ဂရန်ဆိုသည်မှာ အပိုင်း- ၁ - Property Knowledge in Myanmar from iMyanmarHouse.com
9656 Views

ဂရန်ဆိုသည်မှာ အပိုင်း- ၁

Knowledge | Posted by Zarni Kyaw

``ဂရန်ဆိုသည်မှာ´´ အပိုင်း- ၁

ဂရန်မြေဆိုတာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ၊ နည်းဥပဒေတွေ ရှိပြီးသားပါ။ လိုက်နာဖို့၊ ဘယ်လိုလိုက်နာရတယ်ဆိုတာ သိဖို့ပဲ လိုပါတယ်။

•ဂရန်
၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။

•ဂရန်လျှောက်ထားခြင်း-
၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။
ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဒါ့ကြောင့် ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။

•ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ
၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေးနိုင်တဲ့မြေ ဟုတ်-မဟုတ်ကို ဋ္ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများနဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဋ္ဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဋ္ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် ပေါင်းစားရင် အရိုးတောင်နူးတယ်ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွားတယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမောဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဋ္ဌာနတိုင်းလိုလိုဖြစ်တော့ကာ ထွေ/အုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။
•အခုခေတ် ဂရန်တချို့ ဥပဒေနဲ့ ညီရဲ့လား

၎။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲတွေ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စိစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိလာရပါတယ်။ မြေစာရင်းဋ္ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ(ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရဋ္ဌာန/ပုဂ္ဂလိကသို့ ချထားပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထားမပေးသင့်တဲ့ အစိုးရဋ္ဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်းဋ္ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တနေ့ကအထိ ဋ္ဌာနမှာ ဂရန်မြေအရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ကြေး/မြေဋ္ဌာနဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှုအတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆံ့အောင် ကြားဖူးကြမှာပါ။ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ဖူးပေါ့။ G.A နဲ့ အခြားဋ္ဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်တိုင်းက ဂရန်မှားပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန်ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဘက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဋ္ဌာနက လူငယ်သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ပတ်သတ်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံးလုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

•မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ
၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သောမြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှသာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT )
အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ( Land at the disposal of Government )ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့မှာ ဖော်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံအလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း၊ တံတား စတဲ့ အစိုးရဋ္ဌာနများမှ အသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီးသော မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်သောမြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို ( Land at the disposal of Government )အစိုးရမှချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက်တစ်ယောက်ကို ချထားနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန်ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်အတွက် မြေယာမှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဋ္ဌာနရဲ့ မှတ်ချက်ဟာ အလွန်အရေးပါတယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျဖော်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရဋ္ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဋ္ဌာန တာဝန်ရှိသူများအနေနဲ့ လုံးဝ မှတ်ချက်မပြုဖို့ သတိချပ်စေလိုပါတယ်။

•မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land )
မြို့များအတွင်းမှာရှိတဲ့ မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း ၂၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။
ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြား မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act)အရ ပိုင်ဆိုင်သော အခွင့်အရေး၊
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်၊

ပုဒ်မ ၈။ စာရင်းဝင်မြို့များ(Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder's right)မြေရှင်ဆိုင်ရာအခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဋ္ဌာန်းအတည်မပြုမီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ Public demands ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်--
(က) စစ်တွေမြေများအတွက် ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင် ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

•မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ
၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။
Section 16: Land at the disposal of Government may be disposed of -
(a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe;
(b) By license of the Revenue-officer.
(က) အပိုင်ဂရန် (Revenue free Grant)
အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့် ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။

(ခ) နှစ်ရှည်အငှားဂရန် (Long Term Lease)
လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။

အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။
သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။
အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ)
(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)
မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၈ နှင့် ၂၉ အရ)
(ဃ) လိုင်စင် ( License )
မြို့မြေ တိုးချဲ့အကွက်အသစ်များအတွက် လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊ လေဘေး ဒဏ်သင့်လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေးကာလမှာ လည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/နှစ်တို ဂရန်ချထားပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြို့ကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ {အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ် (၃၀)နှင့် (၃၄)အရ} ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချထားပေးတဲ့ အခွန်ပုံစံကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။
လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့စည်းကမ်း မထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှားဂရန်တွေကို အစိုးရ(Governor) ဒါမှမဟုတ် အစိုးရကိုယ်စား ကော်လိပ်တော်အရာရှိ(အရေးပိုင်)က ချထားရန်နဲ့ လိုင်စင်ကိုတော့ ပုဒ်မ ၁၆ (ခ)မှာ Notification B အရ တာဝန်ပေးထားတဲ့ အခွန်အရာရှိက ပေးရန် လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား။ ပုဒ်မ ၁၆ (ခ)အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်ကနေ သူကြီးအထိတောင် အခွင့်အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃)လ အတွင်း မြေမှ ထွက်ခွာရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။
(င) ပါမစ် ( Permit )
အစိုးရမီ ချထားပေးပိုင်ခွင်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့် အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က)နဲ့ ပုဒ်မ ၁၆ (က)၊ (ခ)တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါသည်။ ဒါပေမယ့် မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချထားပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.ဝ.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ်မြေချပါမစ် Permit တွေ တစ်ပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာ ဖြစ်ပြီး မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်းရပါတယ်။ အစိုးရကိုယ်စား မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပါ အမိန့်ကြော်ငြာစာများအရ ခန့်အပ်တာဝန်ပေးထားတဲ့ အခွန်တော်အရာရှိနဲ့ မြေအသုံးပြုမယ့် ကာယကံရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်းသုံးစွဲခွင့် ဂရန်စာချုပ်၊ အငှားစာချုပ် လိုအပ်ပါတယ်။
ပါမစ်ဟာ ဂရန်အဆင့် မဟုတ်ပါဘူး။ ပါမစ်ရသူဟာ နေနိုင်တယ်လို့ ချထားခံရသူသာဖြစ်ပြီး အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးဟု ဆိုနိုင်ပါတယ်။

