နေအိမ်တိုက်ခန်းများ ငှားရမ်းရာ၌ ဈေးမြင့်သည့်နေရာအချို့တွင် နှစ်ချုပ်နှင့် ငှား ရမ်းသူနည်းပါးလာပြီး အချို့တိုက်ခန်းများမှာ တစ်လချင်းပေးငှားရမ်းမှု ပိုမိုများပြားလာ ကြောင်း အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။
''အိမ်ငှားခတွေ ဈေးမြင့်လာကြတာတွေ ကြောင့်ပါ။ ၂ဝ၁၆ လောက်က တစ်လကို ကျပ် တစ်သိန်းဝန်းကျင်နဲ့ တစ်သိန်းအောက်အခန်း တွေက အခုကျပ်နှစ်သိန်းနီးပါး ဈေးမြင့်လာတယ်။ ခြောက်လစာလောက် စပေါ်တင်ထားပြီး တစ်လချင်းပေးတဲ့ပုံစံ ပြောင်းလာကြတယ်။ အရင်ကတစ်နှစ်ချုပ်လောက် ပေးငှားနိုင်ကြ ပေမယ့် အခုနောက်ပိုင်းမှာ ခြောက်လချုပ်၊ ၁ဝ လချုပ်ကိုပဲ အဆင်ပြေအောင် ရှာနေတာများတယ်''ဟု ကမာရွတ်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် မသက်သက်အောင်က ပြောသည်။
ကန်ထရိုက်တိုက်ခန်း ငှားရမ်းမှုများမှာ နှစ်ချုပ်စပေါ်ပေးငှားခြင်းက ပိုများပြီး တစ်လချင်းပေးငှားရသည့်တိုက်ခန်းများမှာ အခန်းကျဉ်းများ၊ ဒါဘာခန်းများ ပိုများပြီး အများအားဖြင့် လူငယ်ပိုင်း သင်တန်းတက်သူများနှင့် ဝန်ထမ်းများ စုပေါင်းငှားရမ်းနေထိုင်တတ် ကြောင်း သိရသည်။ ယခင်က ဈေးနှုန်း အဆမတန်မြင့်သည့် နေရာများတွင်သာ လပေးစနစ်နှင့် ငှားရမ်းမှု ရှိခဲ့သော်လည်း လက်ရှိတွင် ကန်ထရိုက်တိုက် များ၊ အတွင်းဘက်ကျသည့်နေရာများတွင် ငှားလာကြခြင်းဖြစ်သည်။ ငှားရမ်းခများအနေ ဖြင့် တစ်လလျှင် ကျပ် ၁၂ဝဝဝဝ ကျော်မှ ၂၅ဝဝဝဝ အထိ ရှိနေကြောင်းသိရသည်။
ဝသုန်အကျိုးဆောင်လုပ်ငန်းမှ ဦးမောင်ဝင်းက ''ဒါဘာအငှားဈေးကွက်များတာက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ သုဝဏ္ဏ၊ သာကေတတို့လို မြို့နယ်တွေမှာ များတယ်။ နယ်ကလာတဲ့သူတွေအချို့က အဆောင်မှာ မနေကြတော့ဘူး။ သူငယ်ချင်းတွေ စုပြီးငှား နေကြတယ်။ အမျိုးမျိုးပဲ တစ်ယောက်ထဲမို့ တစ်လချင်းပေးပြီး အဖော်သဘောနဲ့ ငှားကြတာတွေလဲရှိတယ်''ဟု ဆိုသည်။
ရန်ကုန်မြို့အတွင်း ငှားရမ်းနေထိုင်မှု များပြားလျက်ရှိသည့်နေရာများမှာ ယုဇန ဥယျာဉ်မြို့တော်၊ ရှုခင်းသာအိမ်ရာ၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တာမွေ၊ ကျောက်မြောင်း၊ ကမာရွတ်(လှည်းတန်း)၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့နယ် များဖြစ်ကြောင်း သိရသည်။
ယခင်က အိမ်ငှားခကို တစ်နှစ်စာ၊ နှစ်နှစ်စာ ကြိုချုပ်နိုင်ကြသော်လည်း ဈေးမြင့်လာ သည့်အလျှောက် နှစ်ချုပ်ချုပ်ရန် ခက်ခဲလာ ခြင်းဖြစ်သည်။ ယခုအခါ အများဆုံး နှစ်ရှည် ငှားရမ်းနေထိုင်သူများပင် တစ်နှစ်ခန့်သာ ချုပ် ဆိုနိုင်ကြတော့ကြောင်း အကျိုးဆောင်အချို့ နှင့် ငှားရမ်းနေထိုင်သူများထံမှ သိရသည်။
Credit: Yangon Media Group