ဂျပန်အခြေစိုက် အိမ်ယာဖော်ဆောင်ရေးလုပ်ငန်းကုမ္ပဏီ Tama Home က ယခုအခါ မြန်မာနိုင်ငံမှာ ကွန်ဒိုမီနီယံ ဖက်စပ်လုပ်ငန်း ထူထောင်သွားဖို့ရှိနေပြီး ၀င်ငွေမြင့်အိမ်ဝယ်ယူသူတွေကို ဆွဲဆောင်သွားနိုင်ဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
Tama Home နဲ့ ပြည်တွင်း လုပ်ငန်းပါ့တနာ KakehashiReal Estate Group တို့က ကုမ္ပဏီသစ်တစ်ခုကို ထူထောင်သွားတော့မှာဖြစ်ပြီး လုပ်ငန်းပရောဂျက်တွေအတွက် ဦးဆောင် ကန်ထရိုက်တာအဖြစ် တာဝန်ယူလုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ စတုရန်းမီတာ ၅၄၁ ရှိမြေကွက်တစ်ခုမှာ စတင်ဖော်ဆောင်နေပြီး ယင်းမှာတော့ အထပ်ပေါင်း ၁၂ ထပ်ရှိ အဆောက်အအုံ အိမ်ယာ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းအောင်မြင်မှုအပေါ် မူတည်ပြီး Tama Home အနေနဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း ကွန်ဒိုဖော်ဆောင်မှုလုပ်ငန်းတစ်ခု ဒါမှမဟုတ် နှစ်ခုထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပြည်တွင်း ဂျပန်မှာတော့ Tama Home အနေနဲ့ ဈေးကွက် ကျုံ့ဝင်လာမှု၊ လူဦးရေ တိုးတက်မှု နည်းပါးလာမှုတို့နဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။ ယင်းအခြေအနေကို တုန့်ပြန်နိုင်ဖို့အတွက် ယင်းကုမ္ပဏီအနေနဲ့ နိုင်ငံရပ်ခြား ရောင်းအားပိုင်းကို၂၀၃၀ မတိုင်ခင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ တိုးမြင့်ရရှိနိုင်ဖို့ ကြိုးပမ်းနေလျက်ရှိပါတယ်။
ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ကမ္ဘောဒီးယားမှာ ယင်းရဲ့ ဈေးကွက်ကို ချဲ့ထွင်ဝင်ရောက်လုပ်ကိုင်နေခဲ့ပြီးနောက် ယခုအခါမှာ မြန်မာနိုင်ငံမှာလည်း ထပ်မံတိုးချဲ့ဝင်ရောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Credit SFJ Strategy First Journal