မိုးကောင်းကင် အိပ်မက်များ - Property News in Myanmar from iMyanmarHouse.com
1971 Views

မိုးကောင်းကင် အိပ်မက်များ

လူတိုင်းဟာအိပ်မက်မက်ဖူးကြမှာပါ။ ပြီးတော့ လူတိုင်းလည်းမိုးကောင်းကင်ကြီးကိုတွေ့ဖူးကြမှာပါ။ မိုးကောင်းကင်ကြီးကိုအိပ်မက်ထဲမှာထည့်မက်ဖူးကြတဲ့သူတွေလည်းဒီကမ္ဘာလောကကြီးမှာမရေမတွက်နိုင် လောက်အောင် ရှိကြမှာပါ။ မိုးကောင်းကင်ကြီးကိုမိဘနဲ့၊ ချစ်သူနဲ့၊ နိုင်ငံခေါင်းဆောင်နဲ့၊ ကိုယ်လေးစားကြည်ညို ရသူတစ်ဦးဦးနဲ့ အနှိုင်းထပ်တူပြု တင်စားရင်းအိပ်မက်မက်ကြတဲ့သူတွေလည်းရှိကြမှာပါ။ ဒါမှမဟုတ် ကိုယ့် ရည်မှန်းချက်ပန်းတိုင်ကိုမိုးကောင်းကင်ကြီးနဲ့တင်စားပြီး မြင့်မားကျယ်ပြောလှတဲ့ဘ၀ကိုဖန်တီးထုဆစ်ဖို့ အိပ်မက်မက်သူတွေလည်းအများကြီးရှိကြမှာပါ။

ကျွန်တော်လည်းလူသားထဲကလူသားတစ်ယောက်မို့ မိုးကောင်းကင်အိပ်မက်ကိုတစ်ကြိမ်မကအကြိမ်ကြိမ်မက်ဖူးပါတယ်။ ထူးခြားတာတစ်ခုကတော့ ကျွန်တော် မက်ဖူးတဲ့ မိုးကောင်းကင်အိပ်မက်ဟာ အဆုံးအစမရှိကျယ်ဝန်းတဲ့ မိုးကောင်းကင်နဲ့ တခြားရည်ရွယ်ရည်မှန်းချက်တစ်ခုခု၊ ဒါမှမဟုတ် လူပုဂိုလ်တစ်ယောက်ယောက်ကိုတင်စားခိုင်းနှိုင်းပြီးမက်တဲ့ အိပ်မက်မျိုးမဟုတ်ဘဲတကယ့်ကောင်းကင်ကြီးကိုမက်တဲ့ အိပ်မက်ပဲဖြစ်ပါတယ်။ ပြီးတော့ အိပ်မက်မက်တယ်ဆိုတာကအိပ်ပျော်မှ မက်တတ်တာမျိုးမဟုတ်လား။

ကျွန်တော်မက်တဲ့အိပ်မက်ကတော့ အိပ်ပျော်နေတဲ့အချိန်မှာမက်တာမဟုတ်ဘဲအိပ်မပျော်သေးတဲ့အချိန်၊ မိန်းမူးနေတဲ့အချိန်မှာမက်တာဖြစ်ပါတယ်။ ဒီ့ထက်ပိုထူးခြားတဲ့အချက်တစ်ခုကတော့ ကျွန်တော်မက်ခဲ့တဲ့ မိုးကောင်းကင်အိပ်မက် မက်တဲ့အချိန်က ကျွန်တော်ဟာအသိတရားဘာမှမပြည့်စုံသေးတဲ့ ပီဘိကလေးအရွယ် လေး-ငါးနှစ်အရွယ်က ဖြစ်နေတာပါပဲ။

ကျွန်တော့်မိဘတွေကဟိုတုန်းကအလွန်ဆင်းရဲပါတယ်။ အိုးပိုင်အိမ်ပိုင်လည်းမရှိခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သိတတ်လာတဲ့အချိန်မှာ ကျွန်တော်တို့မိသားစု ကျွန်တော့်အဘွားရဲ့ညီမပိုင် ပန်းဘဲတန်းမြို့ နယ် အနော်ရထာလမ်းပေါ်ကလေးထပ်မှာရှိတဲ့ တိုက်ခန်းရဲ့ ခေါင်မိုးပေါ်မှာသွပ်ပြားမိုး၊ သွပ်ပြားကာဆယ်ပေပတ်လည်လောက်တောင်မရှိတဲ့ အခန်းကျဉ်းကလေးတစ်ခုမှာနေခဲ့ရတယ်ဆိုတာပါပဲ။

