သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
424 Views

သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

Knowledge | Posted by Si Thu Aung

သိကောင်းရာ အိမ်ခြံမြေဥပဒေအမေးအဖြေများကို အပတ်စဉ်တင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီအပတ်မှာလည်း iMyanmarHouse.com ဆီသို့ ပေးပို့လာကြတဲ့ အမေးအများဆုံး အိမ်ခြံမြေဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးလိုက်ပါတယ်။

 

မေးခွန်း (၁) - မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့လိုပါသလား။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုသည်မှာ မြေနှင့်မြေမှ ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ ဆောက်လုပ်ထားသော၊ မြေ၌ စိုက်ထူစွဲကပ်ထားသော (သို့) မြေ၌စိုက်ထူစွဲကပ်ထားသည့်အရာ၌ အမြဲချည်နှောင်စွဲကပ်ထားသော အဆောက်အအုံနှင့် အရာဝတ္ထုများကို ဆိုလိုကြောင်း စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ - ၃(ဃ)တွင် တွေ့ရှိနိုင် ပါသည်။ ယင်းစကားရပ်တွင် မြေ၌ပေါက်လျက်ရှိသည့် သစ်ပင်၊ မရိတ်သိမ်း ရသေးသည့် ကောက်ပဲသီးနှံနှင့် မြက်ပင် တို့တော့ ထိုအထဲတွင် မပါဝင်ပါ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အိမ်ခြံမြေများမှာ မြေငှားစာချုပ်ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင် မြေများပေါ်တွင် တည်ရှိပါက အရောင်းအဝယ်များ၊ ပေးကမ်းခြင်းများ၊ စွန့်လွှတ်ခြင်းများ၊ အမွေဆက်ခံခြင်းများ ဆောင် ရွက်သည့်အခါ မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်နိုင်ပါသည်။

မှတ်ပုံတင်ရာတွင် သတ်မှတ်မြို့နယ်အလိုက် မှတ်ပုံတင်ရုံး၊ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုမှု ပြုရမည်ဖြစ်ပါသည်။ ရန်ကုန်မြို့နယ်အတွင်းဖြစ်လျှင် ရန်ကင်းမြို့နယ် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ - ၁၆ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများကို သတ်မှတ်ဖော်ပြပေး ထားပြီးဖြစ်ပါသည်။ ၎င်းတို့မှာ

- မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို အပိုင်ပေးစာချုပ်၊ - တန်ဖိုးငွေကျပ်(၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ အကျိုးတစ်စုံတစ်ရာဖြစ် စေ‌ရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်သည့် စာချုပ်စာ တမ်းများ၊ - ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်များ၊

- စာချုပ်စာတမ်းများ အပ်နှံ၍ ပေါင်နှံခြင်းမှ တစ်ပါး ပေါင်နှံသူ နှင့် အသိသက်သေများပါ လက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်စာတမ်းများ၊ - ငှားရမ်းခြင်းများတွင် တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းသည့် စာချုပ်စာတမ်းများ၊ - ကုမ္ပဏီတစ်ရပ်ရပ်အနေဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုတနည်းနည်းလွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ အဆို ပါအိမ်ခြံမြေနှင့် ဆက်စပ်နေသော စာချုပ်စာတမ်းများအား မဖြစ်မနေ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ မှတ်ပုံမဖြစ်မနေတင်ရန် ညွှန်ကြားထားသော စာချုပ်စာတမ်းများမှာ မှတ်ပုံမတင်လျှင် အကျိုးသက်ရောက်မှုရှိမှာ မဟုတ် ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - ပါမစ်ပျောက်မြေအား မြေငှားစာချုပ် လျှောက်ထားလို့ရပါသလား။

