Forrest Gump ဇာတ်ကားဖြင့် ရုပ်ရှင်ပရိသတ်တို့၏ စိတ်နှလုံးကို ဖမ်းဆုပ်သိမ်းပိုက်ခဲ့သူ ကမ္ဘာကျော်သရုပ်ဆောင် တွမ်ဟင့်ခ်နှင့် ဇနီးဖြစ်သူ ရီတာ ဝီလ်ဆင်တို့သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့အနောက်ဘက် Pacific Palisades အရပ်ရှိ ကပ်လျက်ခြံဝန်းနှစ်ခုကို အရောင်းဈေးကွက်တင်လာသည်။
တွမ်ဟင့်ခ်တို့ ဇနီးမောင်နှံက အဆိုပါခြံဝန်းနှစ်ခုကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဈေးခေါ်ထားသည်။
တွမ်ဟင့်ခ်သည် ကယ်လီဖိုးနီးယား၏ ကမ်းရိုးတန်းရှုမျှော်ခင်းများကို မျက်စိတစ်ဆုံးတွေ့မြင်ရသည့် အဆိုပါခြံဝန်း ၂ ခုကို တပြိုင်တည်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်းကလည်း နှစ်ကြိမ်ဈေးကွက်တင်ခဲ့ဖူးပြီး ကန်ဒေါ်လာ ၈ ဒသမ ၇၅ သန်းနှင့် ကန်ဒေါ်လာ ၉ ဒသမ ၂၅ သန်း အသီးသီးဈေးခေါ်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။
ထိုစဉ်က ၈ ဒသမ ၇၅ သန်းဈေးခေါ်ခဲ့သည့်နေအိမ်မှာ စပိန်ဗိသုကာဟန်ဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ကာ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၃၉၃၀ ကျယ်ဝန်းသည်။
၉ ဒသမ ၂၅ သန်းဈေးခေါ်ခဲ့သည့်နေအိမ်မှာမူ ၁၉၅၇ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရိုးရာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ သစ်မာသားကြမ်းခင်းများ ခင်းကျင်းထားသည်။ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်ပြီး စတုရန်းပေ ၇၂၆၀ ကျယ်ဝန်းသည်။ မီးလင်းဖိုပါဝင်သည့် မိသားစုနားနေခန်း၊ မီးလင်းဖိုပါသည့် ဧည့်ခန်းတို့ ပါဝင်သည်။
နေအိမ်အတွင်းကစားခန်းနှင့် ရုပ်ရှင်ပြခန်းတို့ ပါဝင်သည်။
တွမ်ဟင့်ခ်သည် ယခုနေအိမ်များကို ရောင်းထုတ်လိုက်သော်လည်း အနီးဝန်းကျင်တွင်ပင် ဆက်လက်နေထိုင်သွားမည်ဖြစ်သည်။အဆိုပါဒေသတွင် တွမ်ဟင့်ခ်ပိုင်ဆိုင်ထားသည့် အခြားနေအိမ် ၂ လုံးရှိသေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)