အလှမ်းဝေးနေဆဲ ၀ိုးတ၀ါး အိမ်မက်တွေ အကြားက အမေ့လျော့ခံ တိုက်ခန်း အိမ်ရာ ဥပဒေ
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ကန်ထရိုက်တိုက်တွေ စတင်ဆောက်လုပ်တဲ့ အလေ့အကျင့် စပြီးထွန်းကားလာတဲ့ အတွက် မြေနေရာ ကျဉ်းကျဉ်းလေးပေါ်မှာ စာကလေးအိမ်သာသာ ကျယ်တဲ့ ကန်ထရိုက်တိုက်တွေ သာမက အခန်းနည်းနည်းကျယ်ပြီး ဓတ်လှေကား တပ်ထားရုံနဲ့ ကွန်ဒိုအဖြစ် ဈေးနှုန်းတွေ တင်ရောင်းလာတဲ့ ကွန်ဒိုတိုက်တွေ ဆောက်လာတာ ဆယ်စုနှစ် နှစ်ခု ကျော်လာခဲ့သလို ၊ အထူးသဖြင့် မဟာရန်ကုန်ဆိုရင် ကန်ထရိုက်တိုက်တွေ များလွန်းလို့ ကန်ထရိုက်မြို့တော်လို့တောင် ခေါ်ဝေါ်လာကြတဲ့ အထိ ဖြစ်လာပါပြီ။
ကျေးလက်ဒေသမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှု အားနည်းခဲ့တဲ့ အတွက် မြို့ပြကို အလုပ်လာရောက် လုပ်ကြတဲ့ ယဉ်ကျေးမှု ထွန်းကား လာနေသလို စစ်တမ်းတွေ အရ တစ်နှစ်ကို လူလေးသိန်း ၀န်းကျင်လောက်ထိ ရန်ကုန်တက် အလုပ်လုပ်လာကြတဲ့ အခြေအနေကြောင့် တစ်နှစ်ကို တိုက်ခန်းပေါင်းံတစ်သိန်းလောက် ထပ်ဆောက်ဖို့ လိုလာပါပြီလို့ အိမ်ခြံမြေ ဆိုင်ရာ ဟောပြောပွဲ တစ်ခုမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးကလည်း ထည့်သွင်းဆွေးနွေးခဲ့ဖူးပါတယ်။
မြို့ပြစီမံကိန်း ဘာသာရပ်အရ လူဦးရေ တိုးလာတာကြောင့် မြို့ကိုချဲ့မလား ၊ ရှိပြီးနေရာတွေမှာ အထပ်မြင့်တွေ ဆောက်ပြီး ဖြေရှင်းကြမလားဆိုပြီး မေးခွန်းနှစ်ခု ရှိတာကြောင့် မြေနေရာ အခက်အခဲကြောင့် မြို့ကို ချဲ့ဖို့ဆိုတာ အခက်အခဲရှိလာပါတယ်။ဒါကြောင့်လည်း မြို့ဟောင်းထဲက ရှိပြီးနေရာတွေမှာသာ အထပ်မြင့် တွေ ဆောက်လာကြတာ ဖြစ်ပါတယ်။။ အခြေခံအဆောက်အအုံ ပိုင်း ဖြည့်ဆည်းဖို့ အားနည်းတဲ့ အတွက်လည်း မြို့သစ်တွေထက် မြို့ဟောင်းနေရာမှာပိုပြီး အထပ်မြင့် တွေ ဆောက် ၊ အခန်းအများကြီး ထွတ်အောင် လုပ်ပြီး လူဦးရေ တိုးတက်မှု ကိုဒုတိယနည်းလမ်းနဲ့ ဖြေရှင်းလာတာ ဆယ်စုနှစ် နှစ်ခု ကျော်လာခဲ့ပြီဖြစ်ပါတယ်။
ကန်ထရိုက်တိုက်တွေ အပြင် ကုမ္မဏီကြီးတွေက ဆောက်နေပါတယ် ဆိုတဲ့ အထပ်မြင့်တွေ
