216 Views

သင့်အိမ်လေးက မိုးရာသီမှာ လုံလုံခြုံခြုံနေထိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား ??

မိုးတွင်းကာလလည်း ဝင်ရောက်လာပြီဆိုတော့ သင့်ရဲ့ မိသားစုနေအိမ်လေးက မိုးဒဏ်လေဒဏ်ရေဒဏ် ကောင်းကောင်းခံနိုင်ဖို့ ပြင်ဆင်ထားပြီးပြီလား။ မိုးတွင်းကာလတစ်လျှောက် နေအိမ်လေးဟာ နွေးနွေးထွေးထွေး လုံခြုံမှု ပေးနိုင်ရပါမယ်။ ဒါမှသာ မိသားစုဝင်တွေ မိုးတစ်တွင်းလုံး အဆင်ပြေပြေ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ရေကြောင့် ပျက်စီးမှုတွေကနေ ကာကွယ်ဖို့၊ သက်တောင့်သက်သာဖြစ်ဖို့ ၊ လုံခြုံမှုစိတ်ချရမှုရှိလား၊ ရေနုတ် မြောင်းနဲ့ ရေစီးရေလာကောင်းတဲ့ ရေထွက်ပေါက်တွေကော စနစ်တကျရှိရဲ့လား၊ အိမ်အသုံး အဆောင်ပစ္စည်း ပရိဘောဂတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်လား စသဖြင့် စစ်ဆေးကြည့်ရှုတာမျိုးတွေ လုပ်သင့်ပါတယ်။

ဒီတော့ မိုးရာသီနဲ့ မိုးတွင်းကာလ လေဒဏ်မိုးဒဏ်တွေ ခံနိုင်ရည်ရှိအောင် နေအိမ်လေးကို ဘယ်လိုပြင်ဆင်မ လဲ။ ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


မိုးယိုပေါက်၊ ရေဝင်ပေါက်တွေကို ဖာထေးပါ

ခေါင်မိုးနဲ့ မျက်နှာကျက်၊ နံရံတွေကနေ ရေစိမ့်ဝင်ခြင်းကြောင့် သင့်နေအိမ်အတွင်းပိုင်းကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ မိုးတစ်တွင်းလုံးစာ မိုးရေတွေနဲ့ ထိတွေ့ရမှာဖြစ်တာကြောင့် ခေါင်မိုးတွေ ပေါက်နေသလား၊ အက်ကွဲကြောင်းတွေ ရှိနေသလား၊ မျက်နှာကျက်တွေ ကြွေနေပြီလား၊ နံရံတွေမှာကော ရေစိမ့်ဝင်နိုင်သလားဆိုတာကို စစ်ဆေးပြင်ဆင်ရပါမယ်။ မိုးမတိုင်မီကတည်းက ခေါင်မိုးစစ်ဆေးခြင်းလုပ်ငန်းနဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။


ရေစီးရေလာကောင်းမွန်ဖို့ ရေနုတ်မြောင်းတွေဖော်ပါ

မိုးမတိုင်မီ မြေသားတက်သွားတဲ့ ရေနုတ်မြောင်းတွေ၊ အမှိုက်တွေပိတ်ဆို့သွားတဲ့ မြောင်းတွေကို ပြန်လည်ပြုပြင်ပါ။ ဒါမှ သာ ရေစီးရေလာကောင်းမွန်ပြီး အိမ်အနီးပတ်ဝန်းကျင် ရေဝပ်ခြင်းတွေ၊ ခြင်ပေါက်ပွားခြင်းတွေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေနုတ်မြောင်းနဲ့ ရေလွှဲမြောင်းတွေမရှိတဲ့ ရပ်ကွက်တွေက နေအိမ်ထဲရေဝင်ခြင်း၊ လမ်းမပေါ် ရေကျော်ခြင်း၊ ရေဝပ်ခြင်းဒုက္ခတွေကို နှစ်စဉ်ကြုံတွေ့ရတတ်ပါတယ်။

အဲဒီအခါ တစ်ဦးတစ်ယောက်ချင်းစီကော ရပ်ကွက်နေ ပြည်သူတွေအားလုံးပါ စိတ်ညစ်ရပါတယ်။ ဒါကြောင့် ရေစီးရေလာကောင်းမွန်စေမယ့် ရေမြောင်းတွေ ပြန်လည်တူးဖော်ပြုပြင်တာတွေ လုပ်ပါလို့ အကြံပြုပါတယ်။

ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေ ရေစိမ့်၊ မစိမ့် ကြည့်ရှုပါ

ပြတင်းပေါက်မှန်တွေကြားကနေ ရေစိမ့်ဝင်ခြင်း၊ တံခါးပေါက်တွေ မလုံခြုံခြင်းကလည်း မိုးတွင်းမှာ အခက်ကြုံနိုင်ပါတယ်။ မိုးရွာတိုင်း ရေတွေစိမ့်ဝင်ကာ ကြမ်းပြင်တွေ၊ ပါကေးတွေမှာ ရေစိုပြီးပွခြင်း၊ ရေကြောင့်မှိုတက် ပျက်စီးမှုတွေ ဖြစ်တတ်လို့ပါ။

