ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
သက်ရှိတို့ ၏ အတပ်မက်ဆုံးဆန္ဒ မှာ အသက်ရှင်နေထိုင်လိုခြင်းဖြစ်သည်။ အသက်ရှင်ရန် အတွက် နည်းမျိုးစုံဖြင့် ကြိုးစားကြသည်။ ယနေ့ခေတ်တွင် အကြမ်းဖက် တိုက်ခိုက်ခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အန္တရာယ်အသွယ်သွယ်ကို ကြုံတွေ့နေရသည်။ အထူးသဖြင့် နိုင်ငံရေးသမား၊ နံမည်ကျော်လုပ်ငန်းရှင် နှင့် သူကြွယ်တို့သည် အများဆုံး ပစ်မှတ်ထားခံရသည်။ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ ထူပြောသည့် နိုင်ငံများတွင် တာဝန်ထမ်းဆောင် နေကြသည့် သံတမန်များ၊ ကုမ္ပဏီကြီးများ၏ ထိပ်တန်း အရာရှိကြီးများ သည် ပစ်မှတ်ထားတိုက်ခိုက် ခံနေရသည်။
ဇောတိက တို့သည် ရုံးအဆောက်အအုံ နှင့် စံအိမ် အတွက် လက်နက်ကိုင် အစောင့် အကြပ်များ ငှားရမ်းရုံမျှ မက စံအ်မ်လုံခြုံရေး အတွက် အစီအမံများလုပ်ထားကြသည်။ အန္တရာယ် မှ ရှောင်ပုန်းရန် panic room သို့မဟုတ် safe room ခေါ်ဝေါ်သည့် လုံခြုံရေး ကတုတ်ကျင်းများ ကို တည်ဆောက် ထားကြသည်။
ကုဋေကြွယ်လုပ်ငန်းရှင် 'အယ်လ် ကော်ဘီ' သည် ဟောလီဝုဒ် တောင်ကုန်းပေါ် ရှိ စံအိမ် တွင် နေထိုင်သည်။ အိမ်အတွင်း တွင် တန်ဖိုးကြီးအနုပညာလက်ရာမွန်များ ကို ချိတ်ဆွဲထားပြီး တနံတလျား ကျယ်ဝန်း သည့် ပြတင်းပေါက် မှ လော့အိန်ဂျလိစ်မြို့ ကို အံ့မခန်း မြင်တွေ့ရ သည်။ အနီးအနားရှိ အိမ်များနှင့် မတူသော ထူးခြားချက် သူ့စံအိမ်တွင် ရှိ နေသည်။ သူ့စံအိမ် တွင် အမျိုးသားလုံခြုံရေးအေဂျင်စီဌာနချုပ်၏ လုံခြုံရေးအစီအမံများ ကဲ့သို့ သူ့အိမ်တွင် တပ်ဆင်ထားသည်။
အိမ်သူအိမ်သားများသည် အိမ်တွင်းသို့ ဝင်ရာတွင် သော့မလို။ စောင့်ကြည့်ကိရိယာ များ က ကွန်ပြူတာဖြင့် မှတ်သားထားသော အိမ်သားများ၏ မျက်နှာသွင်ပြင်၊ ကိုယ်နေဟန်တို့ကို တိုက်ဆိုင်စစ်ဆေးလျက် တံခါးဖွင့်ပေးသည်။ စံအိမ် အောက်ပေ သုံးဆယ် အနက် အထိမြုပ်ထားသော အောက်ခံ အဖြစ်သံကူကွန်ကရစ် လှောင်အိမ် က ငလျင် ဒဏ်ခံနိုင်စေရန် ထောက်ကူပေးထားသည်။ ၂၅ဝဝ စတုရန်းပေ ကျယ်ဝန်းသည့် လုံခြုံရေး ကတုတ်ကျင်း တစ်ခုလည်း ထည့်သွင်း တည်ဆောက်ထားသည်။
