ကျူးကျော်တို့၏ မျှော်လင့်ချက် - Property News in Myanmar from iMyanmarHouse.com
1377 Views

ကျူးကျော်တို့၏ မျှော်လင့်ချက်

မျက်နှာစာအကျယ် ၁၀ပေ မျှသာရှိသော တဲသာသာ အိမ်များက ရန်ကုန်-ပုသိမ်ကားလမ်းမဘေးတစ်လျှောက် စီတန်းစုပြုံစွာ ဆောက်လုပ်ထားသည်။

နေအိမ်အများစုမှာ ထရံကာ၊ ဓနိမိုးများဖြစ်ပြီး နေအိမ် အချို့မှာ သွပ်မိုးထားသည်။ အိမ်တန်းများ၏ အပြင်ဘက်လမ်းမပေါ်တွင် ဟောင်းနွမ်းနေသော အ၀တ်အစားများနှင့် အရွယ်စုံကလေးငယ် များ ဆော့ကစားနေကြသည်။

ကလေးအချို့မှာ အ၀တ်အစားပင်မပါ။ အိမ်ထောင်ရှင်အမျိုးသမီးအချို့ကမူ အိမ်အပြင်ဘက်လမ်းမထက်တွင် ထင်းမီးဖို၍ ထမင်း၊ ဟင်းချက်ပြုတ်အလုပ်ရှုပ်နေကြသည်။

ကျူးနေအိမ်တစ်လုံးပေါ်တွင် အသက် (၇၀)ကျော် အမျိုးသားတစ်ဦး အိမ်ရှေ့ပြတင်းပေါက်ကို လက်တင်မှီ၍ အိမ်အပြင်ဘက်သို့ ငေးကြည့်နေ၏။

‘‘နေစရာမရှိလို့ ကျူးကျော်နေနေရပေမယ့် ဒီအရွယ်မှာ ကိုယ့်အိမ်ပိုင်လေးနဲ့တော့ နေသွားချင်သေးတာပေါ့’’ဟု မအူပင်မြို့နယ် ဇာတိသား ဦးလှသိန်းက သူ၏ဆန္ဒကို ဖွင့်ဟသည်။

ဦးလှသိန်းတို့ မိသားစုသည် ယခင်က မအူပင်မြို့နယ်တွင်မိရိုး ဖလာတံငါအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူများဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က မအူပင်မြို့နယ်အတွင်း ငါးကန်များတူးဖော်မှုများလာသဖြင့် တံငါအလုပ်မှာ အဆင်မပြေတော့၍ မိသားစုဝင်ငါးဦးစ လုံး ဆွေမျိုးများ ရှိသည့် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမဘေး ကျူးကျော်တဲစုများဆီသို့ လွန်ခဲ့သည့် ၂ နှစ်ကျော် က ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။

ရန်ကုန်သို့ စတင်ရွှေ့ပြောင်း လာစဉ်ကတည်းက အိမ်လခမတတ်နိုင်၍ ကျူးကျော်အဖြစ်ဝင် ရောက်နေ ထိုင်သူများဖြစ်သည့်အပြင် စားဝတ်နေရေးအတွက် ကျပန်း အလုပ်များလုပ်၍ ရပ်တည်နေကြ ရသောကြောင့် အိုးပိုင်၊အိမ်ပိုင်ဖြစ် လာရေးကို မမျှော်မှန်းရဲခဲ့ပေ။

သို့သော် မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် က ရန်ကုန်မြို့၌ အမှန်တကယ်နေ စရာမရှိ၍ ကျူးကျော်နေထိုင်ရသူ များအတွက် နေစရာစီစဉ်ပေး မည်ဟူသော သတင်းစကားက ဦးလှသိန်းအပါအ၀င် ကျူးကျော်များအတွက် မယုံနိုင်လောက်အောင်ဖြစ်ခဲ့သည်။