လိုင်စင်ကမှ မြေကို ခေတ္တအသုံးပြုခွင့် (၃)နှစ်လို့ ပါရှိသေးတာမို့ ပါမစ်ဟာ လိုင်စင်လောက်တောင် အာနိသင် မရှိပါဘူး။ သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကို အဆောက်အဦ မဆောက်ရင် မြေချထားမှုကို ပြန်ဖျက်သိမ်းမည်လို့တောင် ပါမစ်မှာ Notice ပေးထားတတ်ပါသေးတယ်။ မြေချထားခံရသူ/ပါမစ်ရသူက မိမိအမည်နဲ့ မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် အငှားဂရန်၊ ဂရန်၊ ဒါမှမဟုတ် လိုင်စင် တစ်ခုခု ထပ်ပြီးတော့ကို လျှောက်ရမှာ ဖြစ်ပါတယ်။ ပါမစ်နဲ့ ချထားမြေများကို အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။
၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၇ မှာ ဖော်ပြခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်က အိုးအိမ်မှချထားတဲ့ အစိုးရမြေကို ဒေါ်မြိုင်ဆိုသူက ပါမစ်ရခဲ့ပြီး ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ဒေါ်မြိုင်ရဲ့ အမွေစား အမွေခံတွေက အမွေဆက်ခံခွင့် တောင်းခံတဲ့အခါ အဲဒီမြေကွက်ဟာ နေခွင့်လက်မှတ် Permit ဖြင့် ရရှိထားတဲ့မြေသာ ဖြစ်တဲ့အတွက် အမွေဆက်ခံခွင့် မရှိလို့ စီရင်ဆုံးဖြတ်ခဲ့တာ လေ့လာတွေ့ရှိရပါတယ်။

ပါမစ်ရရှိသူကို မြေပိုင်ဆိုင်ခွင့် ပေးထားတယ်လို့ တရားစီရင်ထုံးများမှာ ဆုံးဖြတ်ထားခြင်း မရှိပါဘူး။ ပါမစ်မြေကို ရောင်းဝယ် လွှဲပြောင်းရင် တရားဝင် စာချုပ်စာတမ်းတောင် လုပ်ခွင့် မပေးရပါဘူး။ Entry procedure of I.A Register Instructions တွေမှာလည်း ပါမစ်ရသူအမည်ကို ၁-က မှာ တရားဝင်မှတ်သား ပြောင်းလဲရေးသွင်းခြင်း မပြုရသေးဘဲ ယင်းပါမစ်မြေကွက်ကို အစိုးရမြေ အဖြစ်သာ မှတ်သားထားရမှာ ဖြစ်ကြောင်း၊ ယင်းမြေကွက်အတွက် I.A မှာ အစိုးရမြေလို့ ရေးသွင့်ရပြီး အောက်မှာ ကွင်းစကွင်းပိတ်နဲ့ ပါမစ်ရသူအမည်ကို ခဲနဲ့မှတ်သားထားရပြီး အဲဒီပုဂ္ဂိုလ်ကို (Recognized squatter)လို့ သတ်မှတ်ပြီး ဂရန်မကျသေးမီအတွင်း ကျူးကျော်ခွန် စည်းကြပ်ရမှာဖြစ်ကြောင်း ဆရာသမားများက သွန်သင်ညွှန်ပြခဲ့ဖူးပါတယ်။

•G.A ၏ ဂရန်အမှုတွဲကို မြေစာရင်းဋ္ဌာနက ဆောင်ရွက်ပေးမှု
၇။ အခု ကျွန်တော်တင်ပြနေတာက ဂရန်ဘယ်လိုပေးသလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းအသေးစိတ်ကို တင်ပြနေတာ မဟုတ်ဘဲ ဂရန်ရဲ့ သဘောတရားနဲ့ ဂရန်ပေးတဲ့ လုပ်ငန်းကြီးမှာ ကျွန်တော်တို့ ကြေး/မြေက ဘယ်လို ပါဝင်ပတ်သက် လုပ်ဆောင်ပေးရသလဲဆိုတဲ့ အပိုင်းလေးကိုသာ တင်ပြမှာ ဖြစ်ပါတယ်။ မြို့နယ်မြေစာရင်းရုံးများအနေနဲ့ မြို့/မြေဂရန် အမှုတွဲတိုင်းမှန်သမျှ စလျှောက်ပြီဆိုကတည်းက လျှောက်ထားတဲ့ မြေကွက်အတွက် မြေစာရင်းပုံစံ ၁၀၅၊ မြေပုံရေးကူးဆွဲပေးရခြင်းနှင့် ပထမဆုံး ပါဝင်ပတ်သက်လာရပါတယ်။
ဂရန်လျှောက်သူဟာ ဘယ်မြေကွက်ကို အတိုင်းအတာ၊ ပုံသဏ္ဍာန် ဘယ်လိုအတွက် လူနေထိုင်ဖို့၊ စီးပွားရေးလုပ်ငန်းလုပ်ဖို့၊ သာသနာမြေသုံးဖို့၊ စတဲ့ လျှောက်ထားရတဲ့ အကြောင်းအရာနဲ့ ပုံစံ ၁၀၅ နဲ့ Site Plan၊ အဆောက်အဦပုံစံတွေ ပူးတွဲလျှောက်လွှာတင်မှ G.A က ဂရန်အမှုတွဲ စဖွင့်ပါတယ်။ အမှုတွဲ စဖွင့်ပြီးတာနဲ့ အမှုတွဲမှာ ပါရမယ့်အချက်တွေ ပြည့်စုံတယ်ဆိုရင် မြေကို စတင် စိစစ်ပါတော့တယ်။ ဘယ်သူက စိစစ်ပေးရသလဲဆိုတော့ မြေစာရင်းကပေါ့။ ဒီတော့ အမှုတွဲကို မြေစာရင်းကို ပို့ပါတယ်။ မြေစာရင်းဋ္ဌာနကို G.A က အမှုတွဲ ပို့လာတဲ့အခါ ဘယ်အချိန်တွေမှာ ပို့မှာလဲ၊ ဘာတွေလုပ်ပေးဖို့ ပို့တာလဲ ဆိုတာ ဆက်တင်ပြပေးပါမယ်။