ပါမစ်မြေမှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ရှိသော မြေအမျိုးအစားဖြစ်ပါသည်။ ပိုင်ဆိုင်မှုအထောက်အထားများ အနေဖြင့် မြေစာရင်းဌာနမှ ရုံးတံဆိပ်အဝိုင်း၊ မြေယာဦးစီးမှူး၏လက်မှတ်၊ အိမ်ဆောက်လုပ်နေထိုင်ခွင့် ခွင့်ပြုမိန့်၊ မိသားစု ဓာတ်ပုံမှတ်တမ်းများ၊ ကိုယ်ရေးရာဇဝင် မှတ်တမ်းအကျဉ်းချုပ်တို့ပါ ပူးတွဲ၍ စာရွက်စာတမ်းများ ထုတ်ပေးထားပါသည်။ အဆိုပါ မူရင်းစာချုပ်စာတမ်းများ စုံလင်မှုမရှိသည့်အခါ (သို့) ပျောက်ဆုံးသွားသည့်အခါ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက် ထားခြင်း ပြုနိုင်ပါသည်။

ပါမစ်မြေကို ပိုင်ဆိုင်ကြောင်း နှင့် စာရွက်စာတမ်းမူရင်းများ အမှန်တကယ် ပျောက်ဆုံးကြောင်း သက်သေတင်ပြနိုင် လျှင် မူလအမည်ပေါက်သူမှ ပါမစ်ပျောက်ဖြင့် မြေငှားဂရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ သက်ဆိုင်ရာ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ကော်မတီထံတွင် မြေယာမှတ်တမ်းများရှိပြီး ဌာနမှ မြေကွက်အမှတ်၊အမည်ပေါက်၊ ဧရိယာ အကျယ် အဝန်းတို့ကို စစ်ဆေးခြင်းပြုနိုင်ပါသည်။ နေအိမ်ဆောက်လုပ်ထားကာ အရပ်ကတိစာချုပ်အဆင့်ဆင့်ဖြင့် လွှဲပြောင်း လက်ဝယ်ပိုင်ဆိုင်သူများမှာ ယခင်က မြေငှားဂရန် လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်ပြီး ယခုရပ်ဆိုင်းထားပါသည်။ မူလအမည်ပေါက်မှာတော့ ဂရန်လျှောက်ထားခြင်း ပြုနိုင်ပါသည်။

ပါမစ်ပျောက်ဖြင့် မြေငှားဂရန်လျှောက်ထားလိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုး ထောက်ခံ ချက်၊ ရဲစခန်းထပ်ဆင့် ထောက်ခံချက်၊ အမှန်တကယ် ပါမစ်စာရွက်စာတမ်းများ ပျောက်ဆုံးကြောင်း ဝန်ခံချက်၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ထားသော ပြေစာများဖြင့် မြေငှားဂရန် လျှောက်ထားရပါမည်။ ဌာနမှ ကန့်ကွက်ချက်များရှိမရှိ ရပ်ကွက်ရုံးတွင် တစ်စောင်၊ မြေပြင်တွင် တစ်စောင် ကပ်စေကာ ကန့်ကွက်မပေါ်ပေါက်လျှင် အထူးတံဆိပ်ခေါင်းခွန် ထမ်းဆောင်စေ၍ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည်။

မြေငှားဂရန်ထုတ်ပေးပြီး ‌နောက်ပိုင်း ပါမစ်မူရင်း အထောက်အထားများ ပြသ၍ ကန့်ကွက်သူ ပေါ်လာလျှင် ဂရန်လျှောက်ထားသူမှ မြေငှားဂရန် ပယ်ဖျက်ခြင်းကို ကျေနပ်လက်ခံကြောင်း မြေငှားဂရန်တွင် တံဆိပ်တုံးရိုက်နှိပ်ကာ လက်မှတ်ရေးထိုးစေခြင်းများလဲ ဆောင်ရွက်ထားပါသည်။ ပါမစ်ပျောက်ဖြင့် ဂရန်ထွက်ထားပြီး ပါမစ်မူရင်းတင်ပြ၍ ကန့် ကွက်လာသည့်အခါ ဌာနမှ သီးခြားသတင်းစာကြေညာ၍ မြေငှားဂရန် ပယ်ဖျက်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ အဘိုး၊အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိပါသလား။