လုံခြုံရေးအခန်းတွင်း လျှပ်စစ်ဓါတ် အတွက် ဘူမိစွမ်းအင် (Gerothermal) ကို အသုံးပြု ထားခြင်း ကြောင့် ပြင်ပ လျှပ်စစ်မလိုအပ်။ ကျူးကျော်ဝင်ရောက်လာသူ က အများသုံး လျှပ်စစ်ကြိုး ကို ဖြတ်တောက်လိုက်သည့် တိုင် စိုးရိမ်စရာမလိုပေ။ ကတုတ်ကျင်းသည် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးသည့်အပြင် အနုမြူဗုံးမှ ရောင်ခြည်ဖြာထွက် လာခြင်းကို ကာကွယ်ထားသည်။
အိမ်တွင် လုံခြုံရေးအခန်းများ ထည့်သွင်းတည်ဆောက်နေကြခြင်းကို ကြောက်တတ်ရန် ကောဟု မေးငေါ့စရာ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဆိုစေ ငွေကြေးတတ်နိုင်သူများက နေအိမ်အတွင်း လျှို့ဝှက်လုံခြုံရေးအခန်း များ ကို ထည့်သွင်းတည်ဆောက်လာကြသည်။ ထိုအခန်းများ ရှိနေသည်ကို သာမန်အားဖြင့် မသိနိုင်အောင် စီမံတည်ဆောက်ထားသည်။
စက်တင်ဘာ ၁၁ ရက်နေ့ နယူးယောက်မြို့ ကုန်သွယ်ရေးတိုက်ညီနောင် တိုက်ခိုက် ခံရပြီးနောက် အမေရိကန်ပြည်သူများ ထိတ်ထိတ်လန့်လန့်ဖြစ်လာသည်။ တိုက်ခိုက်ခံရမည်ကို ကြောက်လန့်ကာ စိုးရိမ်လွန်စိတ္တဇ (paranoid) ခံစားရသော အနေအထားသို့ ရောက်လာသည်ဟု မီဒီယာများ က ဆိုသည်။
သန်းကြွယ်သူဌေး၊ ရုပ်ရှင်ငွေကြယ်ပွင့် တို့သာမကဘဲ လူလတ်တန်းစားများပင် အိမ်တွင်း ခံတပ်ကလေးများကို ထည့်သွင်း တည်ဆောက်လာကြသည်။ ယင်းသို့ လုံခြုံရေး ကတုတ်ကျင်း ထည့်သွင်းတည်ဆောက်ထားသည့် အိမ်များသည် အိမ်ခြံမြေဈေးကွက်တွင် ဈေးကောင်းလာသည်ကို တွေ့ရသည်။
၂ဝ၁၂ ခုနှစ်တွင် မိုင်ယာမီ ၌တည်ဆောက်ပြီးစီးခဲ့သောအိမ်တစ်လုံးတွင် ရေမီးအစုံ လုံခြုံရေး အခန်းထည့်သွင်းတည်ဆောက်ထားသည်။ ထိုအခန်းအတွက် သီးသန့်မီးပေးစက် နှင့် လေသွင်း လေထုတ်စက် တပ်ဆင်ထားသည်။ စောင့်ကြည့်ကင်မရာ နှင့်အနီအောက်ရောင်ခြည် ထောက်လှမ်း ရေးကိရိယာများ လည်းပါဝင်သည်။ ယမန် နှစ် က ထိုအိမ် ကို ဒေါ်လာ ၄၇ သန်း ဖြင့် အရောင်းအဝယ် ဖြစ်သွားသည်။ မိုင်ယာမီ ဒိတ်ကောင်တီ တွင် ဈေးအမြင့် ဆုံး အရောင်းအဝယ် ဖြစ်သည်။
''ကျွန်တော့အမြင်ပြောရရင် ဒီလုံခြုံရေးအခန်းကို သုံးဖြစ်ပါ့မလား။ တစ်ခါမှ မသုံးရဘဲလဲ ဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လုံခြုံရေးအခန်းပါနေတာ ကိုက ရောင်းရတာ လွယ်ကူတယ်။ '' ဟု အိမ်ကိုရောင်းပေးခဲ့သူ ပွဲစား က ဆိုသည်။