•မြေရာဇဝင် စိစစ်ခြင်း
အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ(၁၄)အရ ဂရန်လျှောက်ထားတဲ့ မြေကို လျှောက်လွှာလက်ခံသူ အခွန်တော်အရာရှိက အမှုတွဲဖွင့်၊ မှတ်ပုံတင်ပြီးရင် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတဲ့ မြေဟုတ်-မဟုတ်နဲ့ အခြားမေးမြန်း စုံစမ်းသင့်တဲ့ အချက်များအတွက် စိစစ်မှတ်ချက်ပြု ပြန်ကြားပေးပါရန် မှတ်ချက်နှင့်တကွ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနသို့ ပေးပို့လာတဲ့အခါမှာ လျှောက်ထားတဲ့မြေရဲ့ မြေရာဇဝင်ကို ဖော်ပြပေးရန်နှင့် အစိုးရက ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ် မှတ်ချက်ပြုပေးရန်အတွက် ဖြစ်ပါတယ်။ ထွေ/အုပ်မှ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့ ဂရန်အမှုတွဲမှာ ကော်လိပ်တော်အရာရှိ သိရှိလိုတဲ့ လျှောက်ထားမြေနဲ့သက်ဆိုင်တဲ့ အချက်တွေကို မြေစာရင်းဋ္ဌာနမှာရှိတဲ့ မှတ်တမ်း၊ မြေပုံစာရင်းများကို အခြေခံပြီး ပြည့်စုံအောင် ဖော်ပြ မှတ်ချက်ပြုပေးရမှာ ဖြစ်ပါတယ်။ ပေးပို့ရောက်ရှိလာတဲ့ ဂရန်အမှုတွဲတွေကို လက်ခံရရှိချိန်မှစပြီး မူလ G.A ရုံးကို ပြန်လည်ပေးပို့သည်အထိ ဆောင်ရွက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကို မြေစာရင်းပုံစံ(၁၂၉)(Transit Register)``မြေစာရင်းရုံးသို့ အရေးယူပြီးပြန်ပို့ရန် ပေးပို့သောအမှုတွဲများနှင့် လျှောက်လွှာများစာရင်း မှတ်ပုံတင်စာအုပ်´´နဲ့ မှတ်တမ်းတင် ထိန်းသိမ်း ဆောင်ရွက်ရပါတယ်။
(က) ကော်လိပ်တော်အရာရှိ သိရှိလိုသောအချက်များ
ကော်လိပ်တော်အရာရှိများအနေဖြင့် ဂရန်လျှောက်ထားသောမြေနှင့် စပ်လျဉ်းလို့ ဘယ်အချက်တွေကို စုံစမ်းစစ်ဆေးရမှာဖြစ်တယ်ဆိုတာ တိုင်းမင်းကြီးများ၊ ဘဏ္ဍာတော်မင်းကြီးများရဲ့ ပြဋ္ဌာန်းညွှန်ကြား သတ်မှတ်ထားချက်တွေ ရှိပြီးဖြစ်ပါတယ်။ အဲဒီ ညွှန်ကြားထားချက်တွေအရ ဂရန်အမှုတွဲတွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရဲ့ ဂရန်စစ်ဆေးသူ အရာရှိဖြစ်တဲ့(ကော်လိပ်တော်/လက်ထောက်ကော်လိပ်တော်)တွေအနေနဲ့ ဂရန်ထုတ်ပေးမယ့် အရာရှိထံ စိစစ်တင်ပြရမယ့် အချက်များကို ဦးစွာဖော်ပြလိုပါတယ်။ အဲဒီအချက်တွေဟာ အမှုတွဲစစ်ဆေးသူ လက်ထောက်ကော်လိပ်တော်များက ဂရန်ထုတ်ပေးမယ့် ကော်လိပ်တော်အရာရှိ(ခရိုင်အုပ်ချုပ်ရေးမှူး)ထံ ဂရန်အမှုတွဲကို တင်ပြအစီရင်ခံရာမှာ ပါဝင်ရမယ့်အချက်များပဲ ဖြစ်ပါတယ်။ ဘာအချက်တွေလည်းဆိုတော့--
(၁) လျှောက်ထားမြေသည် အစိုးရမြေလွတ်မြေလပ် ဟုတ်-မဟုတ်၊
(၂) လျှောက်ထားမြေသည် အစိုးရမှ စီမံချထားပေးပိုင်ခွင့်ရှိတဲ့မြေ ဟုတ်-မဟုတ်၊
(၃) လျှောက်ထားတဲ့မြေဟာ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိ၊
(၄) လျှောက်ထားမြေသည် မြစ်၏ ကမ်းဦးမျက်နှာစာတွင် ရှိ-မရှိ၊
(၅) သုဿန်နှင့်အနီးဆုံး ကိုက်(၁၀၀)ကွာဝေးသော နေရာတွင် ရှိ-မရှိ၊
(၆) အစိုးရမှ အငှားချထားပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအမျိုးအစားဖြစ်သော်လည်း အများပြည်သူနှင့်ပတ်သက်သော ကိစ္စကြီးငယ်အတွက် အသုံးပြုရန် သီးသန့်လျာထား သတ်မှတ်သောမြေ ဟုတ်-မဟုတ်၊ အစိုးရအဆောက်အဦဆောက်လုပ်ရန် ရည်ရွယ်လျာထားသောမြေအတွင်း ကျရောက်-မရောက်၊
(၇) လျှောက်ထားမြေနှင့် အစိုးရအဆောက်အဦများ၏ အကွာအဝေးမှာ အနည်းဆုံး ကိုက်(၅၀) ကွာ-မကွာ၊
(၈) လျှောက်ထားမြေသည် ပူးတွဲတင်ပြထားသော ပုံစံ(၁၀၅)မြေပုံပေါ်ရှိ မြေကွက်နှင့် ကွာခြားမှု၊ တူညီမှုရှိ-မရှိ၊
(၉) ယင်းမြေကို ချထားလိုက်ပါက အဆောက်အဦ အမှန်တကယ်ဆောက်လုပ်မည်/မဆောက်လုပ်မည် (သို့မဟုတ်) ဆောက်လုပ်ရန် ရည်ရွယ်ထားမှုရှိ-မရှိ၊
(၁၀) လျှောက်ထားမှုအပေါ် ကန့်ကွက်လွှာများရှိ-မရှိ၊