အဲဒီတုန်းကထောင့်ကိုးရာခြောက်ဆယ့်ခြောက်၊ ခြောက်ဆယ့်ခုနစ်ခုနှစ်လောက်ဆိုတော့ ရန်ကုန်မှာအမြင့်ဆုံးတိုက်ကလေးထပ်အထိပဲရှိတယ်။ ငါးထပ်၊ ခြောက်ထပ် ဆိုတဲ့အထပ်တွေကလက်ချိုးရေရမလောက် ရှားပါးတဲ့အပြင် လူနေအဆောက်အအုံတွေမဟုတ်ကြဘူး။ ဒီတော့ များသောအားဖြင့် လူနေအဆောက်အအုံတွေထဲမှာအမြင့်ဆုံးကလေးထပ်ပါပဲ။ ကျွန်တော့်အဘွားရဲ့အစ်မကအနောက်ရထာလမ်းနဲ့ နှစ်ဆယ့်ရှစ်လမ်းထောင့်က လေးထပ်တိုက် ထိပ်ဆုံးခန်းမှာနေတယ်။ အဲဒီမှာသွားပြီးတော့ ငှားနေတာလို့ နောက်ပိုင်းမိဘတွေ ပြောစကားအရသိလိုက်ရတယ်။

ကျွန်တော်တို့ကခေါင်မိုးပေါ်မှာအခန်းဖွဲ့နေတာဆိုတော့ အမြင့်တကာတို့ရဲ့အမြင့်ဆုံးပေါ့။ ကျွန်တော်တို့လိုပဲအခန်းလာငှားနေကြတာအိမ်ထောင်စုနောက်ထပ်လေးစုလောက်ရှိတယ်။ ကျွန်တော်တို့က ကျွန်တော့်မိဘတွေ တစ်ခန်း၊ ကျွန်တော့်အဒေါ်လင်မယားနဲ့ ကျွန်တော့်အဘွားနဲ့ကတစ်ခန်းဆိုတော့ နှစ်ခန်းတခြားအခန်းလေးခန်းဆိုတော့ အဲဒီခေါင်မိုးကွန်ကရစ်ပြားအမိုးပြင်ကြီးမှာအိမ်ငှားချည်းပဲခြောက်ခန်းရှိတာပေါ့။ ကျွန်တော် တို့မိသားစုတွေ ငှားနေတဲ့ နှစ်ခန်းကသာ ကျွန်တော့်အဘွားညီမပိုင်ဖြစ်ပြီးကျန်တဲ့အခန်းတွေကတော့ ကျွန်တော့်အဘွားညီမရဲ့အိမ်နီးချင်းလေးထပ်တိုက်ခန်းပိုင်ရှင်တွေ အသီးသီးအငှားချထားကြတဲ့အခန်းတွေပါ။

တံခါးပေါက်အ၀င်ဝက ခြောက်ပေတောင်မမြင့်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဦးလေးနဲ့ အဖေ အခန်းထဲဝင်ရင် ခေါင်းငုံ့ဝင်ရလို့ပါ။ အထဲမှာလည်းကျဉ်းပါ ကျပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ကျဉ်းလှချေရဲ့လို့မထင်ခဲ့မိဘူး။ ကလေးသေးသေးလေးမို့လို့တော့လည်းမဟုတ်ပါဘူး။

ကျန်တဲ့သူတွေလည်းအဲဒီလိုပဲသဘောထားကြဟန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အိမ်ငှားတွေအားလုံးဟာအခန်းထဲမှာနေကြချိန်ကနည်းပြီးအပြင်ဘက် ကွန်ကရစ်ပေါ်မှာပဲပက်လက်ကုလားထိုင်နဲ့နေတဲ့သူကနေ၊ ဖျာခင်းပြီးနေတဲ့ သူကနေ၊ အမိုးစွန်းအုတ်တံတိုင်းဘောင်ပေါ်တက်ထိုင်သူကထိုင် အဲဒီလိုနေကြတာချည်းအတွေ့ရများပါတယ်။ မနက်စောစောပိုင်းနဲ့ညနေစောင်းနေချိုသွားချိန်ဆိုယောက်ျားသားတော်တော်များများသွပ်ပြားခေါင်မိုးတွေ ပေါ် ရောက်ကုန်ကြတာပဲ။ လေကလေးကလည်းတဖြူးဖြူး၊ ရန်ကုန်မြို့ရဲ့မြင်ကွင်းကိုအပေါ်စီးကနေစီးမိုး မြင်နေရတာဆိုတော့ တကယ့်ရှုခင်းသာ View Point အတိုင်းပေါ့လေ။

ကျွန်တော် ခေါင်မိုးပေါ်တက်ချင်တယ်ဆိုရင် လူကြီးတစ်ယောက်ယောက်က ချိုင်းနှစ်ဖက်ကနေကိုင်မြှောက်ပြီး မ တင်ပေးလိုက်ရုံနဲ့ ခေါင်မိုးပေါ် ကျွန်တော် တက်ထိုင်မိသွားပါတယ်။ ခေါင်စောက်ပေါ်အထိတော့ ကျွန်တော် မသွားရဲဘူး။ ဒါကြောင့် သွပ်မိုးအစပ်နားဆင်ခြေလျှောလောက်မှာပဲနေတတ်တယ်။ မသကာ ပြုတ်ကျလည်း ကျွန်တော်တို့နေတဲ့အခန်းရှေ့ သမံတလင်းပေါ်လောက်ပဲ ပြုတ်ကျမှာလေ။ ဒါကြောင့်ပါ။ ဆင်ခြေလျှောသွပ်မိုး က အလိုက်သင့်လေးနေတတ်ရင် ပက်လက်ကုလားထိုင်ပေါ်ထိုင်ရသလိုဇိမ်ရှိတယ်ဗျ။ ခြေထောက်လေးတောင် ချိတ်ပြီးနေလိုက်လို့ ရသေး။