အိမ်လုံခြုံရေး ကို ဆောင်ရွက်ရာတွင် အိမ်ခြံဝင်း လုံခြုံရေးအတွက် အစောင့်ငှားရမ်း ရသည် မှာ စရိတ်စက ကုန်ကျလွန်းသည့်အတွက် နည်းလမ်းသစ် ကို ရှာဖွေကြသည်။ လုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် FLIR က တည်ထွင်သည့် အနီအောက်ရောင်ခြည်သုံး ကင်မရာ (infrared camera) သည် လူခန္ဓာကိုယ်မှ ထုတ်လွှတ်သော အပူလှိုင်းကို ဖမ်းယူ ဖော်ထုတ်နိုင်စွမ်းရှိသည်။ မီးခိုးမြူမှုံ၊ မိုးရေစက် စသည့် ဆိုးရွားသော ရာသီဥတုအခြေအနေတွင်ပင် ဖော်ထုတ် သိရှိနိုင်သည်။ လူသား၏ ခန္ဓာ ကိုယ်မှ ထုတ်လွှတ်သော အပူလှိုင်းသည် သစ်ပင် နှင့် တိရစ္ဆာန် တို့မှ ထုတ်လွှတ်သော အပူလှိုင်းများ ထက်များစွာ ပိုကဲသည်။ ထို့ကြောင့် သစ်ပင်ခြုံပုတ်တို့ နောက်တွင် ပုန်းကွယ်နေသည့် တိုင် အနီအောက်ရောင်ခြည် ကင်မရာ က ဖော်ထုတ်နိုင်သည်။ သာမန် အားဖြင့် တစ်ကီလိုမီတာ အကွာအဝေး တွင်ရှိ လူကို ဖော်ထုတ်နိုင်ပြီး ထိပ်တန်း ကင်မရာ က ၁၅ ကီလိုမီတာ အဝေး ထိ ထောက်လှမ်း နိုင်စွမ်းရှိသည်။
ပြတင်းပေါက်များ သည် အိမ်တွင်းသို့ ချဉ်းနင်းဝင်ရောက်ရန် အလွယ်ကူဆုံးဝင်ပေါက် ဖြစ်သည်။ ပြတင်းပေါက်မှန်ကွဲသွားသည်ကို အချက်ပေးနိုင်သော ကိရိယာများရှိသည်။ ဒေါ်လာပြား အကြွေစေ့အရွယ်သာရှိသော ကိရိယာလေးကို ပြတင်းပေါက်မှ ၁၅ ပေအတွင်း တပ်ဆင်ထားနိုင် သည်။ အရွယ်အစားသေးငယ် သဖြင့် အလွယ်တကူဖျောက်ထားနိုင်သည်။ အချို့ က ပြတင်းပေါက်တွင် မကွဲနိုင်သော ဖလင်ပြား ကပ်ထားကြသည်။ ယင်းသို့ ကပ်ထားပါက တူဖြင့် ထုလျင်ပင် ပြတင်းပေါက် မှန် မကွဲနိုင်ပေ။
ကျူးကျော်ဝင်ရောက်လာသူ ရောက်နေသော အခန်းတွင်းသို့ ဓါတ်ငွေ့ ခန်းလုံးပြည့် လွှတ်ပေးခြင်း ဖြင့် မသွားတတ် မလာတတ်အိမ်တွင်း လမ်းစပျောက်နေစေရန် လည်း လုပ်ထားနိုင်သည်။ ကျူးကျော်ဝင်ရောက်လာသူ အပေါ်သို့ ငရုတ်ကောင်းမိုးရွာချနိုင်သည်။ ထို့ထက် တစ်ဆင့်ပို၍ လူကို ၂၄ နာရီကြာ အကြောသေစေနိုင်သော ဓါတ်ငွေ့ ကို လည်း အသုံးပြုနိုင် သည်။