‘‘အဲဒီနေ့က ရေဒီယိုသတင်းနားထောင်နေတုန်း ကျူးကျော်တွေအတွက် နေစရာပေးမယ်ဆိုတဲ့သတင်း ကြားလိုက်ရတာ။ သတင်းကြားကြားချင်း အားလုံးဝမ်းသာကြတာပေါ့’’ဟု ဦးလှသိန်းက သူ၏ တရုတ်နိုင်ငံထုတ် လက်ဖ၀ါးသာသာ ရေဒီယို အဟောင်းလေး ကို ညွှန်ပြရင်း အားတက် သရော ပြောသည်။


အစိုးရသစ်တက်လာပြီး တစ်လနှင့်လေးဆယ့် ငါးရက်အကြာ တွင် ကြားလိုက်ရသော သတင်းစကားကြောင့် ကျူးကျော်နေထိုင်သူများအ တွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာစေတော့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ‘‘တကယ်နေ စရာမရှိလို့ အခက်တွေ့နေတဲ့သူတွေအတွက် ကျွန်တော်တို့ဆောင်ရွက်ဖို့ စီမံထားပါတယ်။ ဒါက နိုင်ငံတော်မှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့အစိုးရအဖွဲ့က တာဝန်ယူရမှာဖြစ်ပါတယ်’’ဟု မေလ ၂၅ ရက်က ရန်ကုန်မြို့ရှိ ကျူးကျော်များအရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ခေတ်အဆက်ဆက် အစိုးရတိုင်း ကြုံတွေ့ဖြေရှင်းရလေ့ရှိသည့်ကိစ္စ၌ ကျူးကျော်ပြဿနာသည် မပါမဖြစ်ဝင်ပါနေလေ့ရှိသည်။

ကျူးကျော်နေထိုင်သူများအား အမှန်တကယ်နေ ထိုင်စရာမရှိ၍ ကျူးကျော်နေထိုင်ခြင်း၊ သိသိနှင့် စီးပွားဖြစ်ကျူးကျော်ခြင်း၊ အစိုးရပိုင်မြေအတွင်း ၀င်ရောက်ကျူးကျော်ခြင်း၊ ပုဂ္ဂလိကပိုင်မြေဧရိယာအတွင်း ၀င်ရောက်ကျူးကျော်ခြင်းနှင့် မိရိုးဖလာမြေနေရာ သိမ်းယူခံရပြီးနောက် ကျူးကျော်ဟု သတ်မှတ်ခံရခြင်းစ သည်ဖြင့် ယခင်အစိုးရလက်ထက်ကတည်းက ခွဲခြားသတ်မှတ်ထားခဲ့သည်။

ယင်းအမျိုးအစားတွင် စီးပွားဖြစ် ကျူးကျော်လုပ်စားသူများမှာ အဆိုးဆုံးဖြစ်ပြီး နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များကိုယ် တိုင်ပါဝင် ပတ်သက်မှုရှိသော်လည်း ဖော်ထုတ်အရေးယူမှု အားနည်းခဲ့ကြောင်း ကျူးကျော်အရေးကူညီဆောင် ရွက်ပေးနေသူ ဦးစိုင်းတင့်က ပြောသည်။

ကျူးကျော်နေထိုင်သူအများစုမှာလည်း ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ရွှေ့ပြောင်းရောက်ရှိလာကြသူများဖြစ်ပြီး ၎င်းတို့ဒေသတွင် လုပ်ကိုင်စားသောက်ရန် အဆင်မပြေခြင်းများက ရန်ကုန်မြို့ရှိ ကျူးကျော်အရေ အတွက်ကို တိုးပွားလာစေသည့် အဓိကအ ချက်ဖြစ်စေခဲ့ကြောင်း ကျူးကျော်အရေး ကူညီဆောင်ရွက် သူအချို့က သုံးသပ်ပြောကြားသည်။

