ပန်းပန်နေတဲ့ အိမ်ခြံမြေအငှားဈေးကွက် ဥပဒေနဲ့ ထိန်းချုပ်ခံရတော့မလား
နာဂစ်မုန်တိုင်းအပြီး ရန်ကုန်မြို့တော်ကို ရွှေ့ပြောင်းလာကြသူတွေမြင့်တက်လာလို့ လူဦးရေတိုးလာသလို လူနေထိုင်မှုနဲ့ အိုးအိမ်လိုအပ်ချက် မမျှတမှုဖြစ်လာချိန်မှာ အိမ်ခြံမြေဈေးကွက်ထဲ ငွေလုံးငွေရင်းရှိသူတွေ ဝင်ကစားခဲ့ရာက ၂ဝ၁၅မှာတော့ အိမ်ခြံမြေဈေးကွက်က အေးစက်ထိုင်းမှိုင်းမှုဟာ တစ်နှစ်နီးပါးအနေအထားကို ရောက်လာနေပါတယ်။ မြန်မာ့အိမ်ခြံမြေ အငှားဈေးကွက် အခြေအနေဘယ်လိုရှိနေလဲ။
အိမ်ခြံမြေအရောင်းအဝယ် လေးလံထိုင်းမှိုင်းသွားတာ ၂ဝ၁၄ကတည်းကဖြစ်ပေမယ့် အငှားဈေးကွက်က အမြင့်ဖက်ကို တန်းနေဆဲဖြစ်လို့ မြို့လယ်ခေါင်ကနေ မြို့စွန်မြို့ဖျားထိမကျန် ဈေးတွေတက်နေဆဲပါလို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။ တိုက်ခန်းငှားရမ်းခ မြင့်တက်မှုဟာ မြို့ဆင်ခြေဖုံးတွေအထိ ရိုက်ခတ်လာလို့ ၆လစာချုပ်ပြည့်တာနဲ့ နောက်တစ်ကြိမ်စာချုပ်အတွက် တစ်လစာ ၃သောင်းကနေ ၅သောင်းထိ မြင့်တက်နေတယ်လို့ ဒေါ်မြတ်နိုးဝေက ဆိုပါတယ်။
ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်ကို ထိန်းချုပ်ဖို့ ပြည်ထဲရေးကရေးဆွဲနေတဲ့ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေသစ် မကြာခင်ထုတ်ပြန်တော့မယ်လို့ ရန်ကုန်တိုင်းအစိုးရက ကြေညာခဲ့တာမို့ ဈေးကွက်စီးပွားရေးစနစ်မှာ အိမ်ငှားဈေးနှုန်းကို ဥပဒေနဲ့ထိန်းချုပ်တာ လုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ မဏ္ဍိုင်အကျိုးဆောင်ကုမ္ပဏီက ဆိုပါတယ်။ ဈေးနှုန်းထိန်းချုပ်ရင် မှောင်ခိုဈေးကွက်ပေါ်လာမှာမို့ တန်ဖိုးနည်းအိမ်ရာကိုသာ စီမံကိန်းနဲ့ဆက်တိုက်လုပ်သင့်တယ်လို့ ထောက်ပြပါတယ်။
ရန်ကုန်မြို့တွင်းမြို့ပြင်မကျန် ငှားရမ်းခတွေ မြင့်တက်နေလို့ အိမ်လစာလက်လှမ်းမမီသူတွေ ကျူးကျော်နေထိုင်သူဘဝ ရောက်ကုန်ကြပါပြီလို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁ရပ်ကွက်က ဦးသန်းဦးက ဆိုပါတယ်။ ခြံခတ်ထားတဲ့ လယ်ကွင်းတွေမှာ ခြံစောင့်အဖြစ် ရွေ့ပြောင်းနေထိုင်ရင်း အိမ်ငှားခသက်သာအောင် လှည့်နေရတဲ့သူ့အတွက် အစိုးရက သတ်မှတ်နေရာချပေးမှာပဲ မျှော်မှန်းနိုင်မယ့်ဘဝပါလို့ ပြောပါတယ်။
အိမ်ငှားစာချုပ်ပြည့်ခါနီးတိုင်း ပွဲခနဲ့ လစာတိုးလိုချင်တဲ့ အိမ်ရှင်တွေကြောင့် အမြဲလိုလို ပူပန်နေရတဲ့ ဒေါ်မြတ်နိုးဝေတစ်ယောက် လူနှစ်ယောက်လစာမှာ တစ်ယောက်ရဲ့ဝင်ငွေက အိမ်လခဖြစ်သွားလို့ ကျန်ငွေနဲ့ စားသောက်နိုင်ဖို့ဆိုရင် လစာကောင်းကောင်းရမှပဲ အဆင်ပြေမယ်လို့ ဆိုပါတယ်။
Credit: kamayutmedia