မျိုးရိုးဗီဇ (NDA)တစ်မျိုး ကို လူဆိုးများကိုယ်ပေါ်သို့ ပက်ဖြန်းပေးနိုင်သည်။ ယင်းသို့ ဖြန်းထားသည် ကို လူဆိုးများက မသိနိုင်။ ကပ်ငြိနေသည့် ထိုဒီအန်အေသည် ခန္ဓာကိုယ်ပေါ်တွင် ရက်သတ္တပတ်ပေါင်းများစွာ မပျောက်မပျက် တည်ရှိနေမည် ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မသင်္ကာသူစာရင်းဝင်များကို အဆိုပါ ဒီအန်အေ ခန္ဓာကိုယ်ပေါ်တွင် ရှိနေ မနေကို ခရမ်းလွန် ရောင်ခြည်ဖြင့်စစ်ဆေးသိရှိနိုင်သည်။ ထိုဒီအန်အေသည် ဓါတ်ခွဲခန်း တွင် သီးခြားဖန်တီးထားသဖြင့် ကမ္ဘာပေါ်ရှိ လူသားအပါအဝင် မည်သည့်သက်ရှိတိရိစ္ဆာန် နှင့် အပင်တို့ ၏ ဒီအန်အေ နှင့် မတူညီပေ။ လက်ဗွေပုံစံ ကဲ့သို့ ပင် အားကိုးရသော သက်သေခံ ဖြစ်သည်။
ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အပူလှိုင်းကြောင့်အခန်းအပူချိန် ရုတ်တရက် ပြောင်းလဲ သွားသည် ကို သိရှိ အချက်ပေးနိုင်သော အာရုံခံကိရိယာများ ကိုလည်း တပ်ဆင်အသုံးပြု နေကြပြီ ဖြစ်သည်။
အဆိပ်ငွေ့ဗုံး နှင့် ဓါတ်ငွေ့ဗုံး တို့ ဖြင့် တိုက်ခိုက်မှု ကို အထူးသဖြင့် နယူးယောက် တွင် နေထိုင်သူများ က ကြောက်ရွံ့နေကြသည်။ ၄င်းတို့ အတွက် လေသန့်စင် ကိရိယာ ကို နေအိမ် တွင် တပ်ဆင်ပေးနိုင်သည်။ အိမ်တွင်းမှ လေများ ကိုသန့်စင်ပြီး ချက်ချင်း စုပ်ထုတ်ပစ်ပြီး ပြင်ပ မှ လေကောင်းလေသန့် ကို အဆက်မပြတ်မှုတ်သွင်း ပေးသော စနစ်ဖြစ်သည်။
တံခါးသည် အခန်း၏ အားအနည်းဆုံး နေရာဖြစ်သည်။ ထို့ကြောင့် အခိုင်ခန့်ဆုံး ဖြစ်ရန် လိုအပ်သည်။ အမေရိကန်လုံခြုံရေးတံခါး များ ထုတ်လုပ်သည့် ကုမ္ပဏီ (American Safe Door Company) သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အပါအဝင် ကော်ပိုရေးရှင်း ရုံးများ နှင့် သူကြွယ်အိမ်များ အတွက် လုံခြုံရေးတံခါးများ ကို တပ်ဆင်ရောင်းချ နေသည်။ တံခါးတစ်ချပ် ၏ အနိမ့်ဆုံး ဈေးမှာ ဒေါ်လာ နှစ်သောင်းဖြစ်သည်။ တံခါးများ တွင် ကျည်ဆံ မဖောက်ထွင်းနိုင်သော သံလိုက်သော့အိမ် (Electromagnetic Lock) တပ်ဆင် ထားသည်။
လုံခြုံသော အိမ်တစ်လုံးဖြစ်စေရန် ပထမဆုံး ဆောင်ရွက်ရမည့် အလုပ်မှာ တံခါးရွက်များ ကို လဲလှယ်တပ်ဆင်ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် အပြင် မှ အတွင်းသို့ ဝင်သော တံခါးများသည် ခိုင်ခန့်သော တံခါးများဖြစ်သည်။ ပင်မ ဝင်ပေါက် တံခါး နှင့် ဆင်တူ တံခါးများကို အိမ်တွင်း ၌ တပ်ဆင်လေ့ရှိကြသည်။ သို့သော် အိမ်တွင်းတံခါးများ သည် တံခါးမကြီးလောက် ခိုင်ခန့်မှု မရှိသော ဈေးသက်သာ သော တံခါးများဖြစ်နေတတ်သည်။ အိမ်အဝင်တံခါးသည် လုံလောက်သော တောင့်တင်းခိုင်မာ မှုမရှိ ဟု တည်ဆောက်သူများ က ယူဆပါက သတ္တု အားဖြည့် တံခါးများဖြင့် အစားထိုးတပ်ဆင်သည်။