(၁၁) မြေငှားခ တန်ဖိုး မည်မျှဖြစ်သင့်သည်နှင့် ယင်းတန်ဖိုးရရှိရန် မည်သို့တွက်ချက်ရယူခဲ့သည်၊
(၁၂) ယင်းမြေကွက်ကို ရောင်းပါက တန်ဖိုးမည်မျှရနိုင်သည်နှင့် ယင်းတန်ဖိုးကို မည်သို့တွက်ချက်ရယူသည်၊
(၁၃) မြေပေါ်တွင် အဆောက်အဦရှိပါက ယင်းအဆောက်အဦ၏ တန်ဖိုးနှင့် အဆောက်အဦ၏ သက်တမ်းကာလမှာ မည်မျှထိ ခံနိုင်သည်၊
(၁၄) ယင်းမြေကွက်နှင့် အဆောက်အဦအတွက် အသားတင်ငှားရမ်းရရှိမည့် တန်ဖိုး၊
(၁၅) လျှောက်ထားမြေနှင့် အလားတူ ပတ်ဝန်းကျင်ရှိမြေတွင် ကောက်ခံကျသင့်သည့် မြေငှားအခွန်နှုန်းများ၊
(၁၆) ဂရန်ချထားပါက ယင်းမြေပေါ် သုံးစွဲမှုအရ ခွင့်ပြုသင့်သော ကာလနှင့် အပိုင်းအခြား၊
(၁၇) မြေကွက်ပေါ်တွင် အသုံးပြုထားသော အဆောက်အဦ (သို့မဟုတ်) ဆောက်ရန်လျာထားသော အဆောက်အဦသည် မြေကွက်ဧရိယာ၏ (၅)ပုံ (၄)ပုံထက် ကျော်လွန်မှုရှိ-မရှိ၊
(၁၈) မြေကွက်ပေါ်ရှိအဆောက်အဦကို မည်သည့်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသည် (သို့မဟုတ်) ဆောက်လုပ်ရန် ရည်ရွယ်ထားသည်၊
(၁၉) လျှောက်ထားသောမြေကွက်နှင့် လမ်းများ၊ မြောင်းများ၏ အကွာအဝေး၊
စသည်တို့ကို ဂရန်ထုတ်ပေးသည့်ဋ္ဌာနမှ သိရှိရန်လိုအပ်ကြောင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၏ ဋ္ဌာနတွင်း ညွှန်ကြားချက်များဖြင့် လည်းကောင်း၊ အဆက်ဆက်သော အရေးပိုင်/တိုင်းမင်းကြီး/ဘဏ္ဍာတော်မင်းကြီးများမှ ညွှန်ကြားချက်များ ထုတ်ပြန်၍လည်းကောင်း ပြဋ္ဌာန်းသတ်မှတ်ထားခဲ့သည်ကို လေ့လာတွေ့ရှိရပါတယ်။
(အထက်ပါအချက်များဟာ ကျွန်တော် ဖျာပုံခရိုင်ရုံး၊ ပုသိမ်ခရိုင်ရုံး၊ ကသာခရိုင်ရုံးတွေက Main File တွေဖြစ်တဲ့ နစ-၂(မြဲ)၊ အထ-၂(မြဲ)၊ အထ-၃(မြဲ)၊ က-၂၊ က-၃ ဖိုင်များကနေ ရှာဖွေလေ့လာ မှတ်စုထုတ်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။)
(ခ) မြေစာရင်းဋ္ဌာနမှ ပြန်ကြားရမည့်အချက်များ
အထက်ပါအချက်များအနက် မိမိတို့ မြေစာရင်းဋ္ဌာနအနေနဲ့ သက်တိုင်တဲ့အချက်တွေကို မှတ်ချက်ပြုပြန်ကြားရန် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဂရန်ခွင့်ပြုမိန်ချပေးမည့်သူ သိရှိလိုတဲ့အချက်များအနက် မိမိတို့ မြေစာရင်းဋ္ဌာနအနေနဲ့ သက်ဆိုင်တဲ့အချက်တွေကို မိမိတို့ထံမှာ ရှိတဲ့ မြေပုံနဲ့ စာရင်းမှတ်တမ်းများအရ အောက်ပါအတိုင်း မှတ်ချက်ပြု ပြန်ကြားပေးရပါမယ်။
(၁) လျှောက်ထားသောမြေသည် အစိုးရမြေလွတ် ဟုတ်-မဟုတ်၊
(၂) လျှောက်ထားသောမြေသည် အစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်၊
(၃) လျှောက်ထားသောမြေသည် အခြားမြေပေါ်သို့ ကျူးကျော်မှု ရှိ-မရှိ၊
(၄) လျှောက်ထားသောမြေကို အခြားမည်သူက မြေပုံကူးယူ၍ ဂရန်လျှောက်ထားဖူးခြင်း ရှိ-မရှိ၊ ရှိပါက ဂရန်အမှုတွဲအမှတ်နှင့် ဖော်ပြရန်၊
(၅) လျှောက်ထားမြေကို တစ်ဦးတစ်ယောက်အား လိုင်စင်/ ဂရန်ထုတ်ပေးခဲ့ခြင်း ရှိ-မရှိ၊ ရှိပါက အမှုတွဲအမှတ်၊ ဂရန်သက်တမ်း ကုန်ဆုံးမည့် နေ့ရက် စသည်တို့ဖော်ပြရန်၊
(၆) လျှောက်ထားမြေပေါ်တွင် အဆောက်အဦဆောက်လုပ်ထားခြင်း၊ အသုံးပြုထားခြင်း ရှိ-မရှိ၊ ရှိပါက မည်သူအသုံးပြုထားသည်၊
(၇) လျှောက်ထားမြေသည် မြို့မြေအတွင်း ကျရောက်-မရောက်နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ အမိန့်ဆင့်ဆိုချက်(၅၄-က)အရ သီးသန့်ခွဲခြားထားသော မြေဧရိယာအတွင်း ပါဝင်နေမှု ရှိ-မရှိ၊
(၈) လျှောက်ထားမြေနှင့် ပတ်ဝန်းကျင်ရှိ အလာတူမြေကွက်များ၏ မြေယာတန်ဖိုးနှင့် မြေငှားတန်ဖိုးများ၊
(၉) ပတ်ဝန်းကျင်ရှိ ဂရန်ကျပြီး မြေကွက်များ၏ ကျသင့်မြေခွန်၊
(၁၀) လျှောက်ထားမြေကို မြို့မြေငှားခွန်စည်းကြပ်ပါက ကျသင့်မည့်အခွန်၊
စသည်တို့ကို ပြည့်စုံစွာ မှတ်ချက်ပြု ဖော်ပြပေးရမှာဖြစ်ပါတယ်။

