တိုက်ခန်းပိုင်ရေး အလှမ်းဝေးနေဦးမယ့် ပြည်သူတွေ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဗဟန်းမြို့နယ်အမတ် ဒေါက်တာ ညိုညိုသင်းက ပြည်သူတွေအနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို နှစ်ရှည် ချေးငွေစနစ်နဲ့ ဝယ်ယူခွင့်ရရှိရေး တိုင်းအစိုးရက စီစဉ်ပေးဖို့ အဆိုတစ်ခုတင်ခဲ့ပါတယ်။ ထုံးစံအတိုင်း အဲဒီအဆို တိုင်းလွှတ်တော် ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေက ပယ်ချခဲ့ပါ တယ်။ ဒေါက်တာ ညိုညိုသင်း တင်ပြတဲ့ တန်ဖိုး နည်းအိမ်ရာ၊ နှစ်ရှည် ချေးငွေစနစ်ဆိုတာဘာကို ဆိုလိုတာပါလဲ၊ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်တွေကဘာ တွေကို အကြောင်းပြပြီး ဒီအဆိုကို ပယ်ချခဲ့တာလဲ၊ တကယ်ရော ဒီလိုစီမံကိန်းမျိုး ဖြစ်နိုင်ပါရဲ့လား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ဒေါက်တာညိုညိုသင်း တင်ပြတဲ့ ပြည်သူတွေအနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို နှစ်ရှည် ဆပ်စနစ်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးတာမျိုး ကမ္ဘာ့နိုင်ငံအများအပြားမှာ ရှိကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရက စီမံကိန်းရေးဆွဲ၊ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်အောင် ကုမ္ပဏီတွေကို တင်ဒါခေါ်၊ ကန်ထရိုက်ပေး၊ တစ်ဖက်မှာလည်း ငွေပေးချေမှုအဆင်ပြေ အောင်ဘဏ်တွေနဲ့ ချိတ် ဆက် ပေးတာမျိုး ဖြစ်ပါတယ်။ အဲလိုစီမံကိန်းမျိုးလုပ်မယ်ဆိုရင် အရင်ဆုံး အစီအစဉ်ဆွဲရပါမယ်။ မြေနေရာ၊ တိုက်ခန်းတွဲတွေ ဆောက်မယ့် ကုမ္ပဏီ ရှာရပါမယ်၊ အကောင်အထည်ဖော်မယ့် ကုမ္ပဏီအနေနဲ့ ရေ၊ လျှပ်စစ်မီး၊ အိမ်ရာ ပတ်ဝန်းကျင် ဒါမှမဟုတ် မြို့သစ်ပတ်ဝန်းကျင်မှာ လိုအပ်မယ့် ပန်းခြံ၊ ရေကူးကန်၊ အားကစားရုံ စတာတွေ ကို ကိုယ်တိုင်လုပ်မလား၊ တခြားကုမ္ပဏီတစ်ခုခုကို လုပ်စေမလား၊ အဲဒီ အိမ်ရာစီမံကိန်းနယ်မြေ ဒါမှမဟုတ် မြို့သစ်နဲ့ အဓိက မြို့တော်ရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ဘတ်စ်ကားလိုင်း စနစ်စတာတွေ အားလုံးကို စီမံကိန်းရေးဆွဲ ရပါမယ်။
ပြီးရင် စီမံကိန်းအတွက် အစိုးရဘက်က ဘယ်လောက် စိုက်ထုတ်မလဲ (ဥပမာ- မြေကွက်အတွက် ကုန်ကျ တာမျိုး) ကုမ္ပဏီတွေက ဘယ်လောက် စိုက်ထုတ်မလဲ၊ အဲဒီအပေါ်မှာ တိုက်ခန်းတစ်ခန်း ဘယ်လောက် ကုန်ကျမလဲ၊ လုပ်ကိုင်မယ့် ကုမ္ပဏီတွေက ဘယ်လောက် အကျိုးအမြတ်ရမလဲစသဖြင့် တွက်ချက်ကြဖို့လို ပါတယ်။ အဲလိုတွက်ချက်ပြီးရင် တိုက်ခန်းကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ချေးငွေထုတ်ချေးပေး ချင်တဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ရပါမယ်။ ဘဏ်တွေကလည်း နောင်နှစ်ပေါင်း ၂၀-၃၀ မှ ငွေအပြည့် ပြန်ရမယ့်ချေးငွေအတွက် ဖြစ်ပေါ် လာနိုင်တဲ့ ငွေဖောင်းပွမှုတွေကိုပါတွက်ချက်ပြီး အတိုးနှုန်းသတ်မှတ်တာတွေ၊ တိုက်ခန်း ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အာမခံချက်အပါအဝင် စည်းမျဉ်းစည်းကမ်း သတ်မှတ်တာတွေ လုပ်ရပါမယ်။
