မန္တလေးတိုင်း၌ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အခွန်စည်းကြပ်မှုအတွက် အများဆုံးအခွန်ပေးဆောင်သည့် လုပ်ငန်းရှင် ၁၀၀ အား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ဧပြီ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် နှစ်ခုစလုံးတွင် အများဆုံးပေးဆောင်သူအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ရရှိသည်။
‘‘ပြည်သူတွေရဲ့ လူမှုဘ၀ တွေ မြှင့်တင်ဖို့အတွက် ကျန်းမာ ရေး၊ ပညာရေးကဏ္ဍတွေလုပ်ဖို့ ဆိုတာ အခွန်ထမ်းတွေက အရေး ပါပါတယ်။ တာဝန်သိတတ်စွာနဲ့ အခွန်ပေးဆောင်တဲ့လူတွေကို အစိုးရက ဂုဏ်ပြုတဲ့အနေနဲ့ ပြန် အသိအမှတ်ပြုပါလားဆိုတာကို တခြားလုပ်ငန်းရှင်တွေလည်း သိ စေတဲ့အပြင် ထမ်းလာတဲ့ အခွန် တွေကို နိုင်ငံသားတွေအတွက် အကျိုးရှိရှိ သုံးစွဲတယ်ဆိုတာကို ကျွန်တော်တို့က ပွင့်လင်းမှုရှိစွာနဲ့ ပြသဖို့ လိုအပ်ပါတယ်’’ဟု မန္တ လေးတိုင်းဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းအစိုးရသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံးပေးဆောင် သူ လုပ်ငန်းရှင် ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန်အများဆုံးပေးဆောင် သူ လုပ်ငန်းရှင် ၅၀ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ ရာ New Star Light ဆောက် လုပ်ရေးကုမ္ပဏီက ၀င်ငွေခွန်ကျပ် တစ်ဘီလီယံကျော်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကျပ်တစ်ဘီလီယံ ကျော်ပေးဆောင်ခဲ့သဖြင့် အခွန်နှစ်ခုစလုံးတွင် အများဆုံးပေးဆောင်ခဲ့သည်။
‘‘နိုင်ငံသားတစ်ယောက်အ နေနဲ့ အခွန်ဆိုတာ မဖြစ်မနေပေး ဆောင်ရမှာ ဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ နိုင်ငံတော်မှာ လိုအပ်ချက်တွေ အများကြီးရှိနေ ပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးတို့လို ကဏ္ဍတွေပေါ့။ အခြေခံအဆောက်အအုံပိုင်းတွေ ဖွံ့ဖြိုးဖို့ အများကြီးလိုအပ်နေတဲ့အတွက် ကျွန်တော်တို့လို အခွန်ထမ်းတွေရှိဖို့ လိုအပ်ပါတယ်’’ဟု New Star Light ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း၌ ၀င်ငွေခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းငါးခုမှာ New Star Light ဆောက်လုပ်ရေးကုမ္ပဏီ၊ ကျော်ညိုမြတ်ကုမ္ပဏီ၊ Jin Long Myanmar Machinery Trading ကုမ္ပဏီ၊ စွမ်းအားမြင့်ကုမ္ပဏီနှင့် ဦးထွန်းဝင်းတို့ ဖြစ်သည်။
ကုန်သွယ်လုပ်ငန်းခွန်အ များဆုံးပေးဆောင်သည့် လုပ်ငန်း ငါးခုမှာ New Star Light ဆောက် လုပ်ရေးလုပ်ငန်း၊ Europe & Asia Commercial ကုမ္ပဏီ၊ ကျော်ညို မြတ်ကုမ္ပဏီ၊ Lucky လုပ်ငန်းစုနှင့်Jin Long Myanmar Machinery Trading ကုမ္ပဏီတို့ ဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီး ဌာနသည် မန္တလေးတိုင်းအတွင်း အခွန်ကောက်ခံရာတွင် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်အခေါင်းအခွန်နှင့် အောင်ဘာလေ သိန်းထီခွန်ဟူ၍ ငါးမျိုးကောက်ခံနေပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း အဆိုပါအခွန်အားလုံးမှ ကျပ် ၁၆၀ ဘီလီယံ ကောက်ခံရရှိကြောင်း ထုတ်ပြန်ထားသည်။
Credit: 7Daydaily