ထို့အတူ အစိုးရအဆက်ဆက် ကျူးကျော်ပြဿနာဖြေရှင်း ပုံချင်းကလည်း ကွာခြားခဲ့သည်။ မြို့သစ်များ တည်၍ နေရာအစားထိုးချပေးခြင်း ကျင့်သုံးခဲ့သကဲ့သို့ဥပဒေကြောင်းဖြင့် နေရာအစားထိုးပေးအပ်ခြင်းမရှိဘဲ အင်အားသုံးဖြေရှင်းခဲ့သည်များလည်း ရှိသည်။

အင်အားသုံးဖြေရှင်းသည့် နည်းလမ်းကို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်၌ အများဆုံးကျင့်သုံးခဲ့သည်။ ကျူးကျော်နေအိမ်များကို ဘူဒိုဇာဖြင့်ထိုး၍ ဖယ်ရှားခြင်းကြောင့် အပြင်းအထန် ဝေဖန်ကန့်ကွက်မှုများ ကြုံခဲ့ရသည်။

ထိုသို့စက်ယန္တရားနှင့် လူအင်အားသုံးကာ ကျူးကျော်ရှင်းလင်းဖယ်ရှားမှုကို အစိုးရသက်တမ်းမကုန်ဆုံးမီ တစ်လအလိုခန့်အထိပင် ပြုလုပ်ခဲ့သည်။

သို့သော် ကျူးကျော်ပပျောက်ရေးမှာ ထိရောက်မှုမရှိခဲ့ဘဲ အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ကျန်ရစ်ခဲ့သည်။

‘‘အရင်အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကို အခုအစိုးရက ဆက်ရှင်းရမှာပဲ။ အစီအမံကောင်းကောင်းနဲ့ ရှင်းနိုင်ရင်ဒီကိစ္စက မပြေလည်နိုင်စရာ အကြောင်းမရှိပါဘူး’’ဟု မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးပညာရှင် မြင့်မိုရ်ဆွေက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေအိမ်တစ်သိန်း ခန့်နှင့်ကျူးကျော်နေထိုင်သူ လူဦးရေလေးသိန်းကျော် ရှိနိုင်သည်ဟု အစိုးရကခန့်မှန်းထားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ထိပ်တိုက်တွေ့ ဆုံမှုများရှိခဲ့ပြီး တင်းမာမှုများဖြစ်ပေါ်ခဲ့သည့် ကျူးကျော်အရေးကိစ္စကို အစိုးရသစ်က မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်ကို ကာယကံရှင်ကျူးကျော်နေ ထိုင်သူများအပြင် စောင့်ကြည့်လေ့လာသူများကပင် စိတ်ဝင်တစားရှိခဲ့သည်။

‘‘စာရင်းကောက်ခံပြီး ဒီလူတွေနောက်ကြောင်း ကိုလိုက်မယ်။ တကယ်ရွှေ့ပြောင်းသွားတယ်။ တကယ်နေစရာမရှိဘူးဆိုတာနဲ့ သူ့ကို ပြန်လည် ထူထောင်ပေးဖို့ ကူညီပေးသွားမှာပါ။ ယာယီ Camp တစ်ခုကို ရွှေ့ထားပါမယ်။ ရွှေ့ပြီးရင်သူဟာအလုပ်လုပ်ရပါမယ်။ အလုပ်လုပ်ပြီးရင်ကို သူ့ကို အိမ်တစ်အိမ်ပေါ် မှာထားပါမယ်။ အခန်းတစ်ခန်းမှာထားပါမယ်။ သူ့ဘ၀ကိုသူ ရပ်တည်နိုင်အောင်ကူညီပါမယ်’’ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကျူးကျော်အရေး အားဖြေရှင်းဆောင်ရွက်မည့် သူ၏အစီအစဉ်ကို ထုတ်ဖော်ပြောကြားသည်။

ကျူးကျော်ပြဿနာဖြေရှင်းရာတွင် အမှန်တကယ်နေ စရာမရှိသူများ အတွက် ၎င်းအနေဖြင့် တာဝန်ယူမည် ဆိုသော်လည်း တစ်ဖက်တွင် စီးပွားဖြစ်လုပ်နေသော ကျူးကျော်များကိုမူ ထိရောက်စွာ အရေးယူမည်ဟု သတိပေးသည်။