တကယ်တော့ ဒီလိုစီမံကိန်းမျိုးဟာ အမေရိကန်လို နိုင်ငံမျိုးအပါအ၀င် နိုင်ငံအများအပြားမှာ ရှိကြပါတယ်။ တချို့ စီမံကိန်းတွေမှာ အစိုးရက ကူညီသူအနေနဲ့ ပါဝင်ပြီး အချို့စီမံကိန်းတွေကတော့ ကုမ္ပဏီတွေက သီး သန့်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ အားလုံးသိကြတဲ့အတိုင်း ကုမ္ပဏီတွေကသူ့ဘာ သာသူ ဆောက်ပြီး ရောင်းကြတာဟာ သိန်းထောင်သောင်းချီ အလွန်တန်ဖိုးကြီးတဲ့ ကွန်ဒိုတွေ ရက်စ်စီး ဒင့်တွေ ဖြစ်ကြပါတယ်။ သာမန်ပြည်သူတွေအတွက်ဆိုတာ မရှိပါဘူး၊ တန်ဖိုးနည်းဆိုတာ မပါပါဘူး။
ဒီအဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေ ကန့်ကွက်ရတဲ့ အကြောင်း ရင်းထဲမှာ ဒါဟာ ပြည်ထောင်စု အစိုးရက အကောင်အထည်ဖော်ရမယ့် ကိစ္စဖြစ်တယ်၊တိုင်းအစိုးရလောက် နဲ့ မလုပ်နိုင်ဘူး ဆိုတာပါပဲ။ အဲဒီအမတ်တွေကို မေးဖို့လိုတာက သိပ်မကြာသေးခင်တုန်းက ရန်ကုန်တိုင်း အစိုးရဟာ ဒေါ်လာ ၁၅ ဘီလီယံလောက် တန်ကြေးရှိတဲ့ မြို့သစ်စီမံကိန်းတစ်ခု တင်ပြလာတာကို မှတ်မိ ကြပါသေးရဲ့လားဆိုတာပါ။ ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိတဲ့ စီမံကိန်းဆိုတာ အလွန့်အလွန်ကို ကြီး ကျယ်တဲ့ စီမံကိန်းကြီးပါ။ အခု ဒေါက်တာ ညိုညိုသင်းတင်ပြတဲ့ စီမံကိန်းဟာ အဲဒီလောက်ကြီးမားတာမျိုး မဟုတ်ပါဘူး။ နောက်အစိုးရ ဘတ်ဂျက်ထဲက စိုက်ထုတ်ရမယ့် ကုန်ကျစရိတ်ကလည်း ဒီလောက် များပြား မှာ မဟုတ်ပါဘူး။ အဓိကကတော့ ပြည်သူတွေ တိုက်ခန်းပိုင် နိုင်အောင်၊ အကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေ ထိုက်သင့်တဲ့အမြတ် အစွန်းရအောင် အစိုးရဘက်က စနစ်တကျ စီမံခန့်ခွဲပေးဖို့ပါ ပဲ။ ရန်ကုန်တိုင်းထဲက ပြည်ခိုင်ဖြိုးအမတ်တွေဟာ ပြည်သူတွေ အကျိုးရှိမယ့် စီမံကိန်းမျိုးကို ရှောင်လွှဲလိုက် တဲ့ ပုံပါပဲ။
တကယ်တော့ ရန်ကုန်မှာ အိမ်မဲ့ယာမဲ့တွေလည်း အတော်များပါတယ်။ ကျူးကျော် သက်သက်တောင် အိမ် ထောင် စုပေါင်း လေးသောင်းလောက်ရှိတယ်လို့ စာရင်းတစ်ခုကဆိုပါတယ်။ သန်းဂဏန်း လောက်ရှိတဲ့ ပြည်သူတွေဟာ အိမ်ပိုင်ယာ ပိုင်မရှိဘဲ အငှားဘ၀နဲ့ မတည်မငြိမ်နေထိုင် နေကြရပါတယ်။ ဒီအတွက် ပြည်သူတွေဟာ တန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ နှစ်ရှည်ချေးငွေနဲ့ ၀ယ်ယူနိုင်မယ့် စနစ်တစ်ခု အဲဒါတွေကို မျှော်လင့်နေကြတာပါ။