ရေတံလျှောက်တွေ ပြုပြင်ပါ

မိုးမကျခင်မှာ ရေတံလျှောက်တွေထဲ သစ်ရွက်တွေ၊ အညစ်အကြေးတွေ၊ ဖုန်တွေနဲ့ အမှိုက်တွေ ဝင်နေတတ်ပါတယ်။ အဲဒီ အမှိုက်သရိုက်တွေကို အရင်ဖယ်ရှားပါ။

ဒါမှသာ မိုးရွာထဲအခါ ရေကောင်းကောင်းစီးဆင်းနိုင်ပြီး မိုးရေခံချင်လည်း ရသလို၊ မိုးရေတွေ နေအိမ်ထဲ မဝင်စေဘဲ တခြားလွှဲပေးတာမျိုးတွေအတွက် အဆင်ပြေစေပါတယ်။

အိမ်တွင်းပရိဘောဂအသုံးအဆောင်တွေ နေရာရွှေ့ပြောင်းပါ

သင့်ရဲ့ နေအိမ်မှာ မိုးရေအတွက် မလုံခြုံတာဖြစ်ဖြစ်၊ ရေငွေ့ပျံ ရေစိုစွတ်နိုင်တာဖြစ်ဖြစ် ရှိတတ်တယ်ဆိုရင် အိမ်ထောင်ပရိဘောဂအသုံးအဆောင်တွေကို အဲဒီပြဿနာတွေဖြစ်နိုင်တဲ့ နေရာကနေ ရွှေ့ပြောင်းထားလိုက်ပါ။

 

ပြင်ပပတ်ဝန်းကျင်ပြင်ဆင်မှုတွေလုပ်ပါ သင့်ရဲ့ မိသားစုနေအိမ်နဲ့ မိသားစုဝင်တွေ မိုးတွင်းမှာ ဘေးကင်းလုံခြုံဖို့ဆို ပြင်ပပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ သစ်ပင်အကြီးကြီးတွေ ရှိတဲ့ အောက်က သင့်အိမ်ကို သစ်ပင်ပြိုလဲခြင်းဒဏ်ကနေ ကာကွယ်ဖို့ သစ်ကိုင်း အခက်အလက်တွေ ခုတ်တာမျိုးတွေ လုပ်ပါ။ ဓာတ်မီးကြိုးတွေ ပေါက်ပြဲနေတာ၊ မီးကြိုးတွေပြုတ်ကျနေတာ မျိုးတွေက မိုးတွင်းမှာ သိပ်ကို အန္တရာယ်များပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့ နေအိမ်ပတ်ဝန်းကျင်မှာ လျှပ်စစ်ဓာတ်အားအန္တရာယ်မရှိရလေအောင် ကြိုတင်ပြင်ဆင်မှုတွေ မဖြစ်မနေလုပ်ပါလို့ အကြံပေးချင်ပါတယ်။

အိမ်တွင်းသက်တောင့်သက်သာရှိမှုနဲ့ သန့်ရှင်းမှုအတွက်လည်း ပြင်ဆင်ပါ လေဝင်လေထွက်ကောင်းဖို့နဲ့ စိုထိုင်းဆကို ထိန်းညှိဖို့အတွက် ပြတင်းပေါက်နဲ့ နေရောင်ခြည်ရအောင် လုပ်ပါ။ မိုးရွာပြီးချိန်တွေမှာ စိုစွတ်မှုတွေ မရွိတဲ့၊ မှိုအနံ့အသက်တွေ မရွိတဲ့ နေအိမ်ခန်းတွေက သင့်နေအိမ်အတွက် သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။

မြွေ၊ တီနဲ့ အင်းဆက် အကောင်တွေ အိမ်ခန်းတွင်းတွေထဲ ဝင်ရောက် ခိုအောင်းနိုင်တဲ့ အန္တရာယ်ကိုလည်း သတိပြုပါ။ အိမ်ပတ်ဝန်းကျင် ရေကြီးရေလျှံဖြစ်လာတဲ့အခါ မြွေနဲ့ အကောင်ဆိုးတွေက အိမ်ခန်းတွေတွင်း ခိုဝင် ခိုအောင်းလာတတ်လို့ပါ။ ဒီအချက်ဟာ အရေးကြီးလို့ မိသားစုဝင်တွေနဲ့ ကလေးငယ်တွေအတွက် ကြိုတင်ကာကွယ်ဖို့နဲ့ စစ်ဆေးမှုတွေ မကြာခဏပြုလုပ်ပေးပါ။

အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးကတော့ မိုးတွင်းကာလ သင့်နေအိမ်လေးမှာ လုံလုံခြုံခြုံနဲ့ သက်သောင့်သက်သာ နေနိုင်ရေးအတွက် ကြိုတင်ပြင်မှုတွေပဲဖြစ်ပါတယ်။ လုံခြုံနွေးထွေးတဲ့ နေအိမ်လေးမှာ iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်ကြီးနဲ့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ကြပါစေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App