တံခါးရွက် သည် ခိုင်ခန့်ရုံမျှ မက တံခါးဘောင်များသည် လည်း မကျိုးမပဲ့ ပြုတ်မထွက်နိုင် ရန် လိုအပ်သည်။ တံခါး ကို ပြင်းထန်စွာ တွန်းတိုက်လိုက်လျင် ဖြစ်တတ်သည် မှာ တံခါးဘောင်ကျိုးသွားခြင်း ဖြစ်သည်။ တံခါးမင်းတုံး ကို တံခါးရွက် တွင် မတပ်ဆင်ဘဲ ခိုင်ခန့်သော တံခါးဘောင်အတွင်း မှ မင်းတုံးထွက်လာ ကာ ပိတ်သော နည်းသည် ပိုမိုလုံခြုံ သည်။ တံခါးရွက်သာ မက ပတ္တာများသည်လည်း သံမဏိဖြင့်ပြုလုပ်ထားရမည်။
လုံခြုံရေးအခန်း တံခါး သော့တံဖြင့်ဖွင့်ရသော သော့အမျိုးအစားကို မသုံးပေ။ ကုတ်နံပါတ် ရိုက်သွင်းရသော့ (Key Pad) သော့၊ မျက်လုံးသူငယ်အိမ် နှင့် လက်ဗွေ (Retinal of Fingerpint Scan) တို့ ဖြင့် ဖွင့် ရသော သော့ ကို သုံးကြသည်။
တည်ဆောက်သည့် ကန်ထရိုက်တာ၊ အိမ်အကူဝန်ထမ်း နှင့် ဆက်စပ်ဝန်ထမ်းများက အိမ်တွင် လုံခြုံရေးအခန်းထည့်သွင်း တည်ဆောက်ထားသည် ကို မည်သူကိုမျှ ထုတ်ဖော် မပြောဆိုပါ ဟု ခံဝန်ချုပ် ကို လက်မှတ်ရေးထိုးကြရသည်။ ဆောက်လုပ်ရေးလုပ်သားများ နှင့် အိမ်အကူများသည် ရာဇဝတ်မှု နှင့် ကင်းရှင်းမှု ရှိ-မရှိ နောက်ကြောင်း အစစ်ဆေးခံရသည်။ လုံခြုံရေးအခန်း ကို တည်ဆောက်ပေးရန် ကန်ထရိုက် ချုပ်ဆိုသည့် စာချုပ်တွင် အိမ်ပိုင်ရှင် အမည်ကို ဖော်ပြလေ့မရှိ။ ထို့ပြင် အိမ်ဆောက်လုပ်ခွင့်အတွက် ခွင့်ပြုမိန့်တင်ရာတွင် လုံခြုံရေးအခန်းကို အိမ်ပုံစံတွင် ထည့်သွင်းမဖော်ပြဘဲ လုံခြုံရေးအခန်း၏ ပုံစံ ကို သီးခြား တင်ပြရသည်။ ထိုပုံစံ ကို မသက်ဆိုင်သူများ ကြည့်ရှုခွင့် မရှိပေ။
လုံခြုံရေးအခန်းများကို တည်ဆောက်ပေးနေသည့် နံမည်ကျော်အမေရိကန် ကုမ္ပဏီ များ သည် အမေရိကန်တွင် သာမက ကမ္ဘာတလွှားရှိ အစိုးရအိမ်တော်၊ နန်းတော်၊ ရုံး၊ သံရုံး နှင့် စံအိမ်များ တွင် တည်ဆောက်ပေးလျက်ရှိသည်။ ထိုအခန်းများသည် စတုရန်းပေ ထောင်ကျော်အထိ ရှိသည်။ ထွက်လမ်းဖြစ်သော လျှို့ဝှက်လှိုင်ခေါင်းသည် မြေပြင်အောက် ပေ ၃ဝကျော်အထိ ရှိတတ်သည်။ စာအုပ်ဘီရို၊ မီးလင်းဖို၊မှန်တင်ခုံ စသည်ကို တွန်းရွှေ့လိုက်ရုံဖြင့် လျှို့ဝှက် ကတုတ်ကျင်းသို့ ဝင်ပေါက်ပေါ်လာသည်။ တစ်ခါတရံ ကြမ်းပြင်ရှိ လျောတံခါးံမှ တဆင့် မြေအောက် အခန်းသို့ရောက် သွားသည်။