ခရစ်ယာန်ဘာသာဝင်များသည် မိမိပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော ငွေကြေးအပါအဝင်ပစ္စည်းအရပ်ရပ်အား မည်သူက မည်သို့ ထိန်းသိမ်းစောင့်ရှောက်၍ ခွဲဝေယူကြရန် သေတမ်းစာ (Will) ရေးသား၍ မှတ်တမ်းများ ထားရှိခဲ့နိုင်ပါသည်။ သေတမ်းစာဆိုသည်မှာ အမွေရှင်မှ ၎င်း၏ ရည်ရွယ်အား ထုတ်ဖော်ရေးသားထားခြင်းပင်ဖြစ်ကာ ခရစ်ယာန် ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များမှ အစီစဉ်တကျ သေတမ်းစာ ဆောင်ရွက်သူ (Executor) တစ်ဦး (သို့) အများ ခန့်အပ်၍ သေတမ်းစာ ရေးသားဆောင်ရွက်ပါသည်။

သေတမ်းစာမရေးသားခဲ့လျှင် အမွေဆက်ခံရေးဥပဒေနှင့်အညီ အမွေထိန်းစာလျှောက်ထားခြင်း၊ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထားခြင်းတို့ဖြင့် အမွေခွဲဝေခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာဝင် ဘိုးဘွားများ၏ အမွေပစ္စည်းအား မြန်မာဗုဒ္ဓဘာသာဝင် မြေးများမှ အမွေဆက်ခံနိုင်သည့် အခွင့်အရေးများ ရှိပါသည်။ မြေးများ ငယ်ရွယ် သည့်အချိန်တွင် တရားဝင်အုပ်ထိန်းခွင့် အခွင့်အ‌ရေးရရှိသူမှ လျှောက်ထားဆောင်ရွက်နိုင်ပါသည်။

ဦးအရောင်နှင့် မကာကြူမွှေး၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၁၄တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မြေးများသည် ခရစ်ယာန်ဘာသာကိုးကွယ်သူ အဘိုးအဘွား၏ အမွေကို ဆက်ခံခွင့်ရှိကာ အမွေဆက်ခံ‌ရေးအက်ဥပဒေအရ အမွေရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဒေါ်ထန်ဇာရီပါ(၂)နှင့် ဒေါ်နော်ရူဖောပါ (၇)၂၀၀၉ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၄၀ အမှုတွင် သေတမ်းစာမရေးဘဲ ကွယ်လွန်သွားသည့် ခရစ်ယာန်ဘာသာဝင်များ၏ အမွေကို မြန်မာဗုဒ္ဓဘာသာဝင်၊ အမွေဆက်ခံသူ များက အမွေဆက်ခံခွင့်ရှိကြောင်း ဖော်ပြထားသည်ကိုလဲ တွေ့ရှိနိုင်ပါသည်။

အမွေဆက်ခံခြင်းအက်ဥပဒေအရ အမိမဖများ မရှိသည့်အခါ ၎င်းတို့၏ အမွေဝေစုပါအတိုင်း ဆက်ခံခွင့်ရရှိသည်။ မြေးများမှာ အဘိုးအဘွားများနှင့် အတူမနေခြင်းကြောင့်လဲ အမွေဆက်ခံခွင့်မဆုံးရှုံးပါ။ ဘိုးဘွားများထက်အရင် အမိအဖများက အရင်သေဆုံးပါကလဲ အဆိုပါမြေးများကို အမွေမမီမြေးဟု သတ်မှတ်၍ အမွေခွဲဝေပေးခြင်းပြုနိုင်ပါသည်။ အမွေမမီမြေးမှာ သားကြီးသမီးကြီး ဩရသမှ မွေးဖွားထားခြင်းဖြစ်လျှင် ဦးလေး၊ ဒေါ်ရင်းများနှင့်အတူ အမွေပစ္စည်းအား တန်းတူအမွေခွဲဝေခြင်းပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပ
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service