အာရပ်စော်ဘွားများပြည်ထောင်စု၏ မြို့တော် အဘူဒါဘီတွင် လူသူကင်းမဲ့နေသည့် စွန့်ပစ်အဆောက်အအုံ ၂၂၀ လုံးကို ဖျက်သိမ်းခဲ့ပြီး အခြား အဆောက်အအုံ ၂၇၂ လုံးကိုလည်း ဆက်လက်ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်း အဘူဒါဘီစည်ပင်သာယာရေးအဖွဲ့ (ADM) က ထုတ်ပြန်ကြေညာခဲ့သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဘူဒါဘီနှင့် ဆင်ခြေဖုံးဒေသများရှိ စွန့်ပစ်အဆောက်အအုံပိုင်ရှင်များ
အနေဖြင့် စည်ပင်သာယာရေး၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ
လိုအပ်သည့်ဆောင်ရွက်မှုများ ပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဆိုသည်။
လူသူမရှိသည့် စွန့်ပစ်အဆောက်အအုံများသည် မြို့ပြအသွင်အပြင်ကို ပုံပျက်စေရုံမျှမက ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့်အပြင် အနီးဝန်းကျင်တွင် နေထိုင်သူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း အဘူဒါဘီစည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် စွန့်ပစ်အဆောက်အအုံများသည် အနီးဝန်းကျင် ဘေးကင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး အင်းဆက်များ၊ ကြွက်များ ပေါက်ဖွားရာနေရာဖြစ်နေကြောင်းလည်း စည်ပင်က သုံးသပ်ထားသည်။
အဘူဒါဘီ စည်ပင်အဖွဲ့သည် လက်ရှိအားဖြင့် စွန့်ပစ်အဆောက်အအုံ ၃၇ လုံးကို ဖျက်သိမ်းလျက်ရှိပြီး အခြားအဆောက်အအုံ ၂ လုံးကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။
အဘူဒါဘီ စည်ပင်သာယာရေးသည် အဘူဒါဘီ၊ မူစာဖာနှင့် အယ်လ် ဝါ့သ်ဘာအနီးဝန်းကျင်ရှိ လူသူမရှိသော စွန့်ပစ်အဆောက်အအုံများ ရှာဖွေဖော်ထုတ်လျက်ရှိရာ စက်မှုမြေကွက်နေရာများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆိုင်ခွဲများ၊ လူနေအဆောက်အအုံများနှင့် စုပေါင်းအိမ်ရာ အဆောက်အအုံများ ပါဝင်သည်ဟု ဆိုသည်။
ဖျက်သိမ်းမှုများကို အဘူဒါဘီရှိ ငါးဖမ်းဆိပ်ကမ်း၊ West 50 နှင့် East 14 အပိုင်းများ၊ Free Zone ၊ အယ်လ်ဆမ်ဟာအရပ်တို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)