အမေရိကန်ပြည်ထောင်စုတွင် မိန်းကလေးကင်းထောက်လူငယ်များစခန်းချရာ ဧက ပေါင်း ၃၀၀ နီးပါးကျယ်ဝန်းသည့် ယာတောခြံကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ လောဒင်ဗေးလ်မြို့ကလေးတွင် တည်ရှိပြီး ၂၈၂ ဧက အကျယ်အဝန်းရှိသည်။
Mossy Oak Properties မှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ပိုင်ရှင်၏သစ်လုံးအိမ်၊ အခြားသစ်လုံးအိမ်များစွာ၊ ဇရပ် ၅ ခု၊ ရေကန်နှင့် ချောင်းငယ်အများအပြား၊ စီးဆင်းနေသည့် စမ်းချောင်းများစွာ ပါဝင်သည်။
ယာတောခြံဝန်းကျယ်ကြီးအတွင်း ဈေးကွက်တင်ရောင်းချနိုင်သည့် ကျွန်းပင်များလည်း ပါဝင်ပြီး လာမည့် နှစ် ၂၀ မှ နှစ် ၄၀ အထိ စဉ်ဆက်မပြတ်ထုတ်ယူရောင်းချသွားနိုင်သည်ဟု ဆိုသည်။
၂၀၀၂ ခုနှစ်အထိ မိန်းကလေးကင်းထောက်စခန်းအဖြစ် အသုံးပြုခဲ့ပြီး လူဦးရေ ၁၄၀ ခန့်အထိ အခြေပြုစခန်းချနိုင်သည်ဟု ဆိုသည်။
“အခု ရောင်းချသူက ဒီနေရာကို ဝယ်ခဲ့ပြီးနောက် အမဲလိုက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် အိမ်ခြံမြေနေရာအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်” ဟု Mossy Oak Properties မှ အကျိုးဆောင် ဘရိုင်ယန် ဘော်အာက ပြောကြားသည်။
ကလိဗ်လန်းနှင့် ကိုလံဘတ်မြို့များတွင် နေထိုင်သူများအတွက် နွေရာသီအပန်းဖြေရာနေရာသဖွယ်လည်း ဖြစ်နေပြီး မြို့ ၂ ခုလုံးသို့ မော်တော်ကားဖြင့် မိနစ် ၈၀ ခန့် ဝေးကွာပြီး မိုဟီကန် ပြည်နယ်ဥယျာဉ်နှင့် နီးစပ်သည်။
“လောဒင်ဗေးလ်သည် အိုဟိုင်းအိုးတွင် စခန်းချရန်နှင့် ကနူးလှေလှော်ရန် အချက်အခြာနေရာအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်” ဟု ဘော်အာက ဆိုသည်။
ဒေသတွင်းတွင် အားလပ်ရက်အပန်းဖြေရန်အတွက် စခန်းချမည့် သစ်လုံးအိမ်များ ရှားပါးလျက်ရှိနေရာ ယခုယာတောခြံကြီးတွင် လာရောက်စခန်းချလေ့ရှိကြခြင်း ဖြစ်သည်။
အိုဟိုင်းအိုပြည်နယ်၏ အခြားမြို့ပြဒေသများနှင့် မတူဘဲ ယခုခြံဝန်းကြီးသည် အလွန်ကျေးလက်ဆန်သည့်အရပ်ဖြစ်၏။
အနီးဆုံးတွင် လောဒင်ဗေးလ်မြို့ကလေးသာရှိပြီး လောဒင်ဗေးလ်တွင်ပင် လမ်းမကြီးများနည်းပါးလှပြီး လူသူရှင်းလှသော လမ်းများသာဖြစ်လေသည်။
'Hotel Hell' ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ရာ ဂေါ်ဒွန် ရမ်ဆေးရဲတိုက်ကြီးမှာ ယခုယာတောခြံအနီးတွင် တည်ရှိသည်။
အဆိုပါဇာတ်ကားကို ပြီးခဲ့သည့်နှစ်အတွင်းက ထုတ်လွှင့်ပြသခဲ့ပြီး ဖြစ်လေသည်။
ယခုခြံကြီးကို မည်သူများ ဝယ်ယူဖွယ် အလားအလာရှိပါသနည်း။ ဘုရားကျောင်းအုပ်စုတစ်ခု (သို့မဟုတ်) လုပ်ငန်းကြီးများမှ အနားယူလိုက်သော ပုဂ္ဂိုလ်များ ဝယ်ယူဖွယ်ရှိသည်ဟု ခန့်မှန်းရ၏။
ဤခြံကို ခြံဝန်းတစ်ခုလုံးဝယ်ယူနိုင်သကဲ့သို့ တစ်ကွက်၊ နှစ်ကွက်ခြင်းလည်း စိတ်ပိုင်းဝယ်ယူနိုင်သည်ဟု ဆိုသည်။ မြေကွက်များမှာ အနည်းဆုံး ၅ ဧကမှ ၈၆ ဧကအထိ အကျယ်အဝန်းများရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)