အပြိုင်အဆိုင်ထိုးထွတ်လာပေမယ့် တိုက်ခန်းဝယ်ယူသူတွေရဲ့ ပိုင်ဆိုင်မှု အထောက်အထား ဘာရှိသလဲ မေးလိုက်ရင် သာမန်အရောင်းဝယ်စာချုပ်တစ်ခု ၊ မြေရှင်အသိအမှတ်ပြု လက်မှတ်ပါတဲ့ စာရွက်ကလေး တစ်ရွက်ဘဲ ရှိပါတယ်၊ သိန်းသောင်းဂဏန်းတန်ပါတယ်ဆိုတဲ့ တန်ဖိုးမြင့် ကွန်ဒိုတွေမှာလည်း အခန်းဝယ်ထားတဲ့ လူတွေ ဘာပိုင်ဆိုင်မှု ရှိသလဲ ဆိုတာ ပြန်ကြည့်ရင် အများအားဖြင့်တော့ ကုမ္မဏီ၊ရှေ့ကရောင်းသွာားတဲ့ အခန်းရှင်နဲ့အရောင်းအ၀ယ် လုပ်ထားတဲ့ စာချု့ပ် ဘဲ ရှိတာ တွေ့ရပါတယ်၊ အစိုးရကဆောက်ပြီး အပြင်ကို ရောင်းထားတဲ့ အခန်းအနည်းငယ် အတွက်ဘဲ အခန်း တစ်ခန်းစီ အလိုက် အုံနာဘုတ်ဆိုတာ ရှိပါတယ်၊ ကုမ္မဏီတော်တော်များများကလည်း အုံနာဘုတ်လို့ ခေါ်တဲ့ စာအုပ်ထုတ်ပေးနိုင်ဖို့လုပ်နေကြပြီ ဖြစ်ပေမယ့် ဘယ်ဝန်ကြီးဌာန ၊ဘယ်အစိုးရ အဖွဲ့အစည်းကမှ အသိအမှတ်မပြသေုးသလို ပြုဖို့အတွက်ကလည်း ဥပဒေက မရှိသေးတာကြောင့် အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်လို့ မရပါဘူး။
သိန်းသောင်းချီတန်တဲ့ အခန်းဖြစ်နေပါစေ ၊ နိုင်ငံတော်က လတ်တလောမှာ မှတ်ပုံတင်ခွင့်
မပြုသေးတဲ့အပြင် ဘဏ်မှာလည်း မြေကဲ့သို့ သွားပြီး ငွေလိုလို့ ဆိုပြီး ခဏ သွားပေါင်လို့
မရသေးပါဘူး ၊ ဘဏ်တွေဘက်ကလည်း တိုက်ခန်းတွေကို ပိုင်ဆိုင်မှု ခိုင်မာတယ်လို့ မထင်တာကြေင့် အပေါင်မခံနိုင်သေးတာ ဖြစ်ပါတယ်၊ဘဏ်ရဲ့သဘောသဘာဝ အရ အများက လာရောက်အပ်နှံတဲ့
ပိုက်ဆံတွေနဲ့ ပြန်ချေးဌားရတာကြောင့် ဥပဒေ မရှိသေးတဲ့ တိုက်ခန်းကွန်ဒိုတွေကို ပိုင်ဆိုင်မှု
မသေချာသေးတဲ့ အချိန်မှာ အပေါင်မခံနိုင်သေးတာ ဖြစ်ပါတယ်။
တိုက်ခန်းမှာ နေပြီးငွေလိုနေတဲ့ အခန်းပိုင်ရှင်တွေ စီးပွားရေး အဆင်မပြေလို့ဘဲ ဖြစ်ဖြစ် ၊
လုပ်ငန်းသစ်လုပ်ချင်လို့ဘဲဖြစ်ဖြစ် မြေတွေလို ဘဏ် အတိုး တစ်နှစ် ၁၃ ကျပ်နဲ့ ချေးလို့မရတာကြောင့် အပြင် ကငွေချေးတဲ့ သူတွေဆီကနေ တိုက်ခန်းပေါင်ရင် အနည်းဆုံး ၆
ကျပ်တိုပေးပြီး တစ်နှစ်ကို ၇၂ ကျပ်တိုးထိပေးပြီး တရားမ၀င်ပေါင်နှံနေရတယ့် အတွက် အတိုးတွေ
အရင်းတွေနဲ့ ပေါင်းပြီး အခန်း ဆုံးရှုံးသွားတဲ့ အခန်းပိုင်ရှင်တွေ အများကြီး