မကြာသေးခင်တုန်းက ရန်ကုန်တိုင်းအစိုးရက တင်ပြတဲ့ လှိုင်သာယာနဲ့ တွံတေးကြားက ဒေါ်လာ ၁၅ ဘီ လီယံတန် မြို့သစ် စီမံကိန်းဟာလည်း အများပြည်သူကန့် ကွက်မှုကြောင့် သူ့ဘာသာသူပဲ ပြန်ရုပ်သိမ်း သွားပါတယ်။ သတင်းမီဒီယာနဲ့ အများပြည်သူက ဝေဖန်ကန့်ကွက်တယ် ဆိုတာကလည်း မြို့သစ်စီမံကိန်း ကိုကန့်ကွက်တာ မဟုတ်ပါဘူး။ ဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို ဘယ်သူမှမသိတဲ့ ကုမ္ပဏီတစ်ခုကို တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က လျှို့ဝှက်ပြီး လုပ်ကိုင်ခွင့်ပေးလိုက်လို့ပါ။ ထင်သာ မြင်သာမရှိ၊ ရိုးသားပွင့် လင်းမှုမရှိလို့ ကန့်ကွက်ကြတာပါ။ တကယ်လို့ အဲလို စီမံကိန်းမျိုး ပြန်စချင်တယ်ဆိုရင် ပွင့်လင်း မြင်သာမှုရှိရှိ တင်ဒါအပြိုင်ခေါ်တာမျိုးနဲ့ လုပ်ကိုင်ရင် ဖြစ်နိုင်ပါတယ်။
အလားတူပဲ တစ်လ ကျပ်ငွေသုံး သောင်းဘဏ်မှာ သွင်းပါ။ နှစ်နှစ်ပြည့်တာနဲ့ တိုက်ခန်းတစ်ခန်း ရနိုင်မယ်၊ နှစ်ပေါင်း ၃၀ ငွေသွင်းပြီးရင် အဲဒီတိုက်ခန်းကို ပိုင်နိုင်ပါပြီဆိုပြီး ကုမ္ပဏီတစ်ခုက ကြော်ငြာပါသေးတယ်။ တကယ်တော့ အဲဒီကုမ္ပဏီရဲ့ ကြော်ငြာချက်က မဖြစ်နိုင်ပါဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်အပေါ်မှာ လိမ် ညာမှု လုပ်ဖို့ ကြိုးစားတာလို့ မှတ်ယူနိုင်ပါတယ်။ ဒါကြောင့်လည်း အဲဒီကုမ္ပဏီဟာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး၊ ဂျာနယ်တွေမှာ ကြော်ငြာထည့်ပြီး သိပ်မကြာခင် ပျောက်ကွယ်သွားပါတယ်။
ပြောရရင် ပြည်သူတွေရဲ့နေရေး ပြဿနာဟာ အစိုးရအပေါ်မှာ တာဝန်ရှိပါတယ်။ ဖြေကို ဖြေရှင်းပေးဖို့လို အပ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု အစိုးရကပဲ လုပ်နိုင်မယ်၊ တိုင်းအစိုးရ အဆင့်လောက်တော့ မလုပ် နိုင်ဘူးလို့ ခေါင်းရှောင်ဖို့ မသင့်ပါဘူး။ အထူးသဖြင့် ကိုယ်တိုင် အကောင်အထည်ဖော်ရမယ့် အစိုးရအဖွဲ့ ၀င်တွေ မဟုတ်တဲ့ လွှတ်တော်အမတ်တွေက ခေါင်းရှောင်ခဲ့တာဟာ အံသြစရာ အလွန်ကောင်း ပါတယ်။ တကယ်တော့ ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရောင်းချတာဟာ အဆင့်မြင့်အိမ်ရာ ဆောက်လုပ် ရောင်းချ တာနဲ့ စာရင် အကျိုးအမြတ်အလွန် နည်းပါတယ်။ ဒါကြောင့်လည်း အစိုးရအဖွဲ့တွေက တာဝန်ယူပြီး လုပ်ပေးဖို့ လိုအပ်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်တိုင်း လွှတ်တော်ထဲက ပြည်ခိုင် ဖြိုး အမတ်တွေကတော့ ပြည်သူ့အကျိုးလုပ်ပေးဖို့ ဆန္ဒမရှိကြဘူး ဆိုတာကတော့ မှတ်တမ်းဝင်သွားပြီ ဖြစ် ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit: Mizzima