‘‘ကျူးကျော်နေမှုအားလုံးကို ဒီနေ့အပြီးအပြတ် ရပ်ဆိုင်း လိုက်ပြီ ဖြစ်ပါတယ်။ ရှေ့မှာထပ်ပေါ်ထွန်းလာမယ့် ကျူးကျော်အားလုံးကို တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမှာဖြစ်ပါတယ်’’ ဟု ၎င်းက မေလ ၂၆ရက်မှစ၍ အသစ်ကျူးကျော်နေ ထိုင်သူများ အား သတိပေးလိုက်သည်။

ဝန်ကြီးချုပ်၏ပြောကြားချက်အပေါ် အမှန်တကယ်နေစရာ မရှိသူများက လက်ခံကြိုဆိုကြသော်လည်း မြို့ပြရေးရာ ကျွမ်းကျင်သူအချို့ကမူ လက်တွေ့ကျကျလုပ်ဆောင် ရန် ပြောသလောက်လွယ်ကူနိုင်မည်မဟုတ်ဟု မှတ်ချက်ပြုကြသည်။

‘‘စီးပွားဖြစ်လုပ်စားတဲ့သူတွေကို လွယ်လွယ်ရှင်းနိုင်ဖို့တော့ ခက်မယ်။ ပြီးတော့ ကျူးကျော်တွေကို စခန်း(Camp) တွေ အရင်ပို့မယ်။ ပြီးမှ နေရာချပေးမယ်ဆိုတာက အလုပ်နှစ်ခုလုပ်ရမယ့်ကိစ္စဖြစ်လို့ အချိန်ကြာနိုင်တယ်။ အရင်ကလည်း ဒီလိုယာယီဆိုပြီးထားဖူးတယ်။ အခုအချိန်အထိ နေရာမပေးနိုင်သေးလို့ သောင်တင်နေတာ ရှိတယ်။ လုပ်သင့်တာကတော့နေ ရာထိုင်ခွင့်ရှိမယ့်နေ ရာကို တစ်ခါတည်းပို့ပေးနိုင်ရင် ပိုပြီးမြန်ဆန်မှု ရှိနိုင်မယ်’’ဟု မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးပညာ ရှင်ဦးမြင့်မိုရ်ဆွေက ပြောသည်။

အစိုးရအနေဖြင့် နေစရာဖန်တီးပေးမည်ဆိုပါက ကုန်ကျစရိတ်များကာ အချိန်ကြာမြင့်စေမည့် အိမ်ရာဆောက်လုပ်နေထိုင်စေမှုထက် လယ်ယာမြေကို ကာလတန်ကြေးဖြင့်ဝယ်ယူကာသင့်တင့်သော မြေကွက်များဖော်ဆောင်ချထားပေးပါက ပို၍ထိရောက်မှုရှိနိုင်မည်ဟု ၎င်းကအကြံပြုသည်။

‘‘အဲဒီမြေယာတန်ဖိုးရဲ့အချိုးအစားသတ်မှတ်ပြီး နေထိုင်ခွင့်ရှိသူတွေဆီက အရစ်ကျဖြည်းဖြည်းချင်းပြန်ကောက်ခံနိုင်ရင် အစိုးရအတွက်လည်း ၀န်ထုပ်ဝန်ပိုးလျော့ မယ်။ နေစရာ အခက်အခဲရှိသူတွေအတွက်လည်း အဆင်ပြေနိုင်တယ်’’ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးကျော်စိုးက လက်ရှိအစိုးရသစ်ဆောင်ရွက်မည့် အစီအမံမှာကောင်းမွန်သော်လည်း မျှော်မှန်းထားသည့်အလျောက်အဆင်ပြေနိုင်ဖွယ်မရှိဟု သုံးသပ်သည်။

