Dagon City ၏မြေနေရာကို မြို့ ပြစီမံကိန်းအရပြန်လည်သုံးသပ်နေဟုဆို
ရန်ကုန်မြို့ ၏အချက်အချာကျသော နေရာဖြစ်သည့်ရွှေတိဂုံစေတီတော်အနီးတွင် တည်ဆောက်နေသော Dagon City စီမံကိန်း၏မြေနေရာအကျယ်အဝန်ကို ရန်ကုန်မြို့ ပြစီမံကိန်းအရ ပြန်လည်သုံးသပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှစုံစမ်းသိရှိရသည်။
လက်ရှိ တည်ဆောက်ရန်လုပ်ငန်းဆောင်ရွက်နေသော Dagon City စီမံကိန်းတိုက်တည်ဆောက်မှုကို ယခုအခါ MIC(Myanmar Investment Cormmission) မှတည်ဆောက်ခွင့်ယာယီရပ်ဆိုင်းရန်ညွှန်ကြားထား ပြီး အဆိုပါ Dagon City တည်ဆောက်ရာနေရာကို သက်ဆိုင်ရာအဖွဲ့အသီးသီးသို့ပြန်လည်လေ့လာသုံးသပ် နိုင်ရန်ခွင့်ပြုထားကြောင်းသိရသည်။ ယင်း Dagon City စီမံကိန်းသည်မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်၏ ဝန်းကျင်တွင်တည်ဆောက်မည်ဖြစ်ရာ ယခုအခါ အဆိုပါ Dagon City စီမံကိန်းအားပြန်လည် စစ်ဆေးရာတွင် ယင်းစီမံကိန်း၏မြေဧရိယာအကျယ်နှင့် စီမံကိန်း၏မြေအနိမ့်အမြင့်ကို ပြန်လည်သုံးသပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရှိရသည်။ “ အဓိက သမိုင်းအမွေအနှစ်အရ အရေးကြီးတာက ရွှေတိဂုံစေတီတော်ရယ်၊ အလံပြဘုရားရယ်ပေါ့။ ရွှေတိဂုံစေတီတော်ရဲ့မြင်ကွင်းက ရန်ကုန်မြို့အတွက်အရေးကြီးပါတယ်။Dagon City စီမံကိန်းမှာ အလံပြဘုရားဧရိယာအခြေထိသူတို့တည်ဆောက်မှုပါနေတယ်။ ပိုင်တိုင်တူးရင် နက်နက်တူးရတော့ အလံပြဘုရားရဲ့မြေအနေအထားကို ထိခိုက်လာနိုင်တယ်။ ချက်ချင်းကြီးတော့ပြိုသွားမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အနာဂတ်အတွက်ထည့်စဉ်းစားရမယ့်ကိစ္စပါ။ တစ်ချို့ သုံးသပ်တဲ့အဖွဲ့တွေကပြီးသွားပါပြီ သူတို့လေ့လာ တွေ့ရှိချက်တွေကို MIC ကိုတင်ပြရတယ်။ YCDC ကလည်းတွေ့ရှိတဲ့သုံးသပ်ချက်တွေကို MIC ကိုတင်ပြသွားမှာပါ” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ ပြစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက iMyanmarHouse.com သို့ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် Dagon City စီမံကိန်းတွင်ပါဝင်သည့် Dagon City 1 ရှိအခန်းများမှာ ရောင်းကုန်သွာပြီဖြစ်သည်။ စီမံကိန်းကို ပြန်လည်သုံးသပ်ရာ တွင် မြို့ ပြအင်ဂျင်နီယာများ၊ ဗိသုကာများ၊ ပထဝီပိုင်းဆိုင်ရာ လေ့လာသူများနှင့် အခြားသောအဖွဲ့အစည်းများ မှလည်း ပါဝင်သုံးသပ်နေကြောင်းလည်းသိရသည်။
ရွှေတိဂုံစေတီတော် အနီးဝန်းကျင်တွင်တည်ဆောက်နေသော အထပ်မြင့်အဆောက်အအုံများကိုပြန် လည်သုံးသပ်ရန် စီမံကိန်း၅ခုအား ယာယီရပ်ဆိုင်း၍ပြန်လည်သုံးသပ်ရန်ညွှန်ကြားထားကြောင်းသိရသည်။ ဆောက်လုပ်မှုယာယီရပ်ဆိုင်းထားသော စီမံကိန်း၅ခုမှာ Dagon City စီမံကိန်း၊ Shwe Taung Development ကုမ္ပဏီမှ စီမံကိန်းနှစ်ခု၊ Thu Kha Yadanar ကုမ္ပဏီ၏ စီမံကိန်း၊ Adventure Myanmar Tours and Incentives ကုမ္ပဏီ ၏စီမံကိန်းတို့ဖြစ်ကြသည်။ အဆိုပါစီမံကိန်းများမှာ ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံ ရသည့် စီမံကိန်းများဖြစ်သည့်အတွက် ဆောက်လုပ်ခွင့်ပယ်ဖျက်ခြင်းထက် လိုတိုးပိုလျှော့စနစ်ဖြင့်သာ သွားနိုင်ကြောင်းနှင့် စီမံကိန်းများရပ်ဆိုင်းလိုက်ပါက အခန်းကြိုတင်ဝယ်ယူထားသူများ နစ်နာမှုများလာနိုင် သည့်အတွက် တည်ဆောက်ခွင့်ရပ်ဆိုင်းရန်မဖြစ်နိုင်ကြောင်း ပြည်တွင်းမှ ဈေးကွက်သုံးသပ်သူများအသိုင်းဝိုင်းမှ သုံးသပ်ပြောဆိုနေကြသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com