လာမည့် ၂၀၂၀ နောက်ပိုင်းတွင် တိုကျိုလူနေခန်းဈေးနှုန်းများ ထိုးကျမည်ဟု ဟောကိန်းထုတ်
ဂျပန်အိမ်ခြံမြေအင်စတီကျု၏ ဟောကိန်းထုတ်ချက်အရ တိုကျိုရှိ အထူးရပ်ကွက် ၂၃ ခုတွင် နေအိမ်ခန်းသစ်ဈေးကွက်သည် ၂၀၂၁ ခုနှစ်မှ စတင်ပြီး အကျဘက်သို့ ဦးတည်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ယင်းကာလမှာ ၂၀၂၀ တိုကျိုအိုလံပစ် အားကစားကျေးရွာမှ လူနေခန်းများ အရောင်းဈေးကွက်သို့ ဝင်ရောက်လာမည့်ကာလနှင့်လည်း တိုက်ဆိုင်နေလေသည်။
၂၀၁၆ ခုနှစ်အတွင်း တိုကျိုလူနေခန်းသစ်ဈေးနှုန်းမှာ ၂၀၁၅ နှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာသည်။
စတုရန်းတစ်မီတာ ပေါက်ဈေးမှာ ယန်းငွေ ၉၅၉၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်- ဒီဇင်ဘာ ၂၂ ငွေလဲဈေးအရ) အထိ ရှိလာသည်။
လာမည့်နှစ်အနည်းငယ်အတွင်းတွင်လည်း တိုကျိုအထူးရပ်ကွက်များတွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိပြီး နှစ်စဉ် ၀ ဒသမ ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။
၂၀၂၀ ပြည့်နှစ်တွင်မူ လူနေခန်းသစ်ဈေးနှုန်းများသည် ထိပ်ဆုံးအဆင့်အထိ မြင့်တက်ဖွယ်ရာရှိပြီး စတုရန်းတစ်မီတာလျှင် ယန်းငွေ ၉၇၇၀၀၀ (မြန်မာငွေ ၁၁၄ သိန်းကျော်- ဒီဇင်ဘာ ၂၂ ငွေလဲဈေးအရ) အထိ ဈေးပေါက်ဖွယ်ရှိကြောင်းအိမ်ခြံမြေအင်စတီကျုက
ဟောကိန်းထုတ်ထားသည်။
ယင်းနောက်ပိုင်းတွင် အိမ်ခြံမြေဈေးများ တစထက်တစ ပြန်လည်ကျဆင်းလာမည်ဖြစ်ပြီး လက်ရှိ ၂၀၁၆ ဈေးနှုန်းမျိုး ပြန်လည် ဖြစ်ပေါ်လာမည်ဟု ဆိုသည်။
အိမ်ခြံမြေဈေးနှုန်းကျဆင်းရခြင်း၏ အခြေခံအကြောင်းရင်းများမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးခြင်း၊ မြို့ပြလူဦးရေကျဆင်းခြင်းနှင့် အလုပ်လုပ်သည့် အသက်အရွယ်ရှိ လူဦးရေ ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်မည်ဟု ဟောကိန်းထုတ်သည်။
အထူးသဖြင့် ၂၀၂၀ အိုလံပစ်ပွဲတော်ပြီးလျှင် အားကစားကျေးရွာမှ လူနေခန်းများ ဈေးကွက်သို့ အလုံးအရင်း ဝင်ရောက်လာမည် ဖြစ်ခြင်းမှာ တိုကျိုအိမ်ခြံမြေဈေးကွက် ကျဆင်းခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)