လုံခြုံရေးအခန်း တစ်ခန်း တည်ဆောက်မှု အတွက် အနည်းဆုံး ကုန်ကျစရိတ် သည် ဒေါ်လာ ၆၅ဝဝ ဖြစ်သည်။ လျှို့ဝှက်ထည့်သွင်းတည်ဆောက်ခြင်း ဖြစ်သဖြင့် နေအိမ်တွင် အဆောင်သစ် မတိုးချဲ့ဘဲ ရှိပြီးသားအခန်းတစ်ခန်းကို လုံခြုံရေးအခန်းအဖြစ် ပြောင်းလဲ တည်ဆောက်သည်။ ဝိုင်အရက် သိုလှောင်ခန်း၊ စာကြည့်ခန်း၊ နားနေခန်း၊ အလှပြင်ခန်း စသည့် အခန်း မျိုး ကို အသွင်ပြောင်း တည်ဆောက်ယူသည်။ ရှိပြီးသား အခန်းများသည် မည်သို့မျှ မသင့်တော် သည့်အခါတွင် သာ အိမ်တွင်း ၌ တစ်နေရာ ကို အခန်းဖွဲ့ခြင်း၊ မြေအောက်တွင် တည်ဆောက်ခြင်း တို့ လုပ်ကြသည်။
ဖြစ်နိုင်ပါက ပြတင်းပေါက်မရှိသော အခန်း ကို ရွေးချယ်သည်။ ရေချိုးခန်း နှင့် အိမ်သာ တို့ ကို အများအားဖြင့် လုံခြုံရေးအခန်းအဖြစ် ပြောင်းလဲ တည်ဆောက်ကြသည်။ ယင်းသို့ အခါမျိုးတွင် ပြတင်းပေါက် မှန်များ ကို ကျည်ကာ မှန်ဖြင့် အစားထိုးရသည်။ အခန်း နံရံများသည် အပေါက်အဖာမရှိသော အခန်းဖြစ်ရန် လိုအပ်သည်။ အခန်းတွင်းမှ တယ်လီဖုန်းခေါ်သံ၊ မိသားစုအချင်းချင်း တီးတိုးပြောသံတို့ က ပြင်ပ မကြားနိုင်စေရန် အသံလုံပြားများ နံရံ တွင်ကပ်ထားရသည်။
အခန်းနံရံများ သည် ပေါက်ကွဲမှု ဒဏ်ခံနိုင်ရမည်။ ပေါက်ကွဲမှု အား မည်မျှ ကို ခံနိုင်သည် ဆိုသည့်အချက် ပေါ်မူတည် လျက် ဈေးနှုန်း ကွာခြားမှု ရှိသည်။ သံမဏိ မျက်နှာကျက် များ ကို အသုံးပြုကြသည်။
အပေါ်ထပ် အိပ်ခန်း နှင့် ကပ်လျက် တွင် လုံခြုံရေးအခန်း ကို တည်ဆောက် သည့်အခါ အလေးချိန် ကြောင့် ပြုတ်ကျခြင်း မဖြစ်စေရန် ဒဏ်ခံ အပေါ့စားပလပ်စတစ် အကာအရံ နှင့် မျက်နှာကျက် ကို သုံးလေ့ရှိသည်။ သို့စဉ်တိုင် သဘာဝဘေးဒဏ်မှ ကာကွယ်ရန် ဆိုပါက မြေညီထပ် သည် အလုံခြုံဆုံးဖြစ်သည်။