‘‘အစီအစဉ်ကတော့ကောင်းပါတယ်။ စာရင်းကောက် တဲ့လုပ်ငန်းကစလို့ တိကျတဲ့စာရင်းအချက်အလက်ရ ဖို့၊ နေရာချထားရေး ဆောင်ရွက်နိုင်ဖို့ဆိုတဲ့အပိုင်းမှာ အခက်အခဲရှိနိုင် တယ်။ မြေနေရာရရှိမှုကိစ္စကတော့ အစိုးရသစ်ရဲ့စီမံခန့်ခွဲမှုအပေါ်မူတည်တယ်’’ ဟု ၎င်းတာဝန်ထမ်းဆောင်ခဲ့သော ယခင်အစိုးရ လက်ထက်ကြုံခဲ့ရသည့် အတွေ့အကြုံနှင့် ချိန်ဆ၍ ပြောသည်။

စီးပွားဖြစ်လုပ်စားသူများကို လက်မခံဟုဆိုသော်လည်း ၀န်ကြီးချုပ်၏ သတိပေးစကားထွက်ပေါ်ခဲ့ ပြီးနောက် နေစရာ အပိုင်ရလိုမှုဖြင့် အသစ်ဝင်ရောက် ကျူးကျော်နေထိုင်သူများက လက်ဦးမှုရယူနေသည် များရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

စီးပွားဖြစ်ကျူးသူအချို့မှာ ယခင်ကနေစရာ မရှိသူ များကို နေရာငှားရမ်းနေထိုင်ခွင့်ပေးခဲ့ပြီး အစိုးရက ကျူးကျော်နေထိုင်သူများ အားနေစရာပေးမည်ဆိုသော သတင်းထွက်ပေါ်ခဲ့ပြီးနောက် ငှားရမ်းနေထိုင် သူများအား နှင်ထုတ်၍ ၎င်းတို့က ၀င်ရောက်နေ ထိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်းများရှိလာသည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက် တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

‘‘ဒါက အောက်ခြေအုပ်ချုပ်ရေးအပိုင်းတွေရဲ့ အားနည်းချက်တွေကို အစိုးရက ထိန်းကျောင်းမှုပြုလုပ်တာ လိုအပ်နေသေးတဲ့ သဘောလို့ဆိုရမှာပဲ’’ဟု ၎င်းကဆိုသည်။

အချို့သောမြို့နယ်များမှ ကျူးကျော်နေထိုင်သူများကမူ အစိုးရ၏ ကျူးကျော်များနှင့် ပတ်သက်သော သဘောထားထုတ်ပြန်ပြီးနောက် စီးပွားဖြစ်သမားများ ၀င်ရောက်မလာစေရန် အချင်းချင်း စောင့်ကြည့်ကြပ်မတ်မှုများ ပြုလုပ်လာကြသည်။

‘‘ကျွန်တော်တို့ အရင်ကတည်းက နေထိုင်တဲ့သူတွေကို စာရင်းလုပ်ထားတယ်။ အရင်လူတွေ နေထိုင်တဲ့နယ်နိမိတ်ကိုအလံတိုင် စိုက်ထားတယ်။ အလံတိုင်စိုက်ထားတဲ့နေရာမှာ အိမ်အသစ်ထပ်ဆောက်ခွင့်မပေးဘူး။ အလံတိုင်အပြင်က ထပ်ရောက်လာတဲ့သူတွေကို ကျွန်တော်တို့ အာမမခံဘူး။ သူ့ကိစ္စသူရှင်းပဲ’’ဟု မင်္ဂလာဒုံပျဉ်းမပင်စက်မှုဇုန် စိုက်ပျိုးရေးခြံအတွင်းမှ ယခုနှစ်ဆန်းပိုင်းက ကျူးကျော်ဟုဆိုကာ ရှင်းလင်းဖယ်ရှားခံခဲ့ သည့် မြေသိမ်းခံ ဒုက္ခသည်စခန်းမှ တာဝန်ခံဦးထင်ကျော်က ပြောသည်။