ရှိလို့လာပါတယ်။( လူဆင်းသော့ခတ်မှ ငွေရှင်ကလည်း အပေါင်ခံတာ ဖြစ်တဲ့ အတွက် ငွေလိုတဲ့
တိုက်ခန်းပိုင်ရှင်တွေ က ပြန်မရွေးမနိုင်မချင်း အပြင်မှာအိမ်ထပ်ဌားနေရတော့မှာ ဖြစ်လို့
အတိုးနှုန်းကြီးရတဲ့ အထဲ အိမ်ပါထပ်ရှာရလို့ သောကပင်လယ်ဝေနေကြတာ အများကြီးပါ ၊
တိုက်ခန်းပိုင်ရှင်တွေကလည်း မြေရှင်တွနည်းတူ အတိုးနှုန်းသက်သက်သာသာ နဲ့ ဘဏ်မှာ ငွေချေးချင်ပေမယ့် တိုက်ခန်း အိမ်ရာ ဥပဒေ က မရှိသေးလို့ မြေကဲ့သို့ဘဏ်မှာပေါင်ပြီး ချေးငွေ
ရဖို့အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ဥပဒေ ဆိုတာ လူအများအဆင်ပြေစေဖို့ ၊ စည်းစနစ်တကျ ဖြစ်စေဖို့ ၊ တာဝန်ယူမှု တာဝန်ခံဖို့ ဖြစ်ပြီး
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစား တွေအကြားက တိကျသေချာတဲ့ ကတိက၀တ် တစ်ခု ဖြစ်ပါတယ်၊
အုပ်ချုပ်သူဘက်ကလည်း အုပ်ချုပ်ခံတွေ အတွက် ဥပဒေပါ ပြဌာန်း ချက်တွေအရ ကာကွယ်ပေးဖို့ လိုသလို အုပ်ချုပ်ခံလူတန်းစားတွေ ကလည်း တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ တစ်ဖက်ဖက် ကချွတ်ယွင်းခဲ့ရင်တော့ အဒီဥပဒေကို အားနည်းတဲ့ ဥပဒေ ၊ အလုပ်မဖြစ်တဲ့ ဥပဒေ လို့ သတ်မှတ်ကြမှာ ဖြစ်ပါတယ်။ ဥပဒေရှိပြီး အလုပ်မဖြစ်တာထက် ဥပဒေ လုံးလုံး မရှိတာက ပိုဆိုးပါတယ်။
ခေတ်အဆက်ဆက်မှာ ကန်ထရိုက်တိုက်တွေ အများကြီး ဆောက်ခဲ့ကြပေမယ့်
အစိုးရမင်းတွေဘက်ကတော့ မြေရှင်တွေ၊ ကန်ထရိုက်တာတွေ ၊ ဆောက်လုပ်ရေး ကုမ္မဏီတွေ
အတွက်ဘဲ နည်းလမ်းပေါင်းစုံနဲ့ထည့်သွင်းစဉ်းစားပေးခဲ့ပြီး ဥပဒေတွေ ၊နည်းဥပဒေ တွေကို
အများအပြား ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါပေမယ့် ဒီလူတွေ ရောင်းလိုက်တဲ့ တိုက်ခန်းတွေကို
ဝယ်ထားတဲ့ ပြည်သူ တွေ အတွက်ပိုင်ဆိုင်မှု သေချာစေဖို့ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ မေ့လျော့လို့နေပါတယ်။
တိုက်ခန်းဝယ်ထားတဲ့ သူတွေ သူတို့ ၀ယ်ထားတဲ့ တိုက်ခန်းကိုငွေလိုလို့ အခြားတစ်ယောက်ကို ပြန်ရောင်းချင်ရင်တောင် မြေရှင် ကို ရာခိုင်နှုန်းအလိုက်ပေးရမယ်ဆိုတဲ့ သဘောတူ စာချုပ်တွေနဲ့ မြေရှင်တွေက ရာသက်ပန် ချုပ်ကိုင်ထားတဲ့အပြင် တစ်ချို့ စိတ်ဓတ်အောက်တန်းကျတဲ့ မြေရှင်တွေရဲ့