အချက်ပေးစနစ် သည် အိမ်လုံခြုံရေး အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ ကုန်မာ ဆိုင်များ တွင် ရောင်းချနေသည့် ၂၅ ဒေါ်လာတန် မှ သောင်းကျော်တန်ဖိုးရှိသည့် စနစ်များ ထဲ မှ သင့်လျော်ရာ ကို ရွေးချယ်တပ်ဆင်နိုင်သည်။ လုံခြုံရေးအခန်းတံခါး သော့ သည် စပရိန် မပါသော မင်းတုပ်သော့ ဖြစ်ရန် လိုအပ်သည်။ အထဲတွင် မတော်တဆ ပိတ်မိ မနေစေရန် အိမ်သား အားလုံး ကို တံခါးပိတ်ပုံ ဖွင့်ပုံ ကို အကြိမ်ကြိမ် လေ့ကျင့်ထားရမည်။
လုံခြုံရေးအခန်းပြင်ပတွင် ဖြစ်ပျက်နေသည်များ ကို စောင့်ကြည့်ရန် ကင်မရာ အနည်းဆုံး လေးလုံးလိုအပ်သည်။ စကရင်မျက်နှာပြင်ပေါ်တွင် အနည်းဆုံး လေးကန့်ခွဲပြီး မြင်ရသော စနစ်မျိုး ဖြစ်ရန် လိုအပ်သည်။
လုံခြုံရေးအခန်း အတွင်း မှ ပြင်ပ သို့ဆက်သွယ်ရာတွင် လက်ကိုင်ဖုန်းလှိုင်း အားနည်း ပါက သီးသန့်ကြိုးလိုင်းတပ်ဆင်ထားရန်လိုအပ်သည်။ အားသွင်းပြီးလက်ကိုင်ဖုန်းတစ်လုံး မက အခန်းတွင်း အမြဲဆောင်ထားရသည်။ ရဲ နှင့် မိတ်ဆွေများ ကို အတွင်း မှ နေ၍ အကူအညီတောင်းနိုင်ရန် ဆက်သွယ်ရေးသည် မရှိ မဖြစ်လိုအပ်သည်။ ရဲ နှင့် မီးသတ် အသုံးပြုသော စီဘီ အသံလွှင့်စက်လည်း တပ်ဆင်ထားရမည်။
အခန်းထဲတွင် အချိန် အတန်ကြာ ပုန်းအောင်းနေနိုင်ရန် တာရှည်ခံရိက္ခာ ထားရှိကြသည်။ ဓါတ်ငွေ့ကာမျက်နှာဖုံး၊ အနုမြူ နှင့် ဓါတ်ငွေ့တို့ဖြင့် တိုက်ခိုက်မှု ကို အကာအကွယ်ရစေရန် ပိုတက်စီယမ် အိုင်အိုဒိုင်းဆေးပြား များ အခန်းတွင်း ၌ ဆောင်ထား သည်။ လက်နှိပ်ဓါတ်မီး၊ အရံဓါတ်ခဲ တို့ သည် လည်း မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်သည်။
အချို့ က သန့်စင်ခန်း ကို ထည့်သွင်းထားသည်။ သန့်စင်ခန်း အတွက် နှင့် တစ်ကိုယ် ရေ သုံးရန် အတွက် ရေသိုလှောင်ထားရန် သီးသန့်နေရာလိုအပ်မည်ဖြစ်သည်။ လူတစ်ဦး တစ်နေ့ အတွက် ရေတစ်ဂါလံနှုန်းဖြင့် တွက်ချက် သိုလှောင်ထားရန်လိုအပ်မည်။
အချို့ က လုံခြုံရေး ကတုတ်ကျင်း ကို အိမ်သားများ ပုန်းခိုရန်သာမက လက်ဝတ်ရတနာ၊ ရှေးဟောင်းပန်းချီပန်းပု လက်ရာ၊ စာချုပ်စာတမ်း စသည့် အဖိုးတန် ပစ္စည်းများ ကို သိမ်းဆည်း ထားသော နေရာ အဖြစ်အသုံးပြုကြသည်။ ယင်းသို့အသုံးပြုမည်ဆိုပါက အခန်းတွင်း စိုထိုင်းဆ ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါ က ပန်းချီ နှင့် ပန်းပုလက်ရာများ ရေငွေ့ ကြောင့် ပျက်စီးသွားနိုင်သည်။