•မြေစာရင်း ပြန်ကြားချက်ရရင် ဘာဆက်လုပ်မလဲ
ဂရန်ချထားပေးနိုင်တဲ့ မြေဖြစ်တဲ့ Disposal Land ဖြစ်ကြောင်း မြေစာရင်းရဲ့မှတ်ချက်ရရှိမှသာ အမှုတွဲကို ဆက်လက်ဆောင်ရွက်နိုင်ပြီး Disposal Land မဟုတ်ခဲ့ရင်တော့ အမှုတွဲ ပိတ်သိမ်ရပါတယ်။ အမှုတွဲ ဆက်လက်ဆောင်ရွက်မှုကို ကန့်ကွက်လွှာခေါ်တာနဲ့ ပြန်စပါတယ်။

•အမှုတွဲကို ဆက်လက်ဆောင်ရွက်ခြင်း
၉။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မြေရာဇဝင်နှင့် မြေတန်ဖိုး၊ မြေငှားခွန်တွေကို စိစစ်မှတ်ချက်ပြုပြီး မြေစာရင်းဋ္ဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသို့ အမှုတွဲကို ပြန်ပို့တဲ့အခါ သက်ဆိုင်ရာ လက်ထောက်ကော်လိပ်တော်နှင့် ကော်လိပ်တော်အရာရှိများက ယင်းဂရန်အမှုတွဲအတွက် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ လက်စွဲဥပဒေ၊ အမိန့်ကြော်ငြာစာ (NOTIFICATION-D)နဲ့ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ်(၆)ကနေ အပိုဒ်(၄၀)အထိ ပြဋ္ဌာန်းထားတဲ့ နည်းလမ်းများနဲ့အညီ ချထားနိုင်ရေးအတွက် ကန့်ကွက်လွှာခေါ်ယူခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်လို့ အထက်အပိုဒ် ၃(က)မှာ ဖော်ပြထားတဲ့ အချက်တွေပါဝင်တဲ့ အစီရင်ခံစာကို ကော်လိပ်တော်အရာရှိထံ တင်ပြရမှာဖြစ်ပါတယ်။ အစီရင်ခံစာပါ သုံးသပ် ထောက်ခံအကြံပြုချက်နဲ့ အမှုတွဲအခြေအနေပေါ်မူတည်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ အထက်ပါအက်ဥပဒေပုဒ်မ (၁၆)နဲ့ (၁၇)အရ နှစ်ရှည်ဂရန်၊ အငှားဂရန်၊ လိုင်စင် စသည်ဖြင့် သင့်လျော်သော နှစ်ကာလအပိုင်းအခြားဖြင့် နေထိုင်ခွင့်ကို တစ်နှစ်လျှင် ကျသင့်မယ့် မြေခွန်နှုန်းသတ်မှတ်ပြီး လျှောက်ထားသူအား မြေပေါ်တွင် နေထိုင် အသုံးပြုခွင့်အမိန့် ချထားပေးမယ် (သို့မဟုတ်) ငြင်းပယ်မယ်ကို ဆုံးဖြတ်ချက် ချမှတ်ရမှာဖြစ်ပါတယ်။ ပြီးနောက် ဂရန်စာချုပ်ကို ပြီးပြတ်အောင်ဆောင်ရွက်လို့ အမှုတွဲကို ပြည့်စုံစေပြီးတဲ့အခါမှာတော့ ဂရန်ချထားပေးခံရသူရဲ့ အမည်၊ ချပေးတဲ့ဂရန်အမျိုးအစား၊ ဂရန်ခွင့်ပြုတဲ့ကာလ အပိုင်းအခြား၊ အမှုတွဲအမှတ်နဲ့ ယင်းမြေကွက်အတွက် တစ်နှစ်စည်းကြပ်ကောက်ခံရမယ့် ကျသင့်မြေခွန်နှုန်းတို့ကို မြေစာရင်းဋ္ဌာနရဲ့ ဦးပိုင်မြေရာဇဝင်မှတ်တမ်းနဲ့ မြေခွန်စည်းကြပ်မှုမှတ်ပုံတင်စာရင်း (၁-က)စာရင်းမှာ ရေးသွင်းမှတ်သားနိုင်ရန်အလို့ငှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက် ၅၆(က)တွင် ပြဋ္ဌာန်းဖော်ပြထားချက်အတိုင်း မြေစာရင်းဋ္ဌာနသို့ အမှုတွဲကို ဒုတိယအကြိမ် ထပ်မံ ပေးပို့အုံးမှာဖြစ်ပါတယ်။

•ဒုတိယအကြိမ်ဆောင်ရွက်ရန် (သို့မဟုတ်) (၁-က)စာရင်း၌ မှတ်တမ်းတင်ခြင်း
၁၀။ ဤကဲ့သို့အမှုတွဲကို (၁-က)မှာ မှတ်သားနိုင်ရန် မြေစာရင်းဋ္ဌာနသို့ ဒုတိယအကြိမ် ပေးပို့ရောက်ရှိလာတဲ့အခါမှာ မြို့/မြေမှူးရဲ့ညွှန်ကြားချက်အရ လ/ထဦးစီးမှူး(မြို့မတိုက်နယ်)မှ ကြီးကြပ်၍ မြို့မမြေတိုင်းစာရေးအနေနဲ့ အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ(၂၉)/ အောက်မြန်မာပြည် မြေနှင့်အခွန်တော်အက်ဥပဒေ ပုဒ်မ ၂၂(က)တို့အရ မြို့နယ်မြေစာရင်းဋ္ဌာနရှိ မြေစာရင်းပုံစံ(၂) (မြေပိုင်ဆိုင်ခွင့် မှတ်ပုံတက်စာရင်းစာအုပ်) မှတ်ပုံတင်စာရင်း၊ ၁(က)မှာ မြေစာရင်းလက်စွဲဥပဒေ အခန်း(၂၆)ပါ ပြဋ္ဌာန်းချက်များနဲ့အညီ မှတ်သား ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါအမှုတွဲပါ ချထားလိုက်တဲ့ လိုင်စင်၊ ဂရန်၊ မြေငှား၊ ပတ္တာစာချုပ်များတွင် ဖော်ပြထားချက်အရ ချထားသော ဂရန်အမျိုးအစား၊ ဂရန်သက်တမ်း ကာလအပိုင်းအခြားနှင့် အသစ်ပြင်ဆင် စည်းကြပ်ရမည့်မြေခွန်၊ ချထားပေးခံရသူအမည် စသည်တို့ကို မှတ်ပုံတင်စာရင်း(၁-က)မှာ ရေးသွင်းပြီးစီးကြောင်း အမှုတွဲနေ့စဉ်မှတ်တမ်းမှာ မြေစာရင်းဋ္ဌာနမှ တာဝန်ရှိသူအဆင့်ဆင့်က လက်မှတ်ရေးထိုးပြီးနောက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသို့ ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။

