဒဏ်ရိုက်မည်
မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းနှင့်အညီအဆောက်အအုံ ဆောက်လုပ်ခြင်းမရှိပါက ၂ဝ၁၇ ဧပြီလမှစ၍ တစ်စတုရန်းပေ(တစ်ပေပတ်လည်)လျှင် ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် ဒဏ်ကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောသည်။
ယခင်ဒဏ်ကြေးငွေကျပ်၂ဝဝ ကောက်ခံခဲ့ရာမှ ယခုကဲ့သို့ ဒဏ်ကြေးတိုးမြှင့် ကောက်ခံခြင်းသည် မြို့တော်စည်ပင်အတွက် အခွန်ငွေရရှိရန်မဟုတ်ဘဲ စည်းကမ်း လိုက်နာစေရန်အတွက် အဓိကရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆောက်အအုံများအား ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်ထက်ပို၍ အထပ်တိုးဆောက်လုပ်ခြင်းနှင့် ပိုမို ကျယ်ဝန်းစွာဆောက်လုပ်ခြင်းများကို ယခင်က နေအိမ်အဆောက်အအုံဖြစ်လျှင် တစ်ပေပတ်လည် ငွေကျပ် ၂ဝဝ နှင့်လုပ်ငန်းအဆောက်အအုံများအားငွေကျပ် ၄ဝဝ ဒဏ်ကြေးငွေ သတ်မှတ်ခဲ့ခြင်းကို ယခုအခါ နေအိမ်အဆောက်အအုံနှင့် လုပ်ငန်း အဆောက်အအုံများအားလုံးကို တစ်ပေပတ်လည်လျှင် ငွေကျပ် ၁၅ဝဝဝ ဒဏ်ငွေ တပ်ရိုက်သွားမည်ဖြစ်သည်။
''ဆောက်လုပ်ခွင့်တင်တုန်းက သုံးထပ်တင်ပြထားပြီး အမှန်တကယ်ဆောက်လိုက် တာက လေးထပ်လုပ်လိုက်ရင် ခွင့်ပြုတာထက် အထပ်တိုးဆောက်တာ။နောက်တစ်ခုက ခွင့်ပြုတာက ပေ (၃ဝx၄ဝ) မှာ ဘေးကိုချဲ့တယ်၊ ရှေ့ကို တိုးတယ်။ ဒါမျိုးတွေမဖြစ်အောင် စည်းကမ်းလိုက်နာစေချင်ပြီး ပြည်သူတွေအမြင်ရှင်းအောင်လို့ပါ''ဟု ကော်မတီဝင် ဦးခိုင်မြင့်က ရှင်းပြသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ရက်မှ ဖေဖေါ်ဝါရီ ၁၆ရက်ထိ အိမ်ဆောက်မိန့် ၅ဝဝ ကျော် ချထားပေးခဲ့ပြီးဖြစ်ရာ ဒဏ်ကြေးပေးဆောင်စေခြင်းဖြင့် အရေးယူခဲ့သည့် အမှု ပေါင်း၂၂၂ မှုရှိကြောင်း၊ ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းနှင့် အထပ်တိုးဆောက်လုပ် ခြင်းများမှ ကောက်ခံရရှိသည့် ဒဏ်ကြေးငွေကျပ် $၇၂၅ သိန်းရရှိခဲ့ကြောင်းသိရသည်။
Credit: MOI Webportal Myanmar