ညစ်ပတ်နည်းမျိုးစုံကိုလည်း တိုက်ခန်းပိုင်ရှင်တွေ တိုက်ခန်းနေသူတွေ မကြာခဏ ခံစားနေရတဲ့ အပြင်
တိုက်ခန်းအရောင်းအ၀ယ်လောကမှာလည်း မြေရှင်က ရောင်းတဲ့ အခန်းနဲ့ ကန်ထရိုက်က သူရတဲ့
အခန်းကို ရောင်းတဲ့ အခန်း ဈေးနှုန်း ၊ လူကြိုက်များမှုကလည်း မတူကြပါဘူး ၊ ဈေးကွက်ထဲမှာ မြေရှင်က ရတဲ့အခန်းကို ပိုင်ဆိုင်မှု သေချာလို့ ပိုပြီးလူကြိုက်များတယ် လို့
အိမ်ခြံမြေ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
သူ့အရပ်နဲ့ သူ့ဇတ် နှစ်ပေါင်းများစွာ လုံးလည်ချာလည်နဲ့ လည်ပတ်နေတဲ့ တိုက်ခန်း
အရောင်းအ၀ယ်လောကမှာ ၂၀၁၀ ခုနှစ် ဒီမိုကရေစီ အစိုးရ တက်လာပြီး နောက်ပိုင်း ပြည်ပကနေ လာပြီး အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေက ပြည်တွင်းက တိုက်ခန်း၊ ကွန်ဒိုတွေ သူတို့ဝယ်နိုင်ဖို့အတွက် ကွန်ဒိုဥပဒေ ၊ တိုက်ခန်း အိမ်ရာ ဥပဒေတွေ ရှိမရှိ စုံစမ်း မေးမြန်းစုံစမ်းလာကြတဲ့ အတွက်တာဝန်ရှိသူတွေဘက်ကလည်း တိုက်ခန်းကွန်ဒိုမှာ နေတဲ့သူတွေ အတွက်လည်း ပိုင်ဆိုင်မှု သေချာအောင် ဥပဒေ ပြဌာန်းမှ ဖြစ်တော့မယ် ဆိုပြီး ဆွေးနွေးလာကြတဲ့ အတွက် အိမ်ခြံမြေ ဈေးကွက်အတွင်းမှာ ရိုက်ခတ်မှု တွေ ဖြစ်လာပါတယ်။
မြေရှင်တွေ ဘက်ကပြန်ကြည့်ရင် လည်းဒီ တိုက်ခန်းအိမ်ရာဥပဒေကြောင့် အခန်းပိုင်ရှင်တွေ ပိုင်ဆိုင်မှု
ခိုင်မာလာပြီး သူပုံမှန်ရနေတဲ့ ခံစားခွင့်တွ ၊ ရာခိုင်နှုန်းတွေ ဆုံးရှုံးသွားမှာ ကြောက်သလို ၊
သူပိုင်တဲ့ မြေ ဒီဥပဒေကြောင့် ဆုံးရှုံးသွားမှာလည်း ကြောက်ကြပါတယ်။
ခေတ်အဆက်ဆက် ရှုပ်ထွေးနေတဲ့ မြေရှင် ၊ ကန်ထရိုက်တာတွေ နဲ့ တိုက်ခန်း ၀ယ်ယူသူတွေ
အကြားက ပြသနာတွေကို ဖြေရှင်းဖို့ ထက် လတ်တလော အလုပ်ဖြစ်နိုင်တယ်လို့ထင်တဲ့
တိုက်ခန်းအိမ်ရာ ဥပဒေတွေထဲက တစ်ခု အပါအ၀င် ဖြစ်တဲ့ ကွန်ဒိုမီနီယမ် လို့ ခေါ်တဲ့ စုပေါင်းပိုင်
အဆောက်အအုံ ဥပဒေ တစ်ခုကိုတောင် ငါးနှစ်သက်တမ်း အစိုးရ လက်ထက်မှာ အပြီးသတ်ဖို့ အတွက်
စကားလုံးတွေ ပြင်လိုက် ၊ အပိုဒ်တွေ ထပ်တိုးလိုက် ၊ ဖြုတ်လိုက်နဲ့ အချိန်ကြာပြီး