အဆိုပါစခန်းကို ပျဉ်းမပင်စက်မှုဇုန် ရှိ ပေါ့စကိုစက်ရုံလမ်း အတွင်း လမ်းဘေးဝဲယာတွင် နေအိမ်များဆောက် လုပ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အပြင်လူမ၀င်ရောက်ရန်နှင့် ‘‘စခန်းအတွင်း အမှန်တကယ်နေထိုင်ခြင်းမရှိသူများအား တာဝန်ယူနိုင်မည်မဟုတ်ပါ’’ဟု ရေးသားထားသော ဗီနိုင်းများချိတ်ဆွဲထားသည်။

စီးပွားဖြစ် အသစ်ဝင်ရောက် နေထိုင်သူများရှိပါက လူဟောင်းများနှင့် ရောထွေးကာ စိစစ်မှုတွင် ရှုပ်ထွေးမှုများရှိနိုင်သည့်အတွက် မိမိအသိ စိတ်ဖြင့် စောင့်ကြပ်မှုများ လုပ်ထားရကြောင်း လှိုင်သာယာမြို့နယ် တွံတေးလမ်းသစ်အနီး ကျူးကျော်နေထိုင်သူ ကိုကျော်ကျော်က လက်ရှိအခြေအနေကို ပြောသည်။

‘‘သူတို့ကြောင့် တကယ်နေစရာမရှိတဲ့သူတွေ နစ်နာမှာစိုးလို့ အသစ်ထပ်လာဆောက်မယ့်သူတွေကို လက်မခံဘူး။ လာကြတာရှိတယ်။ မောင်းထုတ်ရတာပေါ့။ ရတောင့်ရခဲအခွင့်အရေးအပျက်မခံဘူး’’ဟု ၎င်းက ပြောသည်။

ကိုကျော်ကျော်ကဲ့သို့ အမှန်တကယ်နေစရာမရှိသော ကျူးကျော်များအနေဖြင့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတိပြုထားသော နေစရာဖန်တီးပေးမည့် စီမံချက်အပေါ် မျှော်လင့်ချက်ထားရှိလာကြသော်လည်း တိကျသည့်အချိန်ကာလကို မသိရှိရသေးခြင်းက ၎င်းတို့ စိတ်ကူးအိပ်မက်ကို မှေးမှိန်စေပြန်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၄၅ ရက်အတွင်း ကျူးကျော်စာရင်းကောက်ယူမည်ဟု ဆိုထားပြီး နေရာချထားရေးစီမံကိန်းကို မည်သည့်အချိန်တွင် အပြီးဆောင်ရွက်မည်ကို ထုတ်ဖော်ပြောကြားခြင်း ရှိမနေသေးခြင်းကြောင့် ဖြစ်သည်။

သို့သော် အစိုးရသစ်သက်တမ်း အစောပိုင်းမှာ တင် နေစရာမဲ့နေသူများအား အတင်းအကျပ်ဖယ်ရှားရန် ဖိအားပေးခြင်းထက် ကူညီဖြေရှင်းပေးမည်ဆိုသည့် သတင်းစကား ကြားရခြင်းကပင် ၎င်းတို့အဖို့ စိတ်သက် သာစရာ ဖြစ်ခဲ့ရသည်။

‘‘အရင်ကဆို အကြမ်းဖက်ခံရပြီးနောက် နေ့ဖယ်ရမလား၊ ညဖယ်ရမလား စိုးရိမ်နေတာ။ နေစရာမပေးနိုင်သေးခင်မှာ လက်ရှိနေနေရတာကနေ အတင်းမဖယ်ခိုင်းတာနဲ့တင် ၀မ်းသာရမယ်။ ကိုယ်ပိုင်နေရာမှာ နေခွင့်ရရင် ပိုတောင်ဝမ်းသာလိုက်ဦးမှာ’’ဟု ဦးလှသိန်းက နှစ်ခြိုက်စွာရယ်မောရင်း ပြောကြားသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service