•စည်းကြပ်သင့်မြေငှားခွန် တွက်ချက်ခြင်း
၁၁။ ဂရန်ပေးတယ်ဆိုတာ အစိုးရမြေကို နှစ်အပိုင်းအခြား ကာလတစ်ရပ်နဲ့ မြေအငှားချတာ ဖြစ်လေတော့ မြေငှားခ ပေးဆောင်ရပါမယ်။ Town Land Rent လို့ ခေါ်ပါတယ်။ မြို့မြေငှားခွန်ပါ။ မြေတစ်ရပ်ကို အငှားချမယ်ဆိုရင် မြေငှားခွန် ဘယ်လောက်စည်းကြပ်သင့်လဲဆိုတာ မြေစာရင်းဋ္ဌာနက တွက်ချက်ပေးရပါတယ်။ မြေအရောင်းတန်ဖိုးနှင့် မြေငှားတန်ဖိုးများကတဆင့် မြို့မြေခွန် တွက်ချက်ရပါတယ်။ ကျွန်တော်တို့ အလုပ်သင်ကာလတုန်းကတော့ စာမေးပွဲမှာ မေးလေ့ရှိတဲ့ မေးခွန်းက မြေခွန်တွက်ချက်တဲ့ နည်းလမ်းပါပဲ။
ဘယ်လိုတွက်ချက်ရမယ်ဆိုတာ မြေစာရင်းဋ္ဌာန အရာရှိတွေ၊ မြို့မစာရေးတွေ နားလည်သဘောပေါက်မှသာလျှင် စည်းကြပ်ရမယ့် မြေခွန်နှုန်းကို မှန်ကန်စွာ တွက်ချက်တတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယင်းကိစ္စများကို အကျဉ်းချုပ် ဖော်ပြအပ်ပါတယ်။
(က) အရောင်းတန်ဖိုး( Selling Value )
အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများလက်စွဲ နည်းဥပဒေ အပိုဒ် ၁၇(က)အရ မြေငှားခွန်ကို တွက်ချက်ရာမှာ လျှောက်ထားမြေနဲ့ အလားတူ ပုဂ္ဂလိကပိုင်မြေမျိုးတွေရဲ့ ကာလပေါက်ဈေးတန်ဖိုး၏ အနည်းဆုံး (၆)% ကို မြို့မြေငှားခ အဖြစ် တွက်ချက်ရန်ဖြစ်ပါတယ်။
ဒါကြောင့်မို့ မြေကွက်ရဲ့တန်ဖိုးကို စနစ်တကျ ဖော်ပြနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ တန်ဖိုးတွက်ချက်မယ့်နှစ် မတိုင်မီ လွန်ခဲ့သော (၁၅)နှစ်မှ ယနေ့အထိ ယင်းမြေကွက်တည်ရာ(Block)အတွင်းက မှတ်ပုံတင်စာချုပ်ဖြင့် ချုပ်ဆိုရောင်းချခဲ့တဲ့ မြေကွက်အရောင်းအဝယ် ဈေးနှုန်းများ၊ မြေတန်ဖိုး ဇုန်နှုန်းများကို စုဆောင်းရှာဖွေခြင်း၊ ရပ်ရွာတွင် အမှန်တကယ် ရောင်းဝယ်နေတဲ့ မြေဈေးနှုန်းအမှန်များကို စုံစမ်းခြင်း ပြုရပါမယ်။ ရရှိတဲ့ ဈေနှုန်းများအနက် အလွန်မြင့်မားသောနှုန်းနဲ့ အလွန်နိမ့်ကျသောနှုန်းများကို ပယ်ပြီး ကျန်ဈေးနှုန်းများကို ပျမ်းမျှယူ တွက်ချက်ရပါတယ်။ ရရှိတဲ့ ပျမ်းမျှတန်ဖိုးရဲ့ (၆)% ကို မြေငှားခွန်အဖြစ် တွက်ချက်ပြီး ဂရန်အမှုတွဲမှာ ဖော်ပြပေးရပါတယ်။
(ခ) မြေငှားရမ်းခ( Letting Value )
အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများလက်စွဲ နည်းဥပဒေအပိုဒ် ၁၇(ခ)အရ မြေငှားခွန် တွက်ချက်ရာမှာတော့ မြေငှားရမ်းခ(Full Letting Value)ရဲ့ (၇၅)%ထက် မနည်းကို မြေခွန်အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ မြေငှားရမ်းခ အမှန်ရရှိဖို့ အချက်အလက် ရှာဖွေစုဆောင်းရပါတယ်။ အနီးပတ်ဝန်းကျင်ရှိ အလားတူ ပုဂ္ဂလိက မြေမျိုးများ၊ စည်ပင်သာယာမြေများရဲ့ ငှားရမ်းခတွေနဲ့ ညှိနှိုင်းသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ယခင်ခေတ်အခါက မြေပိုင်ရှင်တွေဟာ မိမိတို့မြေကွက်အတွင်း နေထိုင်သူများကို မြေငှားခနဲ့ ငှားရမ်းချထားလေ့ရှိရာ ယင်းငှားရမ်းခ၏ (၇၅)% ကို မြေခွန်အဖြစ် တွက်ချက်ရပါတယ်။ (ဖျာပုံ၊ ကျိုက်လတ်၊ ပဲခူးတို့ဘက်မှာ စည်ပင်သာယာက အငှားချထား မြေတွေ အများကြီးရှိတာ တွေ့ဖူးပါတယ်။)

{မှတ်ချက်(၁)။ ။ မြေငှားရမ်းခကိုလည်းကောင်း၊ မြေရောင်းရတန်ဖိုးကိုလည်းကောင်း၊ စနစ်တကျ တွက်ချက်ရနိုင်လောက်သည့် အချက်အလက် မရရှိခဲ့ပါက ဘဏ္ဍာတော်မင်းကြီး၏ အထူးအမိန့်ဖြင့် ထုတ်ဆင့်၍ သတ်မှတ်သည့် နှုန်းထားအတိုင်း တွက်ပေးရပါတယ်။ သို့သော် ယင်းနှုန်းသည် အနီးပတ်ဝန်ကျင်ရှိ စိုက်ပျိုးမြေများအတွက် စည်းကြပ်သည့် မြေခွန်တော်နှုန်းထက် မလျော့စေရပါ။}

{မှတ်ချက်(၂)။ ။ မြေရောင်းရတန်ဖိုးနှင့် မြေငှားရမ်းခတို့ကို ရှာဖွေရန် မလွယ်ကူပါက (၁၉၁၃)ခုနှစ် မြို့နှင့်ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက် ၄၅(ခ)တွင် ညွှန်ကြားထားသည့်အတိုင်း တွက်ချက်၍ မြို့မြေငှားခွန် တွက်ချက် စည်းကြပ်နိုင်ပါသည်။ အဆိုပါနည်းမှာ ယင်းနေရာများ၌ စည်ပင်သာယာမှ သတ်မှတ်သည့် မြေခွန်၊ အိမ်ခွန် (သို့မဟုတ်) အိမ်ရောမြေပါ ငှားရမ်းသည့် အိမ်လခများ၏ တစ်နှစ်အတွက် ကျသင့်ငွေ၏ (၁/၁၆)ပုံမှ (၁/၂၄)ပုံ နှုန်းထားအတွင်း စည်းကြပ်နိုင်ပါသည်။}

{မှတ်ချက်(၃)။ ။ မြေခွန်တွက်ချက်ရာတွင် ဘဏ္ဍာတော်မင်းကြီးများ၏ လမ်းညွှန်ချက်ဖြစ်သည့် ရှေးယခင် အစဉ်အဆက် ကျင့်သုံးလာတဲ့ နည်းလမ်းဖြစ်သော စတင်စည်းကြပ်မယ့် မြေခွန်နှုန်းအသစ်ဟာ လက်ရှိ မြေခွန်နှုန်းအဟောင်းရဲ့ (၂)ဆထက် မပိုစေရေးကို သတိပြုရပါမယ်။ ယခင်မြေငှားခွန်နှုန်း၏ (၂)ဆထက် ပိုမိုစည်းကြပ်မယ်ဆိုရင် ယင်းနှုန်းသစ်ကို တခါတည်း တိုက်ရိုက် တန်းမစည်းကြပ်ရဘဲ အချိန်ကာလ ပိုင်းခြားပြီး အဆင့်ဆင့် တစ်ဆစ်စီ တစ်ပိုင်းချင်း တိုးမြှင့် စည်းကြပ်ရပါမယ်။}
(ဂ) တွက်ချက်နည်း
မြေငှားခွန်အတွက် တွက်ချက်နည်းတွေကတော့ ဂရန်ချထားပေးရန်အတွက် အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(ဃ)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ နည်းဥပဒေ(၁၇)တွင် ဖော်ပြထားချက်များအရ လည်းကောင်း၊ လိုင်စင်အတွက်ဖြစ်ရင် အထက်မြန်မာပြည် မြေနှင့်အခွန်ဥပဒေ နည်းဥပဒေ(၆၈)နဲ့ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ(၃၆)တို့မှာ ပြဋ္ဌာန်းထားချက်များအရ လည်းကောင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။