ရှေးဦးသူနာပြုဆေးသေတ္တာ၊ အဝတ်အစားအပို၊စောင်၊ စာကြည့်မျက်မှန်အပို၊ အကြွေး ဝယ်ကတ်၊ ငွေကြေး အချို့ နှင့် အပေါက်ဖာတိတ်ပြားများကို အခန်းအတွင်း ဆောင်ထားသင့်သည် ဟု တရားရေးဌာန ၏ လုံခြုံရေး အခန်းများအတွက် အကြံပြုချက် တွင် ဖော်ပြ ထားသည်။
လုံခြုံရေးအခန်းသည် လေလုံပိတ်အခန်းဖြစ်သဖြင့် အခန်းအပူချိန် နှင့် စိုထိုင်းဆ ကို ထိန်းသိမ်းသော ကိရိယာတပ်ဆင်ထားရသည်။ မီးပေးစက် မှ ကာဘွန် ဒိုင်အောက်ဆိုက် များ ထွက်မလာစေရန် မီးပေးစက် ကို သီးခြားတစ်နေရာတွင် ထားရသည်။ အသံလုံသော မီးပေးစက် ဖြစ်ရန် လိုအပ်သည်။
သူကြွယ်တို့ ၏ လုံခြုံရေး အခန်းများ သည် သာမန်ပုန်းခိုရန်သာမက ပုန်းခိုရသည့် တခဏ တွင် ပင် ဇိမ်ခံလိုကြသည်။ ထို့ကြောင့် အရက်ဘား၊ ရုပ်မြင်သံကြား စသည့် ဖျော်ဖြေရေး ကိရိယာများ၊ ရေနွေးကန် စသည် တို့ပါ ထည့်သွင်း တည်ဆောက်ကြသည်။ အချို့ဆိုလျင် လူကြီးများ အတွက် တစ်ခန်း၊ ကလေးများ အတွက် တစ်ခန်း သီးသန့် ဆောက်ကြသည်။ ထို လုံခြုံရေးအခန်းများ ၏ အကျယ်အဝန်း သည် အနည်းဆုံး စတုရန်း ပေ တစ်ထောင် ကျော် သည်။
အိမ်စတင်ဆောက်လုပ်စဉ်က ပင် လုံခြုံရေးအခန်း ကို ထည့်သွင်းတည်ဆောက် ခြင်း သည် စရိတ်အသက်သာဆုံး ဖြစ်သည်။ အိမ်ပုံစံဆွဲသည့်အချိန်တွင် အလုပ်ခန်း ဟု ဖော်ပြထား သော အခန်း ကို ပုံစံတွင်ထည့်သွင်းရေးဆွဲထားပြီး မည်သည့်အခန်းမျိုးဖြစ်သည်ကို ဆောက်လုပ်ရေး ကန်ထရိုက်တာ ကို မပြောဘဲထားရသည်။ ထိုနောက် တွင် မှ လုံခြုံရေး အခန်း တည်ဆောက်မည့် ကုမ္ပဏီ ကို လိုအပ်ချက် ကို ပြောကာ တည်ဆောက်စေခြင်း သည် ဖြစ်နိုင် သမျှ လျှို့ဝှက်ထားသည့် နည်းဖြစ်သည်။ အသင့်ဆောက်လုပ်ပြီး လုံခြုံရေးအခန်း ကို လည်း ဝယ်ယူနိုင်သည်။
အိမ်သားဦးရေ နှင့် လုံခြုံရေးအခန်း၏ အကျယ်အဝန်း သည် တိုက်ရိုက်အချိုးကျ သည်။ တရားရေးဌာန၏ အရေးပေါ်အခြေအနေ အတွက် အကြံပြုချက်တွင် လူတစ်ဦးစီ အတွက် စတုရန်း ၁ဝ ပေလိုအပ်သည်ဟု ဖော်ပြထားသည်။ ထိုအကျယ်အဝန်း သည် လူတစ်ဦး အတွက် ငါးနာရီကြာ အသက်ကောင်းစွာ ရှူနေနိုင်သော အကျယ်အဝန်း ဖြစ်သည်။ တစ်နေရာတည်း တွင် အိမ်သား အားလုံးစုဝေး နေကြသည့်အခါ လူမှရှူထုတ်သော ကာဘွန်ဒိုင် အောက်ဆိုက်ဓါတ်ငွေ့ သည် အခန်းတွင်း ၌ မွန်းကြပ်ခြင်း၊ အသက်ရှူ မဝခြင်း တို့ ဖြစ်စေ မည် ဖြစ်သည်။
Credit: ဈေးကွက်ဂျာနယ်