အတည်မပြုနိုင်သေးတဲ့ အတွက် တိုက်ခန်းနေ အခန်းပိုင်ရှင်တွေ အားလုံးကို ကိုယ်စားပြုမယ့်
တိုက်ခန်းအိမ်ရာ ဥပဒေကြီးကတော့ အလှမ်းဝေးနေဆဲ ဖြစ်မှာပါ ။
နှစ်ယောက်ရှိရင် သုံးမူလောက်ကွဲတက်တဲ့ စိတ်ထားတွေ ၊ ခေတ်အဆက်ဆက် က လုပ်ချင်သလို
လုပ်ခွင့်ပြုထားတဲ့ အရှုပ်ထုတ်တွေ အပြင် ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့် များနဲ့
ထုတ်ပြန်ခဲ့တဲ့ ညွန်ကြားချက်တွေ ကြားမှာ ခါးစည်းခံနေရတာက တော့ တိုက်ခန်းပိုင်ရှင်တွေဘဲ ဖြစ်ပါတယ်၊ကြီးမားကျယ်ပြန့်တဲ့ တိုက်ခန်း အိမ်ရာ ဥပဒေ မဆိုထားနဲ့ အစိတ်အပိုင်းကလေး တစ်ခုသာ ဖြစ်တဲ့ ကွန်ဒိုမီနီယမ် ဥပဒေတောင် ဂျာအေးသူ့အမေ ရိုက်သလို လွှတ်တော်နှစ်ရပ် နဲ့
အစိုးရအဖွဲ့အကြားမှာ သဘောထားတွေ ကွဲလွဲနေဆဲဖြစ်ပါတယ်။ တိုက်ခန်းအိမ်ရာ ဥပဒေတွေနဲ့
ပက်သက်ရင် အခန်းပိုင်ရှင်တွေကို အကာအကွယ်ပေးထားနိုင်တဲ့ စင်ကာပူ နိုင်ငံရဲ့ ဥပဒေကို
အတုယူရမှာဖြစ်ပါတယ်၊ နေတဲ့သူအားလုံး ၊ အခန်းပိုင်ရှင်တွေ အားလုံးကို
အာမခံချက်ပေးထားသလို အချိန်မရွေး ဘဏ်မှာငွေချေးပြီး တိုက်ခန်းဝယ်လို့ရသလို ငွေလိုရင်လည်း
ဘဏ်မှာ သွားပြန်ပေါင်လို့ ရနေပါတယ်။ ဒီလိုအခြေအနေတွေ မြန်မာပြည်မှာ ကျင့်သုံးနိုင်ဖို့ကတော့
တိုက်ခန်းအိမ်ရာဥပဒေ ကို ပြဌာန်းဖို့ လိုပေမယ့် အရှုပ်တွေအများကြီးကြားကနေ လုပ်ရမှာ ဖြစ်တဲ့ အတွက် အချိန် များစွာ လိုပါသေးတယ်။
ကိုချစ်ခင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ကန်ထရိုက်တိုက်တွေ စတင်ဆောက်လုပ်တဲ့ အလေ့အကျင့် စပြီးထွန်းကားလာတဲ့ အတွက် မြေနေရာ ကျဉ်းကျဉ်းလေးပေါ်မှာ စာကလေးအိမ်သာသာ ကျယ်တဲ့ ကန်ထရိုက်တိုက်တွေ သာမက အခန်းနည်းနည်းကျယ်ပြီး ဓတ်လှေကား တပ်ထားရုံနဲ့ ကွန်ဒိုအဖြစ် ဈေးနှုန်းတွေ တင်ရောင်းလာတဲ့ ကွန်ဒိုတိုက်တွေ ဆောက်လာတာ ဆယ်စုနှစ် နှစ်ခု ကျော်လာခဲ့သလို ၊ အထူးသဖြင့် မဟာရန်ကုန်ဆိုရင် ကန်ထရိုက်တိုက်တွေ များလွန်းလို့ ကန်ထရိုက်မြို့တော်လို့တောင် ခေါ်ဝေါ်လာကြတဲ့ အထိ ဖြစ်လာပါပြီ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com