•မြေဂရန်ချပေးသင့်/မသင့် စိစစ်ရန် ( Schedule of Land Uses )မြို့မြေအသုံးဇယား ရေးဆွဲထားရခြင်း
၁၂။ မြို့မြေနယ်နိမိတ် သတ်မှတ်ထားတဲ့ မြေအားလုံးနဲ့ ယင်းမြေနယ်နိမိတ်အဝန်းအဝိုင်းရဲ့ ပြင်ပ (၂)မိုင်ဝန်းကျင်အတွင်းမှာရှိတဲ့ မြေအားလုံးပါဝင်တဲ့ မြေပုံ(Base Map)ကို {၆၄ လက်မး ၁ မိုင်}စကေး (သို့မဟုတ်) {၃၂ လက်မး ၁ မိုင်}စကေး နဲ့ ရေးဆွဲပြီး အဲဒီပုံပေါ်တွင် မြေတိုင်းတာပြီးတဲ့ အကွက်မြေပုံများအရ ရပ်ကွက်ခြား၊ ဦးပိုင်ခြား၊ လမ်း စတဲ့ အမှတ်အသားအပြင် ကစားကွင်း၊ ဥယျာဉ်၊ မီးရထားလမ်း၊ အစိုးရရုံးများ၊ သာသနာ၊ သုဿန်၊ ဈေး စသဖြင့် အခိုင်အမာ အဆောက်အဦများ ပါဝင်ဖော်ပြရပါတယ်။ ထို့နောက် မြို့နှင့်ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက် ၅၄(က)နဲ့အညီ မြို့မြေအသုံးချရန် လျာထားဇယား ရေးဆွဲထားရပါမယ်။ လူနေရပ်ကွက်၊ စက်မှုဇုံနှင့် စီးပွားရေးဇုံများ အသုံးချရန်၊ အစိုးရရုံးများအတွက် နေရာများ၊ အများပြည်သူနှင့်ဆိုင်တဲ့ လူမှုရေး/ကျန်းမာရေး၊ သုဿန်၊ ရုပ်ရှင်ရုံ၊ ဈေး၊ ကျောင်း၊ အားကစားကွင်း၊ ပန်းခြံ၊ ဥယျာဉ်နှင့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်ဖြစ်တဲ့ ဘူတာရုံ၊ ကုန်တင်ကုန်ချနေရာ၊ လှည်းဂိတ်၊ ကားဂိတ်၊ ကူးတို့ဆိပ်နေရာ စသည်တို့အတွက် အသုံးပြုဖို့ လျာထားမြေများ၊ သီးသန့်ထားရန်မြေများ စသဖြင့် ပြည့်စုံစွာ ခွဲခြားသတ်မှတ်ထားရပါတယ်။ ၎င်းတို့ကို မြေပုံမှာ အရောင်တစ်မျိုးစီ သတ်မှတ်ပြီး အမျိုးအစားအလိုက် ဧရိယာတွက်ချက် ဖော်ပြ၍ အသုံးချမြေပုံအဖြစ် (Zoning Control)လုပ်ထားရပါတယ်။ အဲဒီဇယားပေါ် အခြေခံပြီးမှသာ နှစ်တို (သို့မဟုတ်) နှစ်ရှည် သင့်လျော်ရာဂရန်ကို ထုတ်ပေးသင့်/မသင့် မှတ်ချက်ပြုရန် သတိမူရပါမယ်။

•အခွန်လွတ်ဂရန် မပေးရသောဋ္ဌာနများ။ ဝင်ငွေရှိဋ္ဌာနများအတွက် အခွန်လွတ်ဂရန် မပေးရခြင်း။
၁၃။ မြို့နှင့်ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက် (၅၀) (၃)အရ အများပြည်သူအကျိုးကိစ္စအတွက် အသုံးပြုရန်ပင်ဖြစ်သော်လည်း မြေမှ ဝင်ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စည်ပင်သာယာနှင့် အလားတူဒေသန္တရအဖွဲ့အစည်းများအတွက် အခွန်လွတ်ဂရန် မထုတ်ပေးရကြောင်း Dir 50 တွင် ဖော်ပြထားပါတယ်။ ဒါ့အပြင် (၁၇- ၆- ၁၉၅၀)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ အတွင်းဝန်ရဲ့ စာအမှတ် ၇၈၉/ 5T- ၂၁ (၃၉)အရ အထက်ပါ Municipal နဲ့ Local body တွေ ခန့်ခွဲတဲ့မြေများကို ၁၉၅၀-၅၁ ခုနှစ်မှစ၍ မြေခွန်တော် စည်းကြပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ အခန်း(၆)မှာ ဖော်ပြ ပြဋ္ဌာန်းထားချက်အရ အခွန်တော်မပေးရသော်လည်း လျော့ပေါ့သော မြေငှားခကိုမူ စည်းကြပ်ပေးနိုင်ပါတယ်။ ဈေး၊ ကူးတို့ဆိပ်၊ ကားဂိတ်၊ လှည်းဂိတ် စသည်တို့အတွက် လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ချထားခွင့်ရှိသူ စည်ပင်သာယာအနေနဲ့ ဝင်ငွေရသူဖြစ်တဲ့အတွက် မြေခွန်ကင်းလွတ်ခွင့်မရဘဲ ပေးဆောင်ရမည်သာ ဖြစ်ပါတယ်။ အခြားသူများနည်းတူ အခွန်အပြည့် မဆောင်ရသော်လည်း လျှော့ပေါ့နှုန်းကိုတော့ ပေးဆောင်စေရမှာ ဖြစ်ပါတယ်။

