ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ ကညင်ချောင်း စီးပွားရေးဇုန်ကို ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ကညင်ချောင်း စီးပွားရေးဇုန်၌ ဆောက်လုပ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီး လျှပ်စစ်မီးရရှိရေး၊ ဇုန်တွင်းလမ်းများ ဖောက်လုပ်ရေး၊ လုပ်သား အိမ်ခန်းများနှင့် စားသောက်ဆိုင်များ တည်ဆောက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်တည်းက စတင်လုပ်ခဲ့တာပါ။ ဇုန်တည်ဆောက်ရေးအတွက် အစိုးရက ၆၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကက ၄၀ ရာခိုင်နှုန်း ကျခံပြီး ဆောင်ရွက်မှာပါ”ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။
မောင်တောနယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်မှာ ၉၀ ရာခိုင်နှုန်းရှိပြီး သွင်းကုန်မှာ ၁၀ ရာခိုင်နှုန်း ရှိသည့်အတွက် ကညင်ချောင်း စီးပွားရေးဇုန်တွင် လယ်ယာထွက်ကုန်ကြမ်းများမှ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းနှင့် ခေတ်မီသိုလှောင်ရုံများ တည်ဆောက်နိုင်ပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ဈေးကွက်အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ကညင်ချောင်း စီးပွားရေးဇုန်ရှိ မြေဧက ၅၀ ပေါ်တွင် ကုန်သိုလှောင်ရုံ အနည်းငယ် တည်ဆောက်ထားပြီး ဆိပ်ခံ တံတားနှစ်စင်း တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဆိပ်ခံတံတားတွင် တန်ချိန် တစ်ထောင်ဝန်းကျင်ရှိ ကုန်သင်္ဘောများ ဆိုက်ကပ်နိုင်ကြောင်း မောင်တောသို့ လေ့လာရေး ခရီးသွားရောက်ခဲ့သည့် ကုန်သည်စက်မှု အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးက ပြောကြားသည်။
Credit: The Voice