တိုင်းဒေသကြီးနဲ့ပြည်နယ် (၅)ခုက အမှန်တကယ်လုပ်ကိုင်ခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက (၈)သိန်းကျော်ကို သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကျန်ဒေသတွေမှာ အထူးအဖွဲ့တွေနဲ့ စစ်ဆေးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။ အစိုးရအနေနဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေနဲ့ ပက်သက်ပြီး အမှန်တကယ်လုပ်ကိုင်ခြင်းမရှိတဲ့မြေတွေကို ပြန်လည်သိမ်းဆည်းဖို့ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလကနေစပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
' ဒီကိစ္စစလုပ်တုန်းကတော့ (၆)လလောက်ဆို ပြီးမယ်လို့ မှန်းကြတာပေါ့၊ နောက် လုပ်ရင်းလုပ်ရင်းနဲ့ ဒီနှစ်အထိ ရောက်လာတာပဲ၊ ဒီနှစ်ထဲမှာပြီးမလား မပြီးဘူးလားလဲ မပြောနိုင်သေးဘူး၊ တိုင်းဒေသကြီးကနေပဲ လက်တွေ့စစ်ဆေးနေတာဆိုတော့ သူတို့မြန်ရင် မြန်မှာပေါ့ ' လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။ လက်ရှိမှာ တိုင်းဒေသကြီး/ပြည်နယ် (၅)ခုဖြစ်တဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အထူးအဖွဲ့တွေနဲ့ လက်တွေ့စစ်ဆေးပြီး အစိုးရကနေ ပြန်သိမ်းမယ့်
မြေဧရိယာ စုစုပေါင်းဧက (၈)သိန်းကျော် (၈၂၁၈၂၉.၁၆) ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ပြန်သိမ်းဖို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီမြေတွေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ (၂၂)အပိုဒ်(ဂ)အရ ပြန်လည် သိမ်းဆည်းတာဖြစ်ပြီး သတ်မှတ်ကာလ (၄)နှစ်ပြည့်တဲ့အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် သိမ်းဆည်းတာ ဖြစ်ပါတယ်။
လက်တွေ့ ကွင်းဆင်းစစ်ဆေးတဲ့ အထူးအဖွဲ့တွေအနေနဲ့ တချို့နေရာတွေမှာ ရရှိထားတဲ့ မြေဧက စာရင်းတွေနဲ့ ကွဲလွဲမှုအချို့ရှိနေတာကို တွေ့ရပြီး အမှန်တကယ် လုပ်ကိုင်နေတဲ့ မြေဧကတွေကိုလည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ကိုင်မှုလက်မှတ် တစ်ပါးတည်း ထုတ်ပေးနေတယ်လို့ သိရပါတယ်။
Credit: The Kumudra