အဲဒီမှာ ကျွန်တော် မိုးကောင်းကင်အိပ်မက် စပြီးတော့ မက်ပါတယ်။ ကိုယ် ရောက်နေတာကအမြင့်ဆုံးနေရာ၊ ပက်လက်လှန်ထားတဲ့အတွက် မြင်နေတွေ့နေရတာကကောင်းကင်ပြင်ကြီး၊ တခြားမျက်စိကိုအနှောင့်အယှက် ပေးနိုင်တဲ့ ဘယ်လိုအရာဝတ္ထုကမှ မြင်ကွင်းပိတ်မနေလေတော့ ကျွန်တော်မြင်ရတဲ့ မိုးကောင်းကင်ကြီးကိုကြည့် ရင်း ကျွန်တော့်ရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်းလွှင့်နေရတာအင်မတန်အရသာရှိလှပါတယ်။
ကောင်းကင်ပြာပြာ ကြီးပေါ်မှာမျောလွင့်နေတဲ့ တိမ်တိုက်တွေကိုကြည့်၊ လေဟုန်စီးပျံသန်းနေတဲ့ ငှက်တွေကိုလိုက်ကြည့်၊ တိမ်စုစုတစ်ခုရဲ့ လေနှင်ရာလွင့်ပါနေတဲ့ခရီးစဉ်ကိုနောက်ကနေတစိမ့်စိမ့်လိုက်ကြည့်ရင်း ကျွန်တော်ကိုယ်တိုင် ကောင်းကင်ပြင်ထဲမှာလွင့်မျောနေသလိုခံစားလာရတယ်။ ကျွန်တော့်ကျောနဲ့ထိနေတဲ့ သွပ်ပြားအမိုးရဲ့ အထိအတွေ့ကိုမေ့သွားတယ်။ ကျွန်တော်ဟာခုနတွေ့ရတဲ့ တိမ်စိုင်ခဲတွေလိုအဆုံးအစမရှိတဲ့ကောင်းကင်ပြင်မှာ လွတ်လပ်စွာဝဲပျံနေရသလို ခံစားရတယ်။ လေဟုန်စီးနေတဲ့ငှက်တွေက ကျွန်တော့်နားကနေဖြတ်သွားရင်းလှမ်း ကြည့်သွားကြတယ်လို့ ကျွန်တော် ခံစားလာရတယ်။

ညဘက်ဆိုရင်လည်းဒီအတိုင်းပဲ ကြယ်တွေစုံတဲ့ကောင်းကင်ပြင်ကြီးကိုမော့ကြည့်ရင်း ကျွန်တော် အဲဒီကြယ် ပွင့်တွေကြားထဲကိုရောက်သွားတယ်လို့ ထင်လိုက်ရတယ်။ လူကတွယ်ရာမဲ့ မျောလွင့်နေတယ်။ ကိုယ်ကိုနည်းနည်းလေးတိမ်းလိုက်စောင်းလိုက်တာနဲ့ ကြယ်တွေထွန်းလင်းနေတဲ့အာကာသထဲမှာ ကျွန်တော် မှောက် လျက်ဖြစ်လိုက်၊ စောင်းလျက်ဖြစ်လိုက် ဖြစ်သွားတယ်။ လေးနှစ်သားကလေးရဲ့ အသိဥာဏ်ထဲမှာအမည်မဖော် နိုင်တဲ့ ကြယ်ပေါင်းစုံကြားမျောလွင့်နေမိတယ်။

အဲဒီခံစားချက်ဟာ ကျွန်တော့်ကိုတစ်ယောက်ယောက် ကလာမတို့လိုက်မထိလိုက်မချင်း တည်မြဲနေတယ်။ တစ်ယောက်ယောက်ကဟဲ့ ဒီကောင်လေး ငြိမ်လှချေလားဆိုပြီးလာတို့လိုက်ထိလိုက်ရင်တော့ ကျွန်တော် အဲဒီအိပ်မက်ကနေလန့်နိုးလာတာပဲ။ ဒါပေမဲ့ သူတို့အပြောအရ ကျွန်တော် အိပ်နေတာမဟုတ်ဘူး။မျက်လုံးပွင့်ပြီး နိုးနေလျက်သားကနေအဲဒီလိုကောင်းကင်ကြီးထဲ ကျွန်တော်ရောက်သွားတာ။
ခုတော့ ကျွန်တော် အဲဒီနေရာကိုစွန့်ခွာခဲ့တာတော်တော်ကြာပြီ။ အဲဒီရသလည်းမရတော့တာ နှစ်ပေါင်းငါးဆယ်နီးပါးရှိနေပြီ။ တစ်ချိန်ကမက်ခဲ့တဲ့ မိုးကောင်းကင်အိပ်မက်များကိုတော့ ခုချိန်ထိလွမ်းနေမိဆဲပါ။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service