•ကျူးကျော်ခွန်များ
၁၄။ နေထိုင်ခွင့်ဂရန် ရရှိခြင်း၊ မြေချထားပိုင်ခွင့်ရှိသူ၏ တရားဝင်နေထိုင်ခွင့် ချထားမှုကို ရရှိထားခြင်း စတဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့မြေကို ကျူးကျော် အသုံးပြုထားမှုများ ရှိတတ်ပါတယ်။ ယင်းကိစ္စရပ်များအတွက် အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ အပိုဒ် ၅၁ စ်စ် (51.II)အရ အမိန့်တစ်စုံတစ်ရာမရှိဘဲ မြို့မြေများအတွင်း ကျူးလွန်ဝင်ရောက်နေထိုင်သူများကို မြို့မြေငှားခွန်(ကျူးကျော်ခွန်)အဖြစ် အောက်ပါအတိုင်း သတ်မှတ် စည်းကြပ်ရမှာ ဖြစ်ပါတယ်။
(က) အဆောက်အဦ ပစ္စည်းကိရိယာ ဆောက်လုပ်/စုပုံထားခြင်းသာရှိပြီး လူနေထိုင်မှု မရှိတဲ့မြေကွက် - - - - - - - - - - မြေခွန် (၁)ဆ
(ခ) အဆောက်အဦ ပစ္စည်းကိရိယာ ဆောက်လုပ်/စုပုံထားပြီး လူနေထိုင်မှု ရှိတဲ့မြေကွက် - - - - - - - - - - မြေခွန် (၂)ဆ
(ဂ) စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုနေခြင်း - - - - - - - - - - မြေခွန် (၃)ဆ
၁၅။ အထက်အပိုဒ်တွေမှာ ရှင်းလင်းဖော်ပြထားခဲ့တာတွေကို သေသေချာချာ လေ့လာပြီးရင်တော့ ဂရန် အကြောင်း အရင်ကထက်စာရင် နည်းနည်းပိုသိလာမှာပါ။
မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှူးများအနေနဲ့ မိမိရုံးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပေးပို့လာတဲ့ မြေရာဇဝင် စိစစ်မှတ်ချက်ပြုဖို့နဲ့ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတဲ့မြေ ဟုတ်-မဟုတ်၊ စိစစ်ပေးရန် ရောက်ရှိလာတဲ့ အမှုတွဲတွေကို အထက်အပိုဒ် ၈၊ (ခ)ပါ အချက်တွေကို ပြည့်ပြည့်စုံစုံ စိစစ်ပြန်ကြားသင့်ပါတယ်။ အဓိကအားဖြင့် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတဲ့မြေ မဟုတ်ဘူးဆိုရင်တော့ မဟုတ်ကြောင်းကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲ တိတိကျကျဖော်ပြရန် လိုပါတယ်။ သာသနာ့မြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉)မရရှိသေးသော လယ်ယာမြေ၊ အစိုးရဋ္ဌာနပိုင်မြေများနဲ့ ပုဂ္ဂလိကများက တရားဝင်ဂရန် ရရှိထားပြီး ၎င်းတို့လက်ရှိထားနေသောမြေ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ပါဘဲလျှက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေဟု အကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ ဆန္ဒကတိ၊ ဘယာကတိ၊ လောဘကတိကြောင့် တမင်သက်သက်ဖြစ်စေ၊ တာဝန်မဲ့စွာနဲ့ မှတ်ချက်မပြုရပါဘူး။ ပြုလည်း မပြုသင့်ပါဘူး။ ဂရန်လျှောက်ထားတဲ့မြေဟာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ပါဘူးလို့သာ မြေစာရင်းဋ္ဌာနက ရဲရဲဝံ့ဝံ့ မှတ်ချက်ပေးခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် လျှောက်ထားမြေဟာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ဘူးဆိုတာကို ကော်လိပ်တော်အရာရှိထံကို အသိပေးခဲ့မယ်ဆိုရင် ကော်လိပ်တော်အရာရှိ အနေနဲ့ ဂရန်ပေးခွင့် မရှိတော့ပါဘူး။ ပေးရင် သူ့အလွန် ဖြစ်သွားပါပြီ။
လျှောက်ထားမြေဟာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်တဲ့အတွက် သက်ဆိုင်ရာ ကော်လိပ်တော်အရာရှိအနေဖြင့် ဆက်လက်ဆောင်ရွက်ခွင့် မရှိ၊ မြေဂရန်အငှားစာချုပ်ကို မချထားရတော့ဘဲ(ချထားပေးပိုင်ခွင့် မရှိတော့ဘဲ) ယင်းလျှောက်ထားမှုကို ပယ်လိုက်ရမှာ ဖြစ်ပါတယ်။ ပယ်ရတဲ့ အကြောင်းကိုလည်း လျှောက်လွှာပေါ်မှာ ယင်းအရာရှိက မှတ်ချက်ရေးသားထားရမှာ ဖြစ်ပါတယ်။
၁၆။ ထို့အတူ လျှောက်ထားတဲ့မြေဟာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်စေကာမူ အများပြည်သူနဲ့ ပတ်သက်တဲ့ ကိစ္စကြီးငယ်တွေအတွက် အသုံးပြုဖို့ သီးသန့်လျာထား သတ်မှတ်ထားတဲ့ မြေဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့မယ်ဆိုရင်လည်း ဂရန်မချထားနိုင်ဘဲ လျှောက်လွှာကို ပယ်ရမှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် အစိုးရမှ စီမံချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်ကို သေချာစွာစိစစ်ပြီးမှ မှတ်ချက်ပြုရန် လိုအပ်ပြီး မစိစစ်ဘဲ တင်ပြခဲ့လို့ ပြဿနာပေါ်ပေါက်ရင် မြေရာဇဝင်ထုတ်ပေးသူ မြေစာရင်းဋ္ဌာနဝန်ထမ်းတွေမှာလည်း ဆွမ်းခံရင်းငှက်သင့် ဆိုသလို တာဝန်ရှိလာမှာကို အလေးဂရုပြုစေလိုပါတယ်။

ထို့အပြင် မြေငှားခွန် မှန်ကန်စွာ စည်းကြပ်နိုင်ရေးအတွက် မြေတန်ဖိုးတွက်ချက်နည်း၊ မြေငှား ဂရန်ခွန် တွက်ချက်နည်းတွေကို အထက်ဖော်ပြပါ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တွက်ချက် ဆောင်ရွက်တတ်ဖို့လည်း အရေးကြီးပါတယ်။ အဓိကအားဖြင့် အစိုးရမြေလွတ်မြေလပ်များကို စည်းမဲ့ကမ်းမဲ့ ထင်သလို အသုံးပြုနေသူများ၊ ၎င်းတို့သဘောဖြင့် ကျူးကျော် အသုံးပြုနေသူများကို ဂရန်ချထားပေးခြင်း မပြုမိစေရန်အတွက် သတိပြုရပါတယ်။ သတင်းအချက်အလက် အပြည့်အစုံကို မြို့မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော အခြားဋ္ဌာနများနှင့် ညှိနှိုင်းတင်ပြ ပူးပေါင်းဆောင်ရွက်တတ်ရန် လိုအပ်လှပါတယ်။ ဤမှတ်စုပါ နည်းလမ်း ညွှန်ကြားချက်များဟာ မြို့မြေဂရန်အမှုတွဲများ ဆောင်ရွက်တဲ့အခါမှာ စနစ်တကျ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်အလက်များသာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါ အမှားကင်းစင်သမျှ ကင်းစင်နိုင်ရန် ရည်ရွယ်၍ ပြုစု တင်ပြရခြင်းဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

Credit : ကိုဇော်